News @ M-Media

Blog

  • ယာယာတိုးယေး နိုင်ငံတကာကစားသမားဘ၀မှ အနားယူ

    ယာယာတိုးယေး နိုင်ငံတကာကစားသမားဘ၀မှ အနားယူ

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    tore

    – မန်ချက်စတာစီးတီးအသင်း၏ အိုက်ဗရီကို့စ်ကွင်းလယ်လူ ယာယာ တိုးယေးက ၎င်းအနေဖြင့် နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူလိုက်ပြီဟု ကြေငြာခဲ့သည်။

    အသက် ၃၃ နှစ်အရွယ်ရှိ တိုးယေးမှာ ၂၀၀၄ ခုနှစ်မှစ၍ အိုက်ဗရီကို့စ် လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခွင့် ရခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အိုက်ဗရီကို့စ်အသင်းက အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း နိုင်ငံအသင်းမှ အနားယူထားသည်။

    မတ်လက အသင်းလူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ယနေ့တွင်မူ တိုးယေးက အနားယူကြောင်း Twitter စာမျက်နှာမှတစ်ဆင့် ကြေငြာခဲ့သည်။

    “ချမှတ်ဖို့ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ မျိုးဆက်သစ်တွေကို လမ်းဖွင့်ပေးရပါမယ်။ နိုင်ငံအသင်းအတွက် ၁၄ နှစ်ကြာ ကစားပြီးတဲ့နောက်ပိုင်းမှာ အိုက်ဗရီကို့စ်နဲ့အတူ စွန်စားမှုကို ကျွန်တော် အဆုံးသတ်ပါတော့မယ်။ အားပေးသူတွေ၊ ကျွန်တော့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု တိုးယေးက ၎င်း၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်ရှိတွင် တိုးယေးမှာ မန်စီးတီးအသင်းတွင် ရုန်းကန်နေရပြီး နည်းပြသစ် ဂွာဒီယိုလာအောက်တွင် အရေးပါသည့်ပွဲ တစ်ပွဲသာ ပါဝင်ကစားခွင့် ရထားသည်။

    Ref: Goal

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ တွေ့ဆုံကာ ပြဿနာများ ဖြေရှင်းရေး သဘောတူခဲ့ကြ

    ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ တွေ့ဆုံကာ ပြဿနာများ ဖြေရှင်းရေး သဘောတူခဲ့ကြ

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    hasina
    ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်နေ့က နေပြည်တောင်ရှိ လွှတ်တော်အဆောက်အဦးတွင် တွေ့ဆုံကြစဉ်

    – နှစ်နိုင်ငံအကြားရှိနေသည့် ကိစ္စရပ်များကို ဆွေးနွေးမှုနည်းလမ်းမှတစ်ဆင့် ဖြေရှင်းသွားမည်ဟု မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိခ်ဟာဆီနာတို့က သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    နယူးယောက်ရှိ ကုလရုံးချုပ်တွင် ပြုလုပ်နေသည့် ၇၁ ကြိမ်မြောက် အထွေထွေညီလာခံတွင် ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံစဉ် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ပြန်ကြားရေးအရာရှိ အစ်ဟ်ဆာနူလ် ကရမ်င်ကမူ ၎င်းတို့နှစ်ဦးမှာ နှစ်နိုင်ငံအကြား အဓိကထားရမည့် ပြဿနာများအကြောင်းကို ဆွေးနွေးခဲ့ကာ ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းရန် သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း ရှိခ်ဟာဆီနာက ရခိုင်ပြည်နယ်အရေးဖြေရှင်းရန် ဖွဲ့စည်းထားသည့် ကိုဖီအန်နန်ဦးဆောင်သော အကြံပေးကော်မရှင်ကို ကြိုဆိုသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒအား လုံးဝ သည်းမခံသည့် ပေါ်လစီကို ကျင့်သုံးပြီး မိမိတို့မြေကို အသုံးပြု၍ အခြားနိုင်ငံများတွင် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို မည်သည့်အခါမှ ခွင့်ပြုသွားမည်မဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

    မိမိတို့မှာ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေကြောင်းလည်း ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

    ထို့နောက် ၀န်ကြီးချုပ်၏ ဘင်္ဂလားဒေ့ရှ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်က လက်ခံခဲ့သည်။

    Ref: prothom-alo.com

  • ယခုနှစ် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားအရေအတွက် ၄ ရာခိုင်နှုန်းကျော် တက်လာ

    ယခုနှစ် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားအရေအတွက် ၄ ရာခိုင်နှုန်းကျော် တက်လာ

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    tour

    – ယခုနှစ် ပထမ ၇ လအတွင်း မြန်မာနိုင်ငံသို့ လေကြောင်းနှင့် ရေကြောင်းဝင်ပေါက်များမှ ရောက်ရှိလာသည့် ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ၇၅၀၀၀၀ နီးပါး ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း လာရောက်ခဲ့သည့် ခရီးသွားအရအတွက်မှာ ၇၄၀၇၇၇ ဦး ရှိနေပြီး ထိုအထဲမှ ၃၀၀၀၀၀ ၀န်းကျင်မှာ ခရီးသွားဗီဇာဖြင့်လည်းကောင်း၊ ၄၅၀၀၀၀ မှာ စီးပွားရေးဗီဇာ၊ ကျောင်းသားဗီဇာတို့အပါအ၀င် အခြားသော ဗီဇာများဖြင့် လာရောက်ခြင်းဖြစ်သည်။

    ထိုပမာဏမှာ ၂၀၁၅ ခုနှစ် ပထမ ၇ လနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းကျော် တိုးတက်လာခြင်းဖြစ်ပြီး ခရီးသွားကဏ္ဍအား စောင့်ကြည့်သူများကမူ အောက်တိုဘာလ အလယ်ပိုင်းတွင် ပြန်လည်စတင်မည့် ခရီးသွားရာသီအတွင်း နောက်ထပ် ၅ သိန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည်။ ထိုခန့်မှန်းထားချက်အတိုင်း ဖြစ်ပေါ်လာပါက ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားအရေအတွက်မှာ ၁ သန်း ကျော်မည်ဖြစ်သည်။

    ပထမ ၇ လအတွင်း ခရီးသွားဗီဇာဖြင့် လာရောက်သည့် ခရီးသွားများတွင် ၂ သိန်းကျော်မှာ ရန်ကုန်လေဆိပ်မှလည်းကောင်း၊ ၂၀၀၀၀ ကျော်မှာ မန္တလေးလေဆိပ်မှလည်းကောင်း၊ ၂၀၀၀ ကျော်မှာ နေပြည်တော်လေဆိပ်မှလည်းကောင်း၊ ၈၃၄၇ ဦးမှာ ရေလမ်းကြောင်းမှလည်းကောင်း လာရောက်ခြင်းဖြစ်သည်။

    ယခုထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းမှာ ကုန်းလမ်းမှ လာရောက်သည့် ခရီးသွားများ၏ အရေအတွက် မပါဝင်ဘဲ မြန်မာခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေး ကော်မတီမှ အကြံပေးဖြစ်သူ ဒေါက်တာအောင်မြတ်ကျော်က ကုန်းလမ်းမှ လာရောက်သည့် ခရီးသွားအရေအတွက်မှာ လေကြောင်း၊ ရေလမ်းကြောင်းတို့မှ လာရောက်သူများထက် ၃ ဆ များပြားနိုင်သည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားအရေအတွက် ၄.၆၈ သန်းရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရပြီး ထိုအထဲမှ ၃.၇ သန်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှတစ်ဆင့် ၀င်ရောက်ခြင်းဖြစ်သည်။ ယခုနှစ်အတွင်း ခရီးသွား စုစုပေါင်း ၅.၅ သန်း လာရောက်မည်ဟု ခန့်မှန်းထားသည်။

    Ref: Irrawaddy

  • ဖိလစ်ပိုင်သမ္မတ၏ မူးယစ်နှိမ်နင်းမှုစီမံကိန်း သက်တမ်းတိုးမည်

    ဖိလစ်ပိုင်သမ္မတ၏ မူးယစ်နှိမ်နင်းမှုစီမံကိန်း သက်တမ်းတိုးမည်

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    duterte

    – ၅ လအတွင်း လူပေါင်း ၃၀၀၀ ခန့် သေဆုံးပြီး နိုင်ငံတကာမှ ဝေဖန်မှုများကို ခံနေရသော်လည်း မိမိ၏ မူးယစ်နှိမ်နှင်းရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်သည်။

    “ကျွန်တော် သမ္မတမဖြစ်ခင်အချိန်အထိ မူးယစ်ဆေးဝါးဟာ နိုင်ငံအတွင်းမှာ ဘယ်လောက်ဆိုးဝါးပြီး တိုင်းပြည်ကို ဘယ်လောက်ခြိမ်းခြောက်နေလဲဆိုတာ မသိခဲ့ပါဘူး” ဟု အသက် ၇၁ နှစ်အရွယ် ဒူတာတေးက ၎င်း၏ ဇာတိဖြစ်သော ဒါဗာအိုမြို့တွင် တနင်္ဂနွေနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ဖြိုခွင်းမှုမှာ တီကောင်ကို တွင်းမှ ထွက်လာစေခြင်းဖြစ်ကြောင်း၊ နှိမ်နှင်းမှု အဆုံးသတ်စေရန်အတွက် စီမံကိန်းကို ခြောက်လ ထပ်တိုးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    “ကျွန်တော် ဆန္ဒရှိရင်တောင်မှ သူတို့အားလုံးကို ကျွန်တော် မသတ်နိုင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ နောက်ဆုံးအစီရင်ခံစာဟာ တော်တော်လေး ထူသွားမှာကြောင့်ပါပဲ” ဟု အစိုးရထိပ်တန်း အဏာပိုင်များအပါအ၀င် မူးယစ်လုပ်ငန်းတွင် ပါဝင်နေသူများနှင့်ပတ်သက်၍ မကြာသေးမီက ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို ဒူတာတေးက ရည်ညွှန်းပြောကြားခဲ့သည်။

    ဒူတာတေး သမ္မတရာထူးရယူချိန်မှစ၍ နှစ်လကျော်ခန့်အတွင်း မူးယစ်ဆေးဝါးသံသယရှိသူ ၁၁၀၅ ယောက်ကို သုတ်သင်ခဲ့ပြီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    နောက်ထပ် သေဆုံးသွားသူ ၂၀၃၅ ဦးမှာ အမည်မသိ တိုက်ခိုက်ရေးသမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး လူ့အခွင့်အရေးအဖွဲ့များကမူ ရာဇ၀တ်ကောင်းများအား ကူညီသတ်ဖြတ်ပေးရန် ဒူတာတေး၏ ဆော်သြမှုကြောင့် ပြည်သူ့စစ်များက သတ်ဖြင်ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref : Bangkokpost

  • မော်ရင်ဟို၏ စီမံမှုကို မန်ယူနည်းပြဟောင်း ဝေဖန်

    မော်ရင်ဟို၏ စီမံမှုကို မန်ယူနည်းပြဟောင်း ဝေဖန်

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mori

    – အိုးထရက်ဖို့ဒ်တွင် အောင်မြင်လိုပါက မော်ရင်ဟိုအနေဖြင့် အသင်းသားများအား မယုံကြည်စိတ် ထည့်ပေး၍ မရဟု မန်ယူနည်းပြဟောင်း ရွန် အတ်ကင်ဆန်က ပြောကြားလိုက်သည်။

    မော်ရင်ဟိုကိုင်တွယ်သည့် မန်ယူမှာ ရာသီအစ ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ၁၀ ရက်အတွင်း မြို့ခံပြိုင်ဘက် မန်စီးတီး၊ အသင်းငယ် ၀က်ဖို့ဒ်တို့ အပါအ၀င် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ မော်ရင်ဟိုကမူ ၎င်း၏ ယခင်ပေါ်လစီအတိုင်း မန်စီးတီးနှင့် ၀က်ဖို့ဒ်တို့အား ရှုံးနိမ့်မှုအတွက် ဒိုင်လူကြီးများကို အပြစ်တင်ခဲ့သည်။

    သို့သော်လည်း ၁၉၈၃ နှင့် ၁၉၈၅ ခုနှစ်များတွင် မန်ယူအသင်းအတွက် FA ဖလားများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြဟောင်း အတ်ကင်ဆန်ကမူ မော်ရင်ဟို၏ အသင်းအား စီမံခန့်ခွဲမှုမှာ အလုပ်ဖြစ်မည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    “သူကိုင်တဲ့အသင်းတွေမှာ မယုံကြည်စိတ်ထည့်ပေးထားမျိုးကို ကျွန်တော် သဘောမကျပါဘူး။ အသင်းသားတွေကို ထိထိရောက်ရောက် ကာကွယ်လိုတာက အပြစ်မဟုတ်ပေမယ့် လူတိုင်းကို ရန်သူလို့ သဘောထားရမှာမျိုးတော့ မဟုတ်ပါဘူး။ ဒီလိုချဉ်းကပ်မှုမျိုးဟာ မန်ယူမှာ အလုပ်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဒါမျိုးဟာ အသင်းမှာအကြပ်အတည်း ဖြစ်လာနိုင်လို့ပါ”

    ထို့ပြင် မန်ယူမှာ အသင်းကြီးတစ်သင်းဖြစ်သောကြောင့် အားလုံးကို ရန်သူကဲ့သို့ သဘောထားနေခြင်းမှာ အသင်းအတွက် မိတ်ဆွေများ ဆုံးရှုံးသွားစေနိုင်ကြောင်း အတ်ကင်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal