News @ M-Media

Blog

  • ဂါဇာကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်၊ အနည်းဆုံး ပြည်သူ ၁၅ ဦး သေဆုံး

    ဂါဇာကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်၊ အနည်းဆုံး ပြည်သူ ၁၅ ဦး သေဆုံး

    သြဂုတ် ၆၊ ၂၀၂၂
    M-Media

    -အစ္စရေးဟာ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ကို မနေ့ကစတင်ကာ လေကြောင်းကတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့ Islamic Jihad ကို လက်ဦးမှု ရယူတိုက်ခိုက်တာလို့ အစ္စရေးက ထုတ်ပြန်ထားပေမယ့် လူနေထူထပ်တဲ့နေရာတွေကို တိုက်ခိုက်ဖျက်ဆီးနေတာပါ။

    ဒီစစ်ဆင်ရေးဟာ တစ်ပတ်လောက်ကြာမယ်လို့လည်း အစ္စရေးက ပြောပါတယ်။

    ၂ ရက်တာကြာမြင့်နေပြီးဖြစ်တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း အထပ်မြင့်အဆောက်အဦးအပါအ၀င် လူနေအိမ် ဒါဇင်နဲ့ချီ ပျက်ဆီးခဲ့ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါ၀င်ပါတယ်။

    အစ္စရေးရဲ့တိုက်ခိုက်မှုကို လက်တုန့်ပြန်တဲ့အနေနဲ့ Islamic Jihad အဖွဲ့က အစ္စရေးဖက်ကို ဒုံးကျည်ရာချီ ပစ်လွှတ်ခဲ့ပါတယ်။

    ပါလက်စတိုင်းပြည်သူ ၂ သန်းလောက်နေထိုင်တဲ့ ဂါဇာကမ်းမြှောင်ကို အစ္စရေးက ဘက်စုံ ပိတ်ဆို့ထားတာကြောင့် ကမ္ဘာ့အကြီးဆုံး လဟာပြင်ထောင်လို့ အမည်တွင်ပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့တွေကို ခေါင်းစဥ်တပ်ပြီး ဂါဇာက လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ အခြားအဆောက်အဦးတွေကို မကြခဏ တိုက်ခိုက်ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • မြန်မာစစ်ကောင်စီကို ရှုတ်ချရင်း ပြီးဆုံးသွားတဲ့ အာဆီယံ အစည်းအ၀ေး

    မြန်မာစစ်ကောင်စီကို ရှုတ်ချရင်း ပြီးဆုံးသွားတဲ့ အာဆီယံ အစည်းအ၀ေး

    သြဂုတ် ၆၊ ၂၀၂၂
    M-Media

    -အာဆီယံ သဘောတူညီချက်ကို အကောင်အထည်မဖော်တဲ့ စစ်ကောင်စီကို ‘အလွန်အမင်း စိတ်ပျက်တယ်’ လို့ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးက ထုတ်ပြန်ပါတယ်။

    အခုသီတင်းပတ် အစပိုင်းက စတင်ကျင်းခဲ့တဲ့ ဒီအစည်းအ၀ေးကို စစ်ကောင်စီခန့် နိုင်ငံခြားရေး၀န်ကြီး တက်ရောက်ခွင့် မရပါဘူး။

    အစည်းအ၀ေးနောက်ဆုံးနေ့ဖြစ်တဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ မြန်မာစစ်ကောင်စီက သဘောတူထားတဲ့ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်တဲ့အတွက် အလွန်အမင်း စိတ်ပျက်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး တိုးတက်မှု ရှိ၊ မရှိကို စောင့်ကြည်မှာဖြစ်ပြီး၊ လာမယ့်နို၀င်ဘာမှာ လုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအ၀ေးမှာ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ ဆုံးတ်ဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။

    “မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့ အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံရေး ပြဿနာ တာရှည်နေတာ၊ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာတွေအတွက်လည်း စိုးရိမ်မိပါတယ်”

    ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ရင် မြန်မာ့အရေး ကိုင်တွယ်ဖို့အတွက် နောက်တစ်နည်း စဥ်းစားသွားမယ်လို့ အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က အစည်းအ၀ေး အဖွင့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာစစ်တပ်က ရိုဟင်ဂျာများကို ရှင်းလင်းသည့် အထောက်ထားသစ်များကို ရိုက်တာသတင်းဌာနက ဖော်ပြ

    မြန်မာစစ်တပ်က ရိုဟင်ဂျာများကို ရှင်းလင်းသည့် အထောက်ထားသစ်များကို ရိုက်တာသတင်းဌာနက ဖော်ပြ

    သြဂုတ် ၅၊ ၂၀၂၂
    M-Media

    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းဖို့ မြန်မာစစ်တပ်က နှစ်နဲ့ချီ စီစဥ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ရိုက်တာသတင်းဌာနက ထပ်မံ ဖော်ထုတ်လိုက်ပါတယ်။

    မြန်မာစစ်တပ်ရဲ့ မှတ်တမ်းမှတ်ရာ ထောင်ချီကို စစ်ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူတွေ ရယူနိုင်ခဲ့ပြီး တစ်ချို့ကို ရိုက်တာသတင်းဌာနထံ မျှ၀ေခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မြန်မာစစ်တပ်ရဲ့ တပ်တွင်း စာရွက်စာတမ်းတွေ၊ လေ့ကျင်ရေး လက်စွဲစာအုပ်၊ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့မှာ အသုံးပြုတဲ့ ပါ၀ါပွိုင့်ဖိုင် စတာတွေ ပါ၀င်ပါတယ်။

    ရိုဟင်ဂျာလူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းနိုင်ရေး မြန်မာစစ်တပ်ရဲ့ အစီအစဥ်ချမှတ်မှု၊ တပ်မှူးတွေရဲ့ လျှို့၀ှက် အစည်းအ၀ေး ဆွေးနွေးဆုံးဖြတ်ချက်တွေ၊ ရိုဟင်ဂျာတွေကို မကောင်းဆိုး၀ါးအဖြစ် စနစ်တကျ ပုံဖော်မှုတာ၊ ရိုဟင်ဂျာရှင်းလင်းရေးမှာ ပါ၀င်နိုင်ဖို့ ပြည်သူ့စစ်ဖွဲ့စည်းတာ၊ အမျိုးသားရေး ဘုန်းကြီးတွေက ဒီကိစ္စမှာ ပူးပေါင်းပါ၀င်ခဲ့တာ စတာတွေကို ဒီအထောက်အထားတွေမှာ တွေ့ခဲ့ရပါတယ်။

    ဒီအထောက်အထားတွေကို အကျိုးအမြတ်မယူတဲ့ အဖွဲ့ Commission for International Justice and Accountability (CIJA) က ပြီးခဲ့တဲ့လေးနှစ် လုံးလုံး လျှို့၀ှက် စုံစမ်းစုဆောင်းခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဆို အရေးယူနိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပြီး ရရှိတဲ့ မှတ်တမ်းတွေဟာ စာမျက်နှာ ၂၅၀၀၀ စာ ရှိပါတယ်။

    CIJA မှာ ဘော့စနီးယား၊ ရ၀မ်ဒါနဲ့ ကမ္ဘောဒီးယားတို့မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုန်းသဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ကျွမ်းကျင်သူတွေ၊ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာတွေကို ကျွမ်းကျင်တဲ့ ရှေ့နေတွေ ပါ၀င်ပါတယ်။

    CIJA က ရရှိတဲ့ မြန်မာစစ်တပ်ရဲ့ စာရွက်စာတမ်းတွေမှာ တစ်ခြားဒေသတွေက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မြန်မာစစ်တပ်က စနစ်တကျ လုပ်ဆောင်နေတဲ့ ကျူးလွန်မှု အထောက်အထားတစ်ချို့လည်း ပါ၀င်ပါတယ်။

    “လူတွေကို အစုလိုက်အပြုံလိုက် ရှင်းလင်းဖို့ ရည်ရွယ်ချက် ရှိနေတယ်ဆိုတာ ဒီမှတ်တမ်းတွေထဲမှာပါတဲ့ အချက်တိုင်းက ညွှန်ပြနေပါတယ်” လို့ CIJA ဘုတ်အဖွဲ့၀င်တစ်ဦးဖြစ်တဲ့ စတီဖင် ရက်ပ်က ပြောပါတယ်။

    ရက်ပ်ဟာ စစ်ရာဇ၀တ်မှုဆိုင်ရာတွေကို လေ့လာဖော်ထုတ်နေတဲ့ အမေရိကန် သံတမန်ဟောင်းဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် စစ်တပ်က ရိုဟင်ဂျာတွေကို နောက်တစ်ကြိမ် သတ်ဖြတ်မောင်းထုတ်မှု မဖြစ်ခင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ရိုဟင်ဂျာတွေများလာကြောင်း၊ ဗုဒ္ဓဘာသာ၀င်တွေအနေနဲ့ ကိုယ့်နေရာမှာပဲ ကိုယ်နေဖို့ လိုအပ်ကြောင်း မှာကြားခဲ့တာကိုလည်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

    ရိုဟင်ဂျာတွေကို ရှင်းလင်းရေးမှာ အမျိုးသားရေးဘုန်းကြီးတွေလည်း ပူးပေါင်းပါ၀င်ခဲ့တာကို အချက်အလက်တွေက ညွှန်ပြနေပါတယ်။

    ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းလောက်က ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရ အဖွဲ့၀င်တွေ ရခိုင်မြောက်ပိုင်းကို သွားရောက်ကာ အမျိုးသားရေးဘုန်းကြီးတွေနဲ့ တွေ့ဆုံခဲ့ရာမှာ ဘုန်းကြီးတွေက ‘ခိုး၀င်ဘင်္ဂါလီတွေက တိုင်းရင်းသားတွေကို သတ်ဖြတ်ပြီး’ နယ်မြေလုဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့တာကို CIJA ရရှိတဲ့ စာရွက်စာတမ်းတစ်ခုမှာ တွေ့ရပါတယ်။ ဘုန်းကြီးတစ်ပါးဆိုရင် တစ်ခုခုလုပ်ဖို့ လိုအပ်နေတယ်လို့ပါ ပြောခဲ့ပါတယ်။

    စစ်တပ်နဲ့ အမျိုးသားရေးဘုန်းကြီးတွေ ပူးပေါင်းပြီး ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းခဲ့တာကို မှတ်တမ်းတွေမှာ တွေ့ရပြီး ဒါကို အမည်မဖော်လိုတဲ့ မြန်မာစစ်တပ် တာ၀န်ရှိသူဟောင်းနှစ်ဦးက အတည်ပြုခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကို ရှင်းလင်းတဲ့ကိစ္စမှာ ပါ၀င်ပတ်သက်ခဲ့သူတွေ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၀င်ဟောင်းတွေ၊ လွှတ်တော်အမတ်တစ်ဦး၊ ဒေသခံ ရခိုင်လူမျိုးတွေ၊ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့၀င်ဟောင်း စုစုပေါင်း တစ်ဒါဇင်ကျော်လောက်ကို တွေ့ဆုံမေးမြန်းကာ CIJA က ရရှိတဲ့ မှတ်တမ်းတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထည့်သွင်းရေးသားထားပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားမှု မပြုခဲ့ဘူးလို့ ဆိုပါတယ်။

    Ref: Reuters

  • မြန်မာစစ်ခေါင်းဆောင်များကို ကိုင်တွယ်နိုင်ရေး အာဆီယံက ဗျူဟာပြောင်းမည်

    မြန်မာစစ်ခေါင်းဆောင်များကို ကိုင်တွယ်နိုင်ရေး အာဆီယံက ဗျူဟာပြောင်းမည်

    သြဂုတ် ၄၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသူတွေကို ဆက်လက် သတ်ဖြတ်နေအုံးမယ်ဆိုရင် သဘောတူညီချက် ၅ ချက် ဗျူဟာကို ပြောင်းရလိမ့်မယ်လို့ အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

    ဖနွမ်းပင်မြို့မှာ လုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ ဟွန်ဆန်က ဒီလို ပြောကြားလိုက်တာပါ။ ဒီအစည်းအ၀ေးကို စစ်ကောင်စီ နိုင်ငံခြားရေး၀န်ကြီး တက်ရောက်ခွင့် မရပါဘူး။

    အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံက မူ ၅ ချက် ချမှတ်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်က သဘောတူခဲ့ပေမယ့် အခုအချိန်အထိ အကောင်အထည်ဖော်မှု မရှိပါဘူး။

    အဖွဲ့၀င်နိုင်ငံတွေ ဖြစ်ချင်တဲ့အတိုင်း သဘောတူညီချက် ၅ ရပ် အကောင်အထည်မပေါ်လာပေမယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့နေရာမှာတော့ တိုးတက်မှုတွေ ရှိတယ်လို့ ဟွန်ဆန်က ပြောပါတယ်။

    ဒါပေမယ့် ဖမ်းထားတဲ့အကျဥ်းသားတွေကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အတွက် အခြေအနေက သိသိသာသာ ပြောင်းလဲသွားပြီး ငြိမ်းချမ်းရေး မဆောင်ရွက်နိုင်ခင် ပိုဆိုးဖို့ ရှိနေတယ်လို့ ဟွန်ဆန်က ထည့်သွင်း သတိပေးခဲ့ပါတယ်။

    “အကျဥ်းသားတွေကို ဆက်သတ်နေအုံးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍနဲ့ သဘောတူညီချက် ၅ ရပ်ကို ပြန်စဥ်းစားရတော့မှာပါ”

    အာဆီယံအဖွဲ့မှာ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့ အပါအ၀င် တစ်ချို့နိုင်ငံတွေက စစ်ကောင်စီကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုလားနေကြတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ခေတ်မီမြို့သစ်တွင် အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး ဆော်ဒီ လျှောက်ထား

    ခေတ်မီမြို့သစ်တွင် အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး ဆော်ဒီ လျှောက်ထား

    သြဂုတ် ၄၊ ၂၀၂၂
    M-Media

    -၂၀၂၉ ခုနှစ်မှာလုပ်မယ့် ဆောင်းရာသီ အာရှအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေးအတွက် ဆော်ဒီအာရေဗျနိုင်ငံက အာရှ အိုလံပစ်ကောင်စီ (OCA) ထံ လျှောက်ထားလိုက်ပါတယ်။

    ၂၀၃၀ ဘက်စုံဖွံ့ဖြိုးရေး ရည်မှန်းချက်မှာ ပါ၀င်တဲ့ ခေတ်မီမြို့သစ် နီအွန် (NEOM) မှာ ကျင်းပနိုင်ဖို့ ဆော်ဒီက စီစဥ်နေတာဖြစ်ပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း သဘူးက်ဒေသမှာရှိတဲ့ တောင်ပေါမြို့ နီအွန်ကို ကမ္ဘာလှည့်ခရီးသွား အချက်အခြာနေရာ ဖြစ်လာအောင် ဆော်ဒီက ရည်ရွယ်တည်ဆောက်နေတာပါ။

    ဆော်ဒီ အိုလံပစ်ကော်မတီအကြီးအကဲ မင်းသား အဘ်ဒူလ်အဇစ်က ဆော်ဒီရဲ့ ကြွယ်၀တဲ့ သဘာ၀အမွေအနှစ်တွေကို အာရှအိုလံပစ်မိသားစု၀င်တွေထံ မျှ၀ေခံစားစေလိုတဲ့အတွက် ပြိုင်ပွဲကျင်းပဖို့ လျှောက်ထားရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

    ၂၀၂၅ ခုနှစ် အာရှ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တောင်ကိုရီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး၊ ၂၀၂၉ ခုနှစ်အတွက် အိမ်ရှင်ရွေးချယ်မှုကို အာရှအိုလံပစ်ကောင်စီက အခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: Saudi Gazette

    (ဓာတ်ပုံ – နီအွန်မြို့ဒီဇိုင်း)