News @ M-Media

လက်ဘနွန်တွင် ပြည်သူများက ဘဏ်အပ်ငွေများကို လက်နက်ကိုင်ကာ ၀င်ထုတ်မှု ဖြစ်နေ

စက်တင်ဘာ ၁၆၊ ၂၀၂၂
M-Media

-လက်ဘနွန်နိုင်ငံမှာ ပြည်သူတွေက သူတို့အပ်ထားတဲ့ ငွေကြေးတွေကို ဘဏ်တွေမှာ လက်နက်ကိုင်ပြီး ခြိမ်းခြောက် ၀င်ထုတ်မှုတွေ ဖြစ်ပွားနေပါတယ်။

ဒီကနေ့ တစ်ရက်တည်းမှာပဲ ဘဏ် ၈ ခုမှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံမှာ စီးပွားရေးအကြပ်အတည်းကြောင့် ဘဏ်တွေက ငွေကိုအကန့်အသတ်နဲ့သာ ထုတ်ပေးနေတာပါ။

နိုင်ငံခြားက၀င်လာတဲ့ ဒေါ်လာတွေကိုလည်း လက်ဘနွန်ငွေကြေးနဲ့ လဲပြီးမှာသာ ထုတ်ပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။ ဘဏ်ကပေးတဲ့ ငွေလဲနှုန်းဟာ အပြင်ကနှုန်းထက် အများကြီး နည်းပါတယ်။

အပ်ထားတဲ့ငွေတွေကို လက်နက်ကိုင်ပြီး ၀င်ထုတ်ရာမှာ တစ်ချို့တွေက သေနတ်အစစ်မဟုတ်ဘဲ အရုပ်သေနတ်တွေကို အသုံးပြုတာတွေလည်း ရှိပါတယ်။

နိုင်ငံတောင်ပိုင်း ဂါဇီဒေသမှာဆိုရင် အမျိုးသားတစ်ဦးက သူအပ်ထားတဲ့ ဒေါ်လာ ၁၉၂၀၀ ကို အရုပ်သေနတ်ကိုင်ကာ ထုတ်ယူခဲ့ပြီး ပိုက်ဆံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့ပါတယ်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် လက်ဘနွန်ဘဏ်တွေဟာ လာမယ့်တစ်ပတ်မှာ အနည်းဆုံး ၃ ရက်အထိ ပိတ်ထားဖို့ စီစဥ်နေပါတယ်။

Ref: Aljazeera