News @ M-Media

Blog

  • ကမ္ဘာ့ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့သို့ ကာတာက ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်း

    ကမ္ဘာ့ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့သို့ ကာတာက ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်း

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    qatur

    – အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ရံပုံငွေအဖွဲ့သို့ ကာတာနိုင်ငံက ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းခဲ့ပြီး ထိုအဖွဲ့သို့ ကာတာ၏ ပထမဆုံးအကြိမ် လှူဒါန်းမှုလည်း ဖြစ်သည်။

    လှူဒါန်းမှုကို ကာတာ လူထုကျန်းမာရေးဝန်ကြီး ဒေါက်တာ ဟာနန် အလ်-ကူဝေရီက ကနေဒါတွင် မကြာသေးမီက ကျင်းပခဲ့သည့် ၎င်းရံပုံငွေအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ၌ ကြေငြာခဲ့ခြင်းဖြစ်သည်။

    “အရှေ့အလယ်ပိုင်းဒေသက ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တီဘီရောဂါတိုက်ဖျက်ရေးနဲ့ အခြား ကျန်းမာရေးအကူအညီတွေ ထောက်ပံ့ပေးဖို့က ကာတာအတွက် ဦးစားပေးလုပ်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်” ဟု ဒေါက်တာ အလ်-ကူဝေရီက ပြောသည်။

    အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ရံပုံငွေအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထာင်ခဲ့ပြီး အစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သီးသန့်အလှူရှင်များအနေဖြင့် အဆိုပါ ကူးစက်ရောဂါကြီး သုံးခုအား အတူလက်တွဲတိုက်ဖျက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ထိုအဖွဲ့မှာ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ဆီးရီးယားနှင့် ယီမင်တို့ရှိ ဒုက္ခသည်များ၊ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေသူများ၊ အမျိုးသမီးများ၊ ကလေးငယ်များအပါအ၀င် အခြား ထိခိုက်ခံစားလွယ်သည့် လူ့အဖွဲ့အစည်းများအတွက် HIV၊ တီဘီ၊ ငှက်ဖျားရောဂါများ တိုက်ဖျက်ရေး အစီအစဉ်များကို ကူညီထောက်ပံ့ပေးနေသည်။

    Ref; IINA

  • သဘာဝပတ်ဝန်းကျင်အား ထိန်းသိန်းရန် မော်ရိုကိုတွင် ‘အစိမ်းရောင်ဗလီ’ စီမံကိန်း စတင်

    သဘာဝပတ်ဝန်းကျင်အား ထိန်းသိန်းရန် မော်ရိုကိုတွင် ‘အစိမ်းရောင်ဗလီ’ စီမံကိန်း စတင်

    စက်တင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mosque

    – နိုင်ငံအတွင်း သန့်ရှင်းသောစွမ်းအင်အသုံးပြုနိုင်ရေး အရှိန်မြှင့်ရန် ရည်ရွယ်သည့်နေဖြင့် မော်ရိုကိုက ‘အစိမ်းရောင် ဗလီဝတ်ကျောင်းတော်’ စီမံကိန်းကို စတင်ဆောင်ရွက်နေပြီး ၂၀၁၉ ခုနှစ် မတ်လအရောက်တွင် ဗလီဝတ်ကျောင်းတော်ပေါင်း ၆၀၀ ၌ ပြန်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုနိုင်ရန် ရည်မှန်းထားသည်။

    ထိုအစီအစဉ်အတွင်း ဗလီဝတ်ကျောင်းတော်များတွင် မီးစားသက်သာသည့် LED မီးများ၊ ရေနွေးငွေ့သုံး အပူပေးစက်များ၊ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ထုတ်ပေးနိုင်သည့် ဆိုလာပြားများ တပ်ဆင်ခြင်းတို့ ပါဝင်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် ဗလီဝတ်ကျောင်းတော်ပေါင်း ၁၀၀ တွင် အပြီးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

    မော်ရိုကို အစ္စလာမ့်ရေးရာဝန်ကြီးဌာနမှာ ဂျာမနီအစိုးရနှင့် ပူးပေါင်းကာ အဆိုပါ စီမံကိန်းအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှု ၇၀ ရာခိုင်နှုန်းအထိ ငွေကြေးထောက်ပံ့မည်ဖြစ်သည်။

    “အစိမ်းရောင်စွမ်းအင်နဲ့ပတ်သက်လို့ ကျွန်တော်တို့ အသိပညာပေးချင်သလို၊ ဗလီဝတ်ကျောင်းတော်တွေဟာ မော်ရိုကိုလူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ စင်တာတွေလည်း ဖြစ်ချင်ပါတယ်။ အဲဒီနေရာတွေဟာ ပြည့်ဖြိုးမြဲစွမ်းအင်တွေနဲ့ အကုန်အကျမများဘဲ အလုပ်ဖြစ်တဲ့ စွမ်းအင်တွေဟာ ဘာ့ကြောင့် နည်းလမ်းကောင်းဖြစ်တယ်ဆိုတာအပါအ၀င် လူ့အဖွဲ့အစည်းက ကိစ္စအားလုံးကို ပြည်သူတွေက အမြင်ချင်းဖလှယ်ကြတဲ့ နေရာတွေ ဖြစ်ပါတယ်” ဟု စီမံကိန်းအကြီးအကဲ ဂျန် ခရစ္စတိုဖီ ကန်ဇီက ပြောကြားခဲ့သည်။

    အာဖရိကတွင် လေစွမ်းအား ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေခြင်း၊ ပြီးခဲ့သည့်နှစ်က ဆဟာရသဲကန္တာရတွင် ဖွင့်လှစ်ခဲ့သည့် အကြီးကျယ်ဆုံး နေရောင်ခြည်စွမ်းအင်စီမံကိန်း ဖော်ဆောင်ခဲ့ခြင်း စသည့် ကြီးမားသောစီမံကိန်းများဖြင့် မော်ရိုကိုနိုင်ငံမှာ ရာသီဥတုဖောက်ပြန်မှုအား တွန်းလှန်ရာတွင် ဒေသတွင်း ထိပ်တန်းနိုင်ငံဖြစ် ရပ်တည်နေသည်။

    ယခုနှစ် နိုဝင်ဘာလတွင်လည်း မြို့တော် မရာကက်ခ်ျတွင် COP22 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပြီး ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည်ပေါ်ရန်အတွက် ပြင်ဆင်မှုများအကြောင်းကို ဆွေးနွေးသွားမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ် ‘ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အစ္စလာမ့်ကြေငြာချက်’ မပေါ်ထွက်ခင်လေးမှာပင် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီး ဟစ်က်မာ အလ်-ဟေတီက သန့်ရှင်းသောစွမ်းအင်ရေးရာ ကိစ္စတွင် ဘာသာတရားက ကြီးမားသည့် အထောက်အကူဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    “မွတ်စလင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုဘက်ကို ပြန်လှည့်ဖို့၊ ကမ္ဘာကြီးရဲ့ အရေးကြီးမှုနဲ့ယှဉ်ရင် မိမိတို့ဟာ ဘာမှမပြောပလောက်ဘူးဆိုတာကို ပြန်လည်အမှတ်ရစေဖို့ သိပ်အရေးကြီးပါတယ်။ ကမ္ဘာကြီးကို ကျွန်မတို့ ကာကွယ်ဖို့ လိုအပ်ပြီး အဲဒီလိုလုပ်ခြင်းဟာ လူသားထုကို ကယ်တင်ရာလည်း ရောက်ပါတယ်”

    အစိမ်းရောင် ဗလီဝတ်ကျောင်းတော်များတွင် အသုံးပြုရန် စီစဉ်ထားသည့် နည်းပညာများမှာ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦးများ၊ လူနေအိမ်ရာများတွင်လည်း တပ်ဆင်အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုမည့် နည်းပညာများကို ဂျာမနီက ထောက်ပံ့မည်ဖြစ်သည်။

    ကျား၊ မ တန်းတူညီမျှရေးကို ဖော်ဆောင်သည့်အနေဖြင့် ထိုစီမံကိန်းတွင် အမျိုးသမီး ပညာရှင်များ၊ ရှေ့ဆောင်အီမာမ်များလည်း အချိုးကျ ပါဝင်မည်ဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သည့် ဟောပြာတင်ပြမှုများတွင် အမျိုးသမီး ၄ ပုံ ၁ ပုံအထိ တက်ရောက်ခဲ့သည်။

    ထိုစီမံကိန်းကြောင့် ဗလီဝတ်ကျောင်းတော်များ၏ လျှပ်စစ်သုံးစွဲမှုကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်သည်။

    ပထမဆုံးအကောင်အထည်ဖော်မည့် ဗလီဝတ်ကျောင်းတော် ၁၀၀ မှာ လူနေထူထပ်သည့် နေရာများမှ ဗလီဝတ်ကျောင်းတော်များ ဖြစ်မည်ဖြစ်ပြီး၊ နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀၀၀ ခန့် ရှိသည့်အတွက်ကြောင့် မော်ရိုကို၏ အစိမ်းရောင်စွမ်းအင်စီမံချက်မှာ အောင်မြင်ဖွယ်ရှိနေသည်။

    Ref: theguardian

  • စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် (မြန်မာ့ပထမဆုံး ပြဇာတ် အမျိုးသားစာပေဆုရှင်) ကွယ်လွန်

    စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် (မြန်မာ့ပထမဆုံး ပြဇာတ် အမျိုးသားစာပေဆုရှင်) ကွယ်လွန်

    စက်တင်ဘာ ၂၀ ၊ ၂၀၁၆
    M-Media
    သီဟ
    .takatol-mgmgkhin
    မြန်မာ စာပေလောကတွင်  ပြဇာတ် စာပေအမျိုးအစားဖြင့် ပထမဆုံး အမျိုးသား စာပေဆု ရရှိခဲ့တဲ့ စာရေးဆရာ တက္ကသိုလ် မောင်မောင်ခင် တယောက်  ၁၉-၉-၂၀၁၆  ညနေ ၇ နာရီမှာ ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်(၉၁) နှစ်ရှိပြီ ဖြစ်ပါတယ်။ ယနေ့ ၂၀-၉-၂၀၁၆ ခုနှစ် မနက် ၁၁း၃၀ တွင် ရေဝေး မွတ်စလင်မ် သုသာန် ဥယျာဉ်တော်၌ အစ္စလာမ်ထုံးစံဖြင့် မြှုပ်နှံသဂြိုဟ် မယ်လို့ သိရပါတယ်။

    ကိုယ်ရေးအကျဉ်း
    ——————
    ဦးမောင်မောင်ခင် (ခ)စာရေးဆရာ တက္ကသိုလ်မောင်မောင်ခင်
    အမျိုးသားစာပေဆုများရှင်၊ ပခုက္ကူ စာပေ တစ်သက်တာ စာပေဆု ၊  ဝိဇ္ဖာပညာထူးချွန် (ဒုတိယ အဆင့်)၊
    ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ၊ ရုပ်ရှင်လုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန
    .
    တက္ကသိုလ်မောင်မောင်ခင် သည် ပြည်ခရိုင်၊ ပန်းတောင်းမြို့ဇာတိဖြစ်သည်။ ဖခင်မှာ အငြိမ်းစားပညာအုပ် ဦးရာကွတ် (ခ) ဦးအောင်ဘွင့်ဖြစ်သည်။ မိခင်မှာ ဒေါ်မမကြီးဖြစ်သည်။ ၁၉၂၈ ခု ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွားမြင်သည်။ အမည်ရင်း ဦးမောင်မောင်ခင်ဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၅၂ တွင် စာပေဗိမာန်မဂ္ဂဇင်း စာတည်းအဖွဲ့တွင် လက်ထောက် စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ပြန်ကြားရေးဌာနတွင် ဒုတိယ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး စာအုပ် ပုံနှိပ်ထုတ်ဝေရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သည်။ ရုပ်ရှင်လုပ်ငန်း ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
    .
    ၁၉၆၇ ခုနှစ်တွင် သဇင်မြို့စာညွန့်များ စာအုပ်ဖြင့် အမျိုးသားစာပေဆု၊ စာပဒေသာ တတိယဆု ရသည်။ ၁၉၆၇ ခုနှစ်တွင်ပင် မညီမျှသော ညီမျှခြင်း ဝတ္ထုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆု ဝတ္ထုတို ဒုတိယဆုရရှိသည်။ ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် ၂/၂၀ဝ၇ အရ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်) ချီးမြှင့်ခံရသည်။ အကန်တော့ခံ သက်ကြီးစာပေ ပညာရှင် တစ်ဦးဖြစ်သည်။
    .
    “အဆင်းခက်ခက် အတက်ကြမ်းကြမ်း” ပြဇာတ်စာအုပ်ဖြင့် ရရှိသည်။ အမျိုးသားစာပေဆု သက်တမ်း တစ်လျှောက် ” ပြဇာတ်စာပေဆု” ကို ဦးစွာရရှိသောစာအုပ်ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေး၊ တရားမှန်စီရင်ရေးနှင့် လူတို့၏ကိုယ်ကျင့်တရား ကောင်းမွန်ရေးကို ဦးတည်ပြုစုထားသည်။ ၁၉၆၉ ခုနှစ်၏ ပြက္ခဒိန် တစ်နှစ်အတွင်း ပုံနှိပ်ထုတ်ဝေသမျှ စာအုပ်များအနက် သက်ဆိုင်ရာ ဘာသာရပ်၊ အမျိုးအစားအလိုက် အကောင်းဆုံး တစ်အုပ်ကို ရွေးချယ်၍ တစ်ဆုတည်းသာ ချီးမြှင့်သည်။ အမျိုးသားစာပေဆု ပုံစံသစ် အကောင်းဆုံး တစ်အုပ်ရွေး စနစ်ဖြင့် ပထမဆုံးရရှိခြင်းဖြစ်သည်။
    .
    ၂၀၁၁ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေတည်ထောင်သော ပခုက္ကူ စာပေဆုများမှ တစ်သက်တာ စာပေဆုကို စာရေးဆရာကြီး ဦးမောင်မောင်ခင် (တက္ကသိုလ် မောင်မောင်ခင်)က ရရှိခဲ့သည်။
    .
    ကိုးကား- မောင်သန်းဝင်း- ရန်ကုန်တက္ကသိုလ် ၏ ပထမ မြန်မာမွတ်စလင်များ စာအုပ်

    ဓါတ်ပုံအညွန်း-၂၀၁၁ ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆု လက်ခံရရှိစဉ်က (Photo-EMG)

  • နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ဖမ်းမိပြီ

    နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ဖမ်းမိပြီ

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    ny

    – နယူးယောက်တွင် စနေနေ့က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိသူ အဟ်မဒ် ခန်း ရာဟာမီ ဖမ်းဆီးရမိခဲ့သည်ဟု နယူးဂျာစီ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ်ရှိ ၎င်းမှာ နယူးဂျာစီပြည်နယ်ရှိ အဲလိဇဘက်မြို့တွင် နေထိုင်သူဖြစ်ပြီး မဖမ်းဆီးနိုင်ခင် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အဲလိဇဘက် အုပ်ချုပ်ရေးမှူး ခရစ် ဘောလ်ဝေ့ဂ်ျက ဆိုသည်။ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ဒဏ်ရာရရှိသူများမှာ အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိ သိရသည်။

    စနေနေ့က နယူးယောက်မြို့လယ်ကောင် မန်ဟက်တန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအပြင် နယူးဂျာဆီပြည်နယ်တွင်လည်း ဖောက်ခွဲရေးပစ္စည်းများကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ရာဟာမီကို သံသယရှိသူအဖြစ် သတ်မှတ်ကာ ရှာဖွေခဲ့ခြင်းဖြစ်သည်။

    ၎င်းအပြင် တိုထိုက်ခိုက်မှုတွင် နောက်ထပ်ပါဝင်သူများ ရှိမည်ဟု တာဝန်ရှိသူများက ယူဆနေသည်။

    Ref : Aljazeera

  • မိမိတို့နိုင်ငံသား ကမ္ဘာ့လှည့်ခရီးသွားအား အစ္စရေးက သတ်ဖြတ်မှု ဂျော်ဒန်ရှုတ်ချ

    မိမိတို့နိုင်ငံသား ကမ္ဘာ့လှည့်ခရီးသွားအား အစ္စရေးက သတ်ဖြတ်မှု ဂျော်ဒန်ရှုတ်ချ

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    jordan

    – ပါလက်စတိုင်းပိုင်နက်ရှိ ဂျေရုစလင်မြို့ဟောင်းအတွင်း ဂျော်ဒန်နိုင်ငံသားတစ်ဦးကို အစ္စရေးက ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့မှုနှင့်ပတ်သက်၍ ဂျော်ဒန် နိုင်ငံခြားရေးနှင့် နိုင်ငံခြားသားများအရေးဆိုင်ရာ ၀န်ကြီးဌာနက အစ္စရေးစစ်တပ်ကို ဝေဖန်ရှုတ်ချလိုက်သည်။

    သေဆုံးသွားသူမှာ စအီဒ် အလ် အာမာရ်ဆိုသူဖြစ်ပြီး အစ္စရေးရဲတပ်ဖွဲ့ကမူ အာမာရ်မှာ အစ္စရေးတပ်ဖွဲ့ဝင်များကို ဓားဖြင့်ထိုးရန် ကြိုးစားခဲ့သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-ရာဖီက ရဲတပ်ဖွဲ့၏ ကြေငြာချက်တွင် စစ်သား၊ သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိသည့်အကြောင်း မပါဝင်သောကြောင့် အစ္စရေးရဲတပ်ဖွဲ့၏ ထိုပြောကြားမှုကို မယုံကြည်ဟု ဆိုသည်။

    အာမာရ်မှာ အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့ဟောင်းသို့ ကမ္ဘာလှည့်ခရီးသည်အုပ်စုနှင့် ကြာသာပတေးနေ့က လာရောက်လည်ပတ်ခြင်းဖြစ်သည်။

    ရာဖီကမူ မိမိတို့အစိုးရမှာ သောကြာနေ့က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်နှင့်ပတ်သက်၍ နိုင်ငံတကာဥပဒေများ၊ သံတမန်ရေးဆိုင်ရာ သတ်မှတ်ချက်များမှတစ်ဆင့် အသေးစိတ် ဆန်းစစ်မှုများ ပြုလုပ်နေပြီး၊ အာမာရ်၏ အလောင်းကိုလည်း မိသားစုထံ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : IINA