စက်တင်ဘာ ၂၀၊ ၂၀၁၆
M-Media
– ၂၀၁၅ ခုနှစ်အတွင်း အရှေ့တောင်အာရှတွင် မီးခိုးငွေ့များကြောင့် သေဆုံးသူဦးရေမှာ ၁ သိန်းကျော်ရှိခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုရှိ ဟားဗတ်နှင့် ကိုလံဘီယာတက္ကသိုလ်တို့မှ သုတေသီများက ခန်းမှန်းတွက်ချက်ကာ ပြောကြားခဲ့သည်။
အင်ဒိုနီးရှား တောမီးလောင်မှုကြောင့် ဖြစ်ပွားခဲ့သည့် မီးခိုးဖုံးလွှမ်းမှု နောက်ဆက်တွဲအဖြစ် အင်ဒိုနီးရှားတစ်ဝှမ်းနှင့် အိမ်နီးချင်း စင်ကာပူ မလေးရှားတို့တွင် ဖြစ်ပွားခဲ့သည့် သေဆုံးမှုများကို တွက်ချက်ထားခြင်ဖြစ်ပြီး အင်ဒိုနီးရှားတွင် ၁၉ ယောက်မျှသာ သေဆုံးခဲ့သည်ဆိုသော အာဏာပိုင်များ၏ ထုတ်ပြန်မှုနှင့် အလွန်အမင်း ကွာဟနေသည်။
“တကယ်လို့ ဘာပြောင်းလဲမှုမှ မလုပ်ဘူးဆိုရင်တော့ ဒီသေမန်းတမန်မီးခိုးမြူတွေက တစ်နှစ်ပြီးတစ်နှစ် သေဆုံးမှုနှုန်းတွေ မြင့်တက်စေမှာပါ။ အဓိကအချက်ကို ချက်ခြင်း မဆောင်ရွက်ဘူးဆိုရင် လူ့အသက်ဆုံးရှုံးမှုတွေဟာ ရာဇ၀တ်မှုတစ်ခု ဖြစ်လာမှာပါ” ဟု Greenpeace Indonesia လှုပ်ရှားမှုကို ဆောင်ရွက်နေသည့် ယူယွန် အင်ဒရာဒီက ပြောကြားခဲ့သည်။
ထိုတွက်ချက်ထုတ်ပြန်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှား ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မည့်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
အင်ဒိုနီးရှားတွင် ဆီအုံးပင်နှင့် စက္ကူပျော့ဖက်ပင် စိုက်ပျိုးရန်အတွက် မြေနေရာများ အမြန်ရှင်းလစ်ပစ်ရန် သစ်တောကို မီးရှို့ရာမှ ပေါ်ထွက်လာသည့် ယင်းမီးခိုးများမှာ နှစ်စဉ်ကြုံတွေ့နေကျ ပြဿနာတစ်ခု ဖြစ်နေသည်။
ယခုထုတ်ပြန်လိုက်သည့် အချက်အလက်ကို Environmentl Research Letters တွင် ဖော်ပြထားပြီး ဂြိုဟ်တုအချက်အလက်များ၊ မီးခိုးအုပ်ဆိုင်းရာဒေသမှ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ၊ လေထုညစ်ညမ်းမှု တိုင်းတာရေး စခန်းများ စသည်တို့မှ ရရှိသည့် အချက်အလက်များကို ပေါင်းစပ်ဖော်ထုတ်မှုအရ ယမန်နှစ်က ထိုသုံးနိုင်ငံတွင် လူပေါင်း ၁၀၀,၃၀၀ ဦးမှာ ပုံမှန်ထက်စော၍ သေဆုံးခဲ့သည်ဟု တွေ့ ရှိခဲ့ရသည်။
အင်ဒိုနီးရှားတွင် ၉၁၆၀၀ ဦး၊ မလေးရှားတွင် ၆၅၀၀ ဦး၊ စင်ကာပူတွင် ၂၂၀၀ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
Re : Bangkokpost