News @ M-Media

ယခုနှစ် မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားအရေအတွက် ၄ ရာခိုင်နှုန်းကျော် တက်လာ

စက်တင်ဘာ ၂၀၊ ၂၀၁၆
M-Media

tour

– ယခုနှစ် ပထမ ၇ လအတွင်း မြန်မာနိုင်ငံသို့ လေကြောင်းနှင့် ရေကြောင်းဝင်ပေါက်များမှ ရောက်ရှိလာသည့် ကမ္ဘာလှည့်ခရီးသွား အရေအတွက်မှာ ၇၅၀၀၀၀ နီးပါး ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း လာရောက်ခဲ့သည့် ခရီးသွားအရအတွက်မှာ ၇၄၀၇၇၇ ဦး ရှိနေပြီး ထိုအထဲမှ ၃၀၀၀၀၀ ၀န်းကျင်မှာ ခရီးသွားဗီဇာဖြင့်လည်းကောင်း၊ ၄၅၀၀၀၀ မှာ စီးပွားရေးဗီဇာ၊ ကျောင်းသားဗီဇာတို့အပါအ၀င် အခြားသော ဗီဇာများဖြင့် လာရောက်ခြင်းဖြစ်သည်။

ထိုပမာဏမှာ ၂၀၁၅ ခုနှစ် ပထမ ၇ လနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းကျော် တိုးတက်လာခြင်းဖြစ်ပြီး ခရီးသွားကဏ္ဍအား စောင့်ကြည့်သူများကမူ အောက်တိုဘာလ အလယ်ပိုင်းတွင် ပြန်လည်စတင်မည့် ခရီးသွားရာသီအတွင်း နောက်ထပ် ၅ သိန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည်။ ထိုခန့်မှန်းထားချက်အတိုင်း ဖြစ်ပေါ်လာပါက ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးသွားအရေအတွက်မှာ ၁ သန်း ကျော်မည်ဖြစ်သည်။

ပထမ ၇ လအတွင်း ခရီးသွားဗီဇာဖြင့် လာရောက်သည့် ခရီးသွားများတွင် ၂ သိန်းကျော်မှာ ရန်ကုန်လေဆိပ်မှလည်းကောင်း၊ ၂၀၀၀၀ ကျော်မှာ မန္တလေးလေဆိပ်မှလည်းကောင်း၊ ၂၀၀၀ ကျော်မှာ နေပြည်တော်လေဆိပ်မှလည်းကောင်း၊ ၈၃၄၇ ဦးမှာ ရေလမ်းကြောင်းမှလည်းကောင်း လာရောက်ခြင်းဖြစ်သည်။

ယခုထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းမှာ ကုန်းလမ်းမှ လာရောက်သည့် ခရီးသွားများ၏ အရေအတွက် မပါဝင်ဘဲ မြန်မာခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေး ကော်မတီမှ အကြံပေးဖြစ်သူ ဒေါက်တာအောင်မြတ်ကျော်က ကုန်းလမ်းမှ လာရောက်သည့် ခရီးသွားအရေအတွက်မှာ လေကြောင်း၊ ရေလမ်းကြောင်းတို့မှ လာရောက်သူများထက် ၃ ဆ များပြားနိုင်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားအရေအတွက် ၄.၆၈ သန်းရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရပြီး ထိုအထဲမှ ၃.၇ သန်းမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှတစ်ဆင့် ၀င်ရောက်ခြင်းဖြစ်သည်။ ယခုနှစ်အတွင်း ခရီးသွား စုစုပေါင်း ၅.၅ သန်း လာရောက်မည်ဟု ခန့်မှန်းထားသည်။

Ref: Irrawaddy

Comments

Leave a Reply