News @ M-Media

Blog

  • ချယ်ဆီးမှာ အသင်းကြီးစိတ်ဓာတ်မျိုးမရှိဟု နည်းပြ ကွန်တီပြော

    ချယ်ဆီးမှာ အသင်းကြီးစိတ်ဓာတ်မျိုးမရှိဟု နည်းပြ ကွန်တီပြော

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    conte-2

    – အမှတ်ပေးပြိုင်တွင် ပထမဆုံးအရှုံးနှင့် ကြုံတွေ့ခဲ့ရသည့် ချယ်ဆီးအနေဖြင့် အသင်းကြီးတစ်သင်းတွင်ရှိရမည့် အာရုံစူးစိုက်မှုမျိုး မရှိသေးဟု နည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။

    ယမန်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စတမ်းဖို့ဘရစ်ခ်ျတွင် လီဗာပူးလ်နှင့် ကစားခဲ့ရာ ပထမပိုင်းတွင်ပင် ၂ ဂိုး ပေးခဲ့ရပြီး တစ်ဂိုးသာ ပြန်သွင်းနိုင်ကာ ယခုနှစ် ပရီးမီးယားလိဂ်တွင် ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ရသည်။ ချယ်ဆီးမှာ ပြီးခဲ့သည့်တစ်ပတ် ဆွမ်းဆီးနှင့်ပွဲတွင်လည်း နောက်မှလိုက်ကစားကာ ၂ ဂိုးစီ သရေကျခဲ့သည်။

    ကွန်တီကမူ မိမိတို့အသင်းမှာ တစ်ခါတစ်ရံတွင် မိမိကိုယ်ကို အားရကျေနပ်မှု လွန်ကဲနေသည်ဟု ဆိုသည်။

    “အရှုံးကိုရှာရတာ တစ်ခါတစ်ရံမှာ လွယ်ကူပြီး တစ်ခါတစ်ရံမှာ ခက်ခဲပါတယ်။ (လီဗာပူးလ်နဲ့ပွဲမှာ) ပေးလိုက်ရတဲ့ဂိုးတွေက ထူးဆန်းပါတယ်။ ကျွန်တော်တို့ အန္တရာယ်ကို သိရမှာဖြစ်ပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ သိအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒီပွဲကနေပြီးတော့ ကျွန်တော်တို့ သင်ခန်းစာ ယူရမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့ရာသီကလို ဆိုးရွားတဲ့ အခြေအနေမျိုးကို မလိုချင်ဘူးဆိုရင်တော့ ဒါကို နားလည်ဖို့ လိုပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဥရောပပြည်သူအများစုက ဆီးရီးယား ဒုက္ခသည်များကို ဂရုဏာသက်ကြ

    ဥရောပပြည်သူအများစုက ဆီးရီးယား ဒုက္ခသည်များကို ဂရုဏာသက်ကြ

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    syria-euro

    – ဒုက္ခသည်များနှင့်ပတ်သက်၍ ယမန်နေ့က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဥရောပပြည်သူများ၏ ၇၅ ရာခိုင်နှုန်းကျော်က ၎င်းတို့နိုင်ငံများသို့ ပြောင်းရွှေ့လာကြသည့် ဆီးရီးယားဒုက္ခသည်များအပေါ် ကိုယ်ချင်းစာနာကြသည်ကို တွေ့ရှိရပြီး ထိုစစ်တမ်းက ဒုက္ခသည်ဆန့်ကျင်ရေးသမားများကို စိန်ခ်ါလိုက်ခြင်းလည်းဖြစ်သည်။

    အဆိုပါ စစ်တမ်းကို Ipsos MORI အဖွဲ့က ဥရောပနိုင်ငံပေါင်း ၁၂ နိုင်ငံတွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ဖြေကြားသူ ၁၂၀၀၀ ခန့်မှ ၃ ရာခိုင်နှုန်းခန့်သာ ဒုက္ခသည်များမှာ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု ယုံကြည်ကြောင်း တွေ့ရှိခဲ့သည်။

    “အခုတွေ့ရှိချက်က ဥရောပတိုက်သားတွေဟာ အကြင်နာတရား မခေါင်းပါးတာကို ဖော်ပြနေပါတယ်” ဟု စစ်တမ်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) ၏ စီအီးအို ဒေးဗစ်မီလီဘန်က ပြောကြားခဲ့သည်။

    ဥရောပတိုက်မှာ လက်ရှိတွင် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အဆိုးရွားဆုံးသော ရွှေ့ပြောင်းဒုက္ခသည်များ အကြပ်တည်းနှင့် ရင်ဆိုင်နေရချိန်၌ ယခုကဲ့သို့ စစ်တမ်းမျိုး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အခြားဒေသများမှ စစ်ဘေးရှောင်ပြည်သူများနှင့် ဆင်းရဲမွဲတေသူ တစ်သန်းကျော်ခန့်မှာ ယမန်နှစ်က ဥရောပသို့ ရောက်ရှိခဲ့ကြသည်။

    ထိုအထဲတွင် ဆီးရီးယားဒုက္ခသည်များက ၂၈ ရာခိုင်နှုန်း ပါဝင်ခဲ့သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆိုသည်။

    Ref : IINA

  • ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်

    ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    pb

    – ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့သော်လည်း ခြေစွမ်းမပြနိုင်သေးသည့် ပေါ့ဘာအား နည်းပြမော်ရင်ဟိုက ကာကွယ်ပြောဆိုလိုက်ပြီး ၎င်း၏ တန်းဖိုးကို မေ့ထားရန်လည်း တိုက်တွန်းခဲ့သည်။

    ပေါ့ဘာမှာ ၂၀၁၂ ခုနှစ်က မန်ယူမှ ဂျူဗင်တပ်စ်သို့ ထွက်ခွာပြီးနောက် ယခုနွေရာသီတွင် ပေါင် ၈၉ သန်းဖြင့် မန်ယူသို့ ပြန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ဆောက်သက်တမ်နှင့် ပွဲဦးထွက်တွင် ခြေစွမ်းပြနိုင်ခဲ့သည်။ သို့သော်လည်း မန်စီးတီး၊ ယူရိုပါတွင် ဖီယင်နုတို့အား ရှုံးနိမ့်ခဲ့သည့်ပွဲများတွင် ၎င်း၏ ခြေစွမ်းမှာ ထိပ်တန်းအဆင့် မရှိခဲ့သောကြောင့် ဝေဖန်မှုများကို ခံနေရသည်။

    သို့သော်လည်း မော်ရင်ဟိုကမူ ပေါ့ဘာ၏ တန်ဖိုးမှာ အသင်း၏ အမြတ်နှင့်ယှဉ်လျှင်လည်းကောင်း၊ အခြားသော အသင်းနှင့်လည်းကောင်း နှိုင်းယှဉ်ပါက ကြီးမားသည့် ပမာဏမဟုတ်ဟု ဆိုသည်။

    “မန်ယူက ပေါ့ဘာအတွက် ပေးတာထက်ကို ပိုပြီး ပေါင် သန်း ၂၀၊ ၃၀၊ ၄၀ ပေးတဲ့ အသင်းတွေရှိပါတယ်။ အသင်းရဲ့အမြတ်၊ ကျွန်တော်တို့ပေးတာနဲ့ နှိုင်းယှဉ်ရင် မန်ယူက သုံးတာထက် အခြားအသင်းတွေက ပေါင်း သန်း ၂၀၊ ၃၀၊ ၄၀ လောက် ပိုသုံးနေတာကို ခင်ဗျားတို့ မြင်လာမှာပါ။ ပေါ့ဘာအနေနဲ့ အဲဒီတန်ဖိုးကြီးကို မေ့ထားပြီးတော့ ဘောလုံးမှာပဲ အာရုံစိုက်စေချင်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    မန်ယူမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်တင်အမြတ်ငွေ ၅၁၅.၃ သန်း ရရှိခဲ့သည်။

    Ref: Goal

  • တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ စစ်ရေးလှုပ်ရှားမှုအစီအစဉ် အမေရိကန်ထောက်ခံ

    တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ စစ်ရေးလှုပ်ရှားမှုအစီအစဉ် အမေရိကန်ထောက်ခံ

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    us-back

    – တောင်တရုတ်ပင်လယ်အတွင်း ဂျပန်က စစ်ရေးလှုပ်ရှား လုပ်ငန်းများ တိုးမြှင့်ရန် စိတ်ဝင်စားမှုကို အမေရိကန်စစ်တပ်က ကြိုဆိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ကြာသပတေးနေ့က ရေတပ်မှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း လုံခြုံရေးကို အကူအညီဖြစ်စေရေးအတွက်လည်း ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။

    “တောင်တရုတ်ပင်လယ်မှာ ဂျပန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်တစားရှိတဲ့အပေါ် အမေရိကန်က ကြိုဆိုပါတယ်။ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းသစ်တွေကိုလည်း ဆက်လက်ရှာဖွေသွားမှာပါ” ဟု အမေရိကန် ရေတပ်က ဆိုသည်။

    ဂျပန်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်၌ အမေရိကန်နှင့်အတူ ပူးပေါင်း၍ ကင်းလှည့်သင်္ဘောများကို သင်တန်းပေးမှု၊ ဒေသတွင်း ရေတပ်များနှင့် ပူးပေါင်း၍ နှစ်နိုင်ငံပူးတွဲ သို့မဟုတ် နိုင်ငံများစွာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့တွင် မိမိတို့၏ ပါဝင်မှု တိုးမြှင့်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

    ဂျပန်မှာ အရှေ့တရုတ်ပင်လယ်တွင်လည်း တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေပြီး အီနာဒါကမူ မိမိတို့အနေဖြင့် တောင်တရုတ်ပင်လယ် ကမ်းရိုးတမ်းတွင် အင်အားဖြည့်တင်းရေး ကူညီသွားမည်ဟုလည်း ပြောကြားခဲ့သည်။

    ယခင်ကလည်း တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် ပါဝင်နေသည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကိုလည်း ကင်းလှည့်သင်္ဘောများ၊ ထောက်လှမ်းရေး လေယာဉ်များ ထောက်ပံ့ပေးမည်ဟု ဂျပန်က ပြောကြားထားဖူးသည်။

    Ref : Presstv

  • အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်မှသာ ငြိမ်းချမ်းမည်ဟု ပါလက်စတိုင်းပြော

    အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်မှသာ ငြိမ်းချမ်းမည်ဟု ပါလက်စတိုင်းပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    pales-tine

    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက သိမ်းပိုက်နေမှု ရပ်တန့်ခြင်းကသာ ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဟာနန် အက်ရှ်ရာ ၀ီက ပြောကြားလိုက်သည်။

    ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် ပြင်သစ်ကိုယ်စားလှယ်အဖွဲ့နှင့် အင်္ဂါနေ့က တွေ့ဆုံစဉ် အက်ရှ်ရာဝီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နောက်ဆုံးရ နိုင်ငံရေးတိုးတက်မှုနှင့် မြေပြင်တိုးတက်မှုများ၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည့် အစ္စရေး၏ ဆောင်ရွက်မှုများကိုလည်း ထောက်ပြခဲ့သည်။

    ချိုးဖောက်မှုများအတွက် အစ္စရေးက တာဝန်ခံရေး၊ ပါလက်စတိုင်းပိုင်နက်များအား သိမ်းပိုက်မှု အဆုံးသတ်ရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ရေး၊ လူမျိုးရေးခွဲခြားပြီး လူမျိုးတုန်းသတ်ဖြတ်နေသည့် အစ္စရေးအစိုးရအား အရေးယူနိုင်ရေးစသည့် ကိစ္စများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် ဥရောပသမဂ္ဂ (EU) ၏ အရေးကြီးပုံကိုလည်း အက်ရှ်ရာဝီက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုတွေ့ဆုံမှုအတွင်း ပြည်တွင်းရွေးကောက်ပွဲ၊ အမျိုးသားရင်ကြားစေ့ရေး စသည့်တို့အပါအ၀င် ပါလက်စတိုင်းပြည်တွင်းရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

    Ref : IINA