News @ M-Media

Blog

  • အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စာချုပ်သက်တမ်းကို ၂ နှစ်လျှော့ချ

    အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စာချုပ်သက်တမ်းကို ၂ နှစ်လျှော့ချ

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    simo

    – လာလီဂါကလပ် အက်သလက်တီကိုအသင်း၏ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီမှာ အသင်းနှင့် စာချုပ်သက်တမ်းကို ၂ နှစ် လျှော့ချလိုက်သည်ဟု သိရသည်။

    ၂၀၁၃-၁၄ ခုနှစ်တွင် လာလီဂါတစ်ကြိမ် ရရှိကာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ ကြိမ်တိုင်တိုင် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆီမြွန်နီကို ၂၀၁၅ ခုနှစ် မတ်လတွင် အသင်းက စာချုပ်သက်တမ်းတိုးခဲ့ပြီး ထိုစာချုပ်အရ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိမည် ဖြစ်သည်။

    သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှစ်ဖက်သဘောတူညီချက်ဖြင့် စာချုပ်သက်တမ်းမှ ၂ နှစ်လျှော့ချခဲ့ပြီး ဆီမြွန်နီကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။

    “မှန်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် စကားပြောဆိုခဲ့ပြီး အသင်းနဲ့ ကလပ်အတွက် အကောင်းဆုံးကို ဆောင်ရွက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကလွဲလို့ ဘာမှ မပြောင်းလဲပါဘူး။ အခြေအနေက ပုံမှန်ပါပဲ။ ကျွန်တော်တို့အားလုံးလည်း အေးဆေးပါပဲ။ ကျွန်တော်လည်း ဒီမှာရှိနေရတာကို ပျော်ပါတယ်။ ၂၀၁၈ နောက်ပိုင်း သက်တမ်ထပ်တိုးနိုင်ခြေကိုလည်း ထိခိုက်ဖို့ မရှိပါဘူး” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

    ဆီမြွန်နီအား ခေါ်ယူရန်အတွက် ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားနေပြီး ယခု စာချုပ်သက်တမ်း လျှော့လိုက်သည့် သတင်းကြောင့် အသင်းပြောင်းရွှေ့တော့မည်ဟူသည့်သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    Ref: Goal

  • ပါကစ္စတန် ဗလီတစ်လုံးတွင် အသေခံဗုံးခွဲမှုဖြစ်၊ ၂၀ ကျော်သေဆုံး

    ပါကစ္စတန် ဗလီတစ်လုံးတွင် အသေခံဗုံးခွဲမှုဖြစ်၊ ၂၀ ကျော်သေဆုံး

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    paki

    – ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မိုဟ်မန်ဒ်လူမျိုးစုများ နေထိုင်ရာဒေသရှိ ဗလီဝတ်ကျောင်တော်တစ်လုံးတွင် ယနေ့ သောကြာဝတ်ပြုမှုအတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၅ ဦးသေဆုံးကာ၊ ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

    အာဖဂန်နယ်စပ်နှင့် ကပ်နေသည့် အန်ဘာရ် အဟ်ဆီလ်ဆိုသည့်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဒေသမှာ တာလီဘန်နှင့် ပါကစ္စတန်စစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားရာ နေရာလည်းဖြစ်သည်။

    “ဗလီထဲ ဘုရားဝတ်ပြုနေတုန်းမှာ အသေခံဗုံးခွဲသမားက ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်တာဖြစ်ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်” ဟု လူမျိုးစုအုပ်ချုပ်ရေးအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက စောစောပိုင်းတွင် ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသူမှာ ၂၅ ဦးအထိ မြင့်တက်လာခဲ့သည်။

    ထိုဖောက်ခွဲမှုကို မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးသော်လည်း ထိုဒေသတွင် တာလီဘန်များမှာ တရားရုံးများ၊ ကျောင်းများနှင့် ဗလီဝတ်ကျောင်းတော်များကို ပုံမှန် ဗုံးခွဲတိုက်ခိုက်လေ့ ရှိသည်။

    ၂၀၀၄ ခုနှစ်မှစ၍ တာလီဘန်၏ တိုက်ခိုက်မှုများကြောင့် ထိုဒေသတွင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပါကစ္စတန်က အဆိုပါ လက်နက်ကိုင်အဖွဲ့အား အမြစ်ပြတ်ချေမှုန်းရေးအတွက် ထိုးစစ်ကို စတင်ခဲ့သည်။

    Ref: Aljazeera

  • ဇာဗီအားဝေဖန်သည့် ရော်နယ်ဒိုကို အီတူး တုန့်ပြန်

    ဇာဗီအားဝေဖန်သည့် ရော်နယ်ဒိုကို အီတူး တုန့်ပြန်

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    xavi

    – ဘာစီလိုနာကွင်းလယ်လူ ဇာဗီမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုနှင့် တစ်ကြိမ်မက တိုက်တန်သည်ဟု အသင်းဖော်ဟောင်း အီတူးက ပြောကြားကာ ရီးယဲတိုက်စစ်မှူး ရော်နယ်ဒိုက ဇာဗီအား ဝေဖန်မှုကို တုန့်ပြန်လိုက်သည်။

    လက်ရှိ ကာတာနိုင်ငံမှ ကလပ်တစ်ခုတွင် ကစားနေသည့် ဇာဗီက ရော်နယ်ဒိုမှာ တစ်မူထူးခြားသည့် ကစားသမားဖြစ်သော်လည်း မက်ဆီ၏အဆင့်သို့ မကပ်နိုင်ဟု ပြောကြားခဲ့ပြီးနောက် ဇာဗီနှင့် ရော်နယ်ဒိုတို့အကြား ပြီးခဲ့သည့် သီးတင်းပတ်များအတွင်း စကားလုံးတိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

    ရော်နယ်ဒိုကမူ ကမ္ဘာ့အကောင်းဆုံး ဘောသမားဆု တစ်ကြိမ်မှ မရခဲ့သည့် ဇာဗီမှာ  ၃ ကြိမ် ရရှိခဲ့သည့် မိမိကို ဝေဖန်ခြင်းဖြင့် နာမည်ကြီးအောင်  လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    အီတူးကမူ အသင်းဖော်ဟောင်း ဇာဗီဘက်မှ ကာကွယ်ပြောဆိုခဲ့သည်။

    “ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကသာ မျှတတဲ့ဆုမျိုး ဖြစ်မယ်ဆိုရင် ဇာဗီက ၅ ကြိမ်၊ ၆ ကြိမ်လောက် ရမှာပါ။ ကမ္ဘာပေါ်က လေးစားမှုအားလုံးနဲ့ ဇာဗီက ထိုက်တန်သူပါပဲ” ဟု အီတူးက ပြောကြားခဲ့သည်။

    Ref: Goal

  • ဟဂ်ျရာသီအတွင်း ဆော်ဒီ၏ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုကို WHO ချီးကျူး

    ဟဂ်ျရာသီအတွင်း ဆော်ဒီ၏ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုကို WHO ချီးကျူး

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    hajj-2

    – ယခုနှစ် ဟဂ်ျကာလအတွင်း ကူးစက်ရောဂါကင်းစင်ရေး စီမံချက်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယဥက္ကဌ ဂျဝဒ်အလ်မဂ်ျဟူးရ်က ဆော်ဒီအာရေဗျအား ချီးကျူးပြောကြားလိုက်သည်။

    ဆော်ဒီကျန်းမာရေးဝန်ကြီး သောင်ဖီးက် အလ်-ရာဘီအာနှင့်အတူ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလ်မဂ်ျဟူးရ်က WHO အနေဖြင့် ကျန်းမာရေး ၀န်ထမ်းများ၊ ဘုရားဖူးများအား ၀န်ဆောင်မှုပေးရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပြီး ၀မ်းမြောက်ဂုဏ်ယူမိသည်ဟု ဆိုသည်။

    “ဟဂ်ျရာသီအတွင်းမှာ ရောဂါကာကွယ်တာ၊ ထိန်းချုပ်တာနဲ့ ကူးစက်အန္တရာယ်များနဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့အတွက် အသင်းတစ်ခု ဖွဲ့ပေးဖို့ ဆော်ဒီအစိုးရရဲ့ တောင်းဆိုချက်ကို WHO က ဖြေရှင်းပေးခဲ့ပါတယ်။ နိုင်ငံတကာစံနှုန်းလိုအပ်ချက်တွေနဲ့အညီ အန္တရာယ်ကင်းတဲ့ ဟဂ်ျရာသီဖြစ်ဖို့ ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ စပ်လျဉ်းတဲ့ အန္တရာယ်တွေကို လျှော့ချဖို့အတွက် လုပ်ထုံးလုပ်နည်းတွေရဲ့ အရေးကြီးပုံကို မိမိတို့အဖွဲ့က အလေးထား ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အလ်မဂ်ျဟူးရ်က WHO ကို ဖိတ်ကြားခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဟဂ်ျကာလအတွင်း ၀န်ကြီးဌာန၏ ကြိုတင်ပြင်ဆင်ထားမှုအပေါ်လည်း ချီးကျူးပြောဆိုခဲ့သည်။

    Ref : IINA

  • အစ္စလာမ့်သတင်းစကား ဖြန့်ဝေမည့် တိုကျိုမှ ဗလီဝတ်ကျောင်းတော်သစ်

    အစ္စလာမ့်သတင်းစကား ဖြန့်ဝေမည့် တိုကျိုမှ ဗလီဝတ်ကျောင်းတော်သစ်

    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media

    japan-4

    – ဂျပန်နိုင်ငံ မြို့တော်တိုကျိုတွင် မကြာသေးမီက ဗလီဝတ်ကျောင်းတော်သစ်တစ်လုံး ပေါ်ထွက်လာခဲ့ပြီး အစ္စလာမ်ဘာသာတရားအကြောင်း၊ ယဉ်ကျေးမှုအကြောင်းနှင့် အစ္စလာမ်ဘာသာကိုးကွယ်သော မွတ်စလင်များ၏ ဘာသာစကားများအကြောင်းကို လေ့လာသင်ယူလိုကြသော ဂျပန်ပြည်သူများအတွက် အလေးထားဆောင်ရွက်ရန် ရည်ရွယ်ထားသည်ဟု ဗလီဝတ်ကျောင်းတော်၏ တာဝန်ရှိသူများက ဆိုသည်။

    ‘အစ္စလာမ့်ယဉ်ကျေးမှုဖလှယ်ရေးစင်တာ’ ဟု အမည်ပေးထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ရှီနာဂါဝါရပ်ကွက် ဟီဂါရှိ ဂိုတန်ဒါဒေသတွင်တည်ရှိပြီး ဂျပန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းမှ အကြီးဆုံးအသင်းအဖွဲ့ဖြစ်သော ‘ဂျပန်မွတ်စလင်အသင်း’ က တည်ထောင်ခြင်းဖြစ်သည်။

    “ဒီစင်တာဟာ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေကြား တစ်ယောက်နဲ့တစ်ယောက် နားလည်မှု နက်ရှိုင်းစေမယ့် နေရာတစ်ခုဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ၁၉၅၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဂျပန်မွတ်စလင်အသင်း၏ ဥက္ကဌဖြစ်သူ အသက် ၇၃ နှစ်အရွယ် ကီမီယာကီ တိုကူမာဆူက ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်၏ ပထမဆုံး သောကြာဝတ်ပြုမှုအဖြစ် စက်တင်ဘာ ၉ ရက်နေ့တွင် စတင်ခဲ့ပြီး ဂျပန်လူမျိုး ရှေ့ဆောင်အီမာမ်က ၀တ်ပြုမှုကို ဦးဆောင်ခဲ့ကာ ၀တ်ပြုရန်လာရောက်သူ ၁၅ ဦး ရှိခဲ့သည်။ ဂျပန်မွတ်စလင်များကတော့ အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ငြိမ်းချမ်းရေးနှင့် သတ္တိတို့ကို ပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဂျပန်မွတ်စလင်အသင်းတွင် အဖွဲ့ဝင်ပေါင်း ၅၀၀ ခန့်ရှိပြီး ယခင်က တိုကျို ရှီဘူယာရပ်ကွက် ရိုရိုဂျီဒေသရှိ တိုက်ခန်းတစ်ခုကို ၀တ်ပြုဆုတောင်းရာနေရာအဖြစ် အသုံးပြုရသည်။ သို့သော်လည်း သေးငယ်ပြီး ပုံမှန်လာရောက်သူမဟုတ်လျှင် ရှာတွေ့ရန်မလွယ်။

    ထို့ကြောင့် ကိုယ်ပိုင်ဗလီဝတ်ကျောင်းတော်တစ်လုံး ရရှိရေးမှာ အဆိုပါအဖွဲ့၏ ၁၀ စုနှစ်တစ်ခု ကြာမြင့်ခဲ့သည့် အိပ်မက်ဖြစ်သည်။ ၂၀၀၃ ခုနှစ် အဖွဲ့၏ နှစ် ၅၀ မြောက် နှစ်ပတ်လည်နေ့တွင် ဗလီဝတ်ကျောင်းတော်ဖြစ်ပေါ်လာရေး ရန်ပုံငွေရှာဖွေမှုကို စတင်ခဲ့သည်။

    ယခု ဗလီဝတ်ကျောင်းတော်ပြုလုပ်သည့် ၃ ထပ်အဆောက်အဦးအား ၀ယ်ယူခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် စုစုပေါင်း ယန်း သန်း ၂၄၀ (ကန်ဒေါ်လာ ၂.၃ သန်း) ကုန်ကျခဲ့ပြီး ဂျပန်၊ ဆော်ဒီ၊ တူရကီ၊ ယူအေအီးနှင့် အခြားသောနိုင်ငံများမှ ကောက်ခံရရှိသော အလှူငွေများဖြင့် သုံးစွဲခဲ့လေသည်။

    တတိယထပ် ၀တ်ပြုခန်း၏ အတွင်းပိုင်းကို တာ့က်လူမျိုးတစ်ဦးက ဒီဇိုင်း ရေးဆွဲပေးပြီး ရွှေပြားများဖြင့် ခတ်ထားသည့် ဆုတောင်းစာများ ချိတ်ဆွဲထားသည်။

    ကမ္ဘာတစ်ဝှမ်းတွင် အစ္စလာမ်ကို အလွဲသုံးစားပြုလုပ်သည့် အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ ပြုလုပ်တိုင်း မိမိတို့အား ဖုန်းခေါ်ဆိုကာ နိုင်ငံအတွင်းမှထွက်သွားရန် ပြောကြားမှုများရှိသည်ဟု ဂျန်မွတ်စလင်အသင်းက ဖွင့်ဟခဲ့သည်။

    မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများအကြား နားလည်မှုကို မြှင့်တင်ရန် မိမိတို့ ဗလီဝတ်ကျောင်းတော်မှာ လူတိုင်းအတွက် တံခါးဖွင့်ထားသည်ဟုလည်း ၎င်းတို့က ဆိုသည်။

    ဗလီဝတ်ကျောင်းတော်တွင် တရားဒေသနာများ ဟောကြားရန်အတွက် ဂျပန်မွတ်စလင်အသင်း၏ အဖွဲ့ဝင်များက အလှည့်ကျ တာဝန်ယူသည်။

    အောက်တိုဘာလမှစတင်ကာ ထိုဗလီဝတ်ကျောင်းတော်တွင် အာရဘီနှင့် အင်ဒိုနီးရှား ဘာသာစကားများကို သင်ကြားမည်ဖြစ်ပြီး အစ္စလာမ်အကြောင်း မိတ်ဆက်ကိုလည်း အခမဲ့ သင်ပေးသွားရန် ရှိနေသည်။

    “သိပ်မကြာတော့တဲ့အနာဂတ်မှာ ဂျပန်ဟာ မွတ်စလင်တိုင်းပြည်တွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လိုအပ်လာမှာပါ။ အပြန်အလှန် နားလည်မှုနက်ရှိုင်းအောင် ဆောင်ရွက်တာဟာ ဂျပန်အတွက်လည်း ကောင်းမွန်မှာဖြစ်ပါတယ်” ဟု တိုကူမာဆုက ပြောကြားခဲ့သည်။

    Ref: Asahi