News @ M-Media

Blog

  • အမေရိကန်က အစ္စရေးအပေါ် စစ်ရေးအကူအညီ စံချိန်တင်တိုးမြှင့်

    အမေရိကန်က အစ္စရေးအပေါ် စစ်ရေးအကူအညီ စံချိန်တင်တိုးမြှင့်

    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    is

    – အမေရိကန်မှာ အစ္စရေးအပေါ် စံချိန်တင် စစ်ရေးအကူအညီအဖြစ် နှစ်စဉ် ကန်ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့ပေးရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ထိုသဘောတူညီချက်သက်တမ်းမှာ ၁၀ နှစ်ကြာမြင့်မည်ဟု သိရသည်။

    ၁၀ လကြာ အပြင်းအထန် ဆွေးနွေးခဲ့ပြီးနောက် ယမန်နေ့က ၀ါရှင်တန်ဒီစီတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကာ ယခင်က အစ္စရေးမှာ အမေရိကန်ထံမှ တစ်နှစ်လျှင် စစ်ရေးအကူအညီ ၃.၁ ဘီလီယံ ရရှိနေပြီး ထိုသဘောတူညီချက်မှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။

    ထို့ကြောင့် လက်ရှိနားလည်မှုစာချွန်လွှာအရ ၂၀၁၉ ခုနှစ်မှစ၍ အမေရိကန်က အစ္စရေးအား စစ်ရေးအကူအညီ ၃.၈ ဘီလီယံ ပေးအပ်သွားမည်ဖြစ်ပြီး အမေရိကန်သမိုင်းတွင် နိုင်ငံတစ်နိုင်ငံအား စစ်ရေးကူညီမှုပမာဏ အများဆုံး ပေးအပ်ခြင်းလည်းဖြစ်သည်။

    သို့သော်လည်း အမေရိကန်ကွန်ဂရက်မှ နှစ်စဉ်ထောက်ပံ့ကြေးများ ထပ်မံတောင်းဆိုခြင်းမပြုရန် ယခုစာချွန်လွှာတွင် အစ္စရေးက သဘောတူခဲ့ရသည်။

    ကျွမ်းကျင်သူများကမူ အမေရိကန်မှာ ၂၀၁၅ ခုနှစ်တွင် အစ္စရေးအား စစ်ရေးထောက်ပံ့မှု ၃.၁ ဘီလီယံအပြင် ကန်ဒေါ်လာ သန်း ၆၂၀ တန်ဖိုးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပမာဏတိုးမြှင့်မှုမှာ အမှန်တကယ်တွင် ယခင်ကထက် ကြီးမားသည့် ကွာဟချက်မျိုး မဖြစ်နိုင်ဟု သုံးသပ်မှုများ ရှိနေသည်။

    Ref: Aljazeera

  • ယူကေသံအမတ်တစ်ဦး အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်

    ယူကေသံအမတ်တစ်ဦး အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်

    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    collis

    – ဆော်ဒီနိုင်ငံဆိုင်ရာ ယူကေသံအမတ်ကြီး ဆီမွန် ပေါလ် ကောလစ်မှာ အစ္စလာမ်ဘာသာသို့ သက်ဝင်ယုံကြည်ခဲ့ပြီးနောက် ၎င်း၏ဇနီးနှင့်အတူ ယခုနှစ်တွင် ဟဂ်ျပြုခဲ့သည်ဟု သိရသည်။

    ကောလစ်အနေဖြင့် အစ္စလာမ်သို့ သက်ဝင်ကြောင်းသတင်းမှာ သံတမန်အသိုင်းအ၀ိုင်းအတွင်း ပြန့်နှံ့ခဲ့သော်လည်း လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    သို့သော် ယမန်နေ့က ဆော်ဒီ စာရေးဆရာနှင့် ပညာရှင်တစ်ဦးဖြစ်သူ ဖေါ်ဇီယာ အလ်-ဘာကာရ်က ကောလစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဟူဒါ မူဂျာကက်ခ်ျတို့မှာ အီဟ်ရမ်ဝတ်ရုံ (ဟဂ်ျပြုရာတွင် ၀င်ဆင်ရသည့် ၀တ်ရုံ) ၀တ်ဆင်ထားသည့် ဓာတ်ပုံ ၂ ပုံကို သူမ၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့ပြီးနောက် ထိုသတင်းမှာ ပြည်သူများအကြား အလျင်အမြန် ပြန့်နှံ့သွားခဲ့သည်။

    သံအမတ်ကြီး ကောလစ်ကလည်း အလ်-ဘာကာရ်၏ ပို့စ်အောက်တွင် ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ ဟူဒါမှာ အလ်-ဘာကာရ်၏ ပို့စ်ကို ထပ်ဆင့် မျှဝေခဲ့သည်။

    “မွတ်စလင်လူ့အဖွဲ့အစည်းတွေမှာ နှစ်ပေါင်း ၃၀ လာက် ကျင်လည်လာခဲ့ပြီးတဲ့နောက်၊ ဟူဒါနဲ့ လက်မထင်ခင်လေးတင်မှာပဲ ကျွန်တော်ဟာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့တာ ဖြစ်ပါတယ်” ဟု ကောလစ်က ပြောကြားခဲ့သည်။

    ကောလစ်မှာ ပြီးခဲ့သည့် ဇန်န၀ါရီမှစ၍ ဆော်ဒီနိုင်ငံဆိုင်ရာ ယူကေ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဘာရိန်း၊ အီရတ်၊ ဆီးရီးယား၊ ကာတာ၊ ဒူဘိုင်း၊ ဘာဆရာ၊ နယူးဒေလီ စသည့်နိုင်ငံများ ဒေသများတွင် ဗြိတိန်နိုင်ငံအတွက် သံတမန်ရေးရာ တာဝန်များကို ဆောင်ရွက်ခဲ့သူဖြစ်သည်။

    Ref: Arabnews

  • အစ္စရေးစစ်လေယာဉ်များကို ဆီးရီးယား ပစ်ချ

    အစ္စရေးစစ်လေယာဉ်များကို ဆီးရီးယား ပစ်ချ

    စက်တင်ဘာ ၁၃၊ ၂၀၁၆
    M-Media

    syria-4

    – နိုင်ငံတောင်ပိုင်းရှိ မိမိတို့၏ စစ်ဖက်ဆိုင်ရာ နေရာများကို တိုက်ခိုက်ခဲ့သည့် အစ္စရေး တိုက်လေယာဉ်နှင့် ဒရုန်းလေယာဉ်တို့ကို ပစ်ချခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ယနေ့တွင် ကြေငြာလိုက်သည်။

    အဆိုပါ အစ္စရေးလေယာဉ်များမှာ နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဆီးရီးယား၏ စစ်ဖက်ဆိုင်ရာ နေရာများကို တိုက်ခိုက်စဉ်အတွင်း နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်က သိရှိခဲ့ပြီးနောက် ပစ်ခတ်ချေမှုန်းခဲ့ခြင်းဟု နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြခဲ့သည်။

    တိုက်လေယာဉ်ကို Quneitra ဟူသည့်အရပ်တွင် ပစ်ချခဲ့ခြင်းဖြစ်ပြီး ဒရုနုးလေယာဉ်ကိုမူ Sasa ဆိုသည့် နေရာတွင် ပစ်ချခဲ့ခြင်းဖြစ်သည်။ အစ္စရေးမှာ ယနေ့မနက်ပိုင်းက Quneitra ရှိ ဆီးရီးယာ၏ အမြှောက်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ၅ ကြိမ်မြောက် တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

    အစ္စရေးစစ်တပ်ကမူ ဆီးရီးယားက ၎င်းတို့၏ လေယာဉ်များ ပစ်ချသည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဒုံးကျည်များပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    အစ္စရေးမှာ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းဒေသကို ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲက သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏ ပိုင်နက်အဖြစ် သွတ်သွင်းခဲ့ကာ နိုင်ငံတကာအ၀ိုင်းအ၀ိုင်းက အစ္စရေး၏ ထိုလုပ်ရပ်အား ရှုတ်ချထားသည်။

    Ref: PressTV

  • အသားအစ်လက်ချာ (သို့) အယောင်ဆောင် မေတ္တာဝါဒီများသို့ စောင်းတီးခြင်း

    အသားအစ်လက်ချာ (သို့) အယောင်ဆောင် မေတ္တာဝါဒီများသို့ စောင်းတီးခြင်း

    စက်တင်ဘာ ၁၃ ၊ ၂၀၁၆
    သမာဓိ ရေးသည်
    .thamar-di
    စက်တင်ဘာ ၁၃ ရက်နေ့ မြန်မာနိုင်ငံမှာ ကျရောက်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အီဒွလ်အသွဟာ စွန့်လှူဒါနပြုမှု (အသားအစ်) ပွဲတော်ဟာ တစ်နှစ်မှတစ်ခါ လူစိတ်ဝင်တတ်တဲ့ အုပ်စုတစ်စုရဲ့ အနှောက်အယှက်တစ်ချို့ ရှိပေမယ့်လည်း အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။
    .
    တောင်သူဦးကြီးတွေလည်း တစ်ခြားအချိန်မှာ အောက်ဈေးနဲ့ တရုတ်ပြည်ကို တင်ပို့ရတဲ့နွားတွေ မွတ်စလင်တွေရဲ့ အသားအစ်ကြောင့် ကြိုက်ဈေးရခဲ့ပြီး ချောင်လည်ခဲ့သလို၊ နိုင်ငံတော်ကလည်း အသားအစ်မှာ စွန့်လှူတဲ့ နွား၊ ဆိတ်၊ သိုး တစ်ကောင်ချင်းစီအတွက် အခွန်ရလို့ ၀င်ငွေတိုးခဲ့ပါတယ်။ လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်ခမျိုး ရလေ့သိပ်မရှိတဲ့ နွားသတ်ရုံက ဗုဒ္ဓဘာသာဝင် ကစိုင်သမားတွေလည်း အစ်နေ့ကြောင့် ငွေရွှင်ခဲ့ကြပြန်ပါတယ်။
    .
    မွတ်စလင်တွေရဲ့ အီဒွလ်အသွဟာ အသားအစ်မှာ အကျိုးအဖြစ်ထွန်းဆုံးကတော့ ကျွဲ၊ နွားတစ်တွေကိုပဲကွက်ပြီး အသက်ကယ်ဖို့သိတဲ့ ဇီဝိတဒါနအဖွဲ့တွေကြောင့် လူ့ခန္ဓာကိုယ်အတွက် အားအဖြစ်ဆုံး အမဲသားဈေး ခေါင်ခိုက်လာကာ ၀ယ်စားဖို့ အခက်အခဲရှိကြတဲ့ အခြေခံလူတန်းစား ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ပါတယ်။
    .
    ကုရ်ဘာနီအစ်နားနီးမှ နွားသနားဖို့ သတိရတဲ့ အချောင်သမား အုပ်စုတွေအကြောင်းကို ‘မွတ်စလင်၊ အသားအစ်နဲ့ မေတ္တာရှင်ယောင်ဆောင် အချောင်သမားများ’ ဆိုတဲ့ဆောင်ပါးမှာ ထောက်ပြရေးသားခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ထပ် မကျေလည်တာလေးတွေ ရှိတဲ့အတွက် ဒီမှာ ထပ်ပြီး အန်ပါရစေ။
    .
    ယစ်ပူဇော်တာလား
    ——————-
    စစ်အာဏာရှင်စနစ်ကနေ ဖားတစ်ပိုင်းငါးတစ်ပိုင်း ဒီမိုကရေစီနဲ့ တစ်ပါတည်း ပေါက်ဖွားလာခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး အစွန်းရောက်အုပ်စုတွေ ပေါ်လာကတည်းက ကုရ်ဘာနီကို ယစ်ပူဇော်မှုအဖြစ် ပုံဖေါ်ပြောဆိုလာကြပါတယ်။
    .
    တစ်ချို့လူ့အဖွဲ့အစည်းတွေမှာ နတ်တွေ၊ ဘုရားတွေကို ချော့ဖို့၊ မြှူဖို့ သားကောင်တွေကိုသတ် သွေးတွေ၊ အသားတွေနဲ့ နတ်ဘုရားအရုပ်တွေကို ပူဇော်၊ ပသတာမျိုး၊ သုတ်လိမ်းတာမျိုးလို ယစ်ပူဇော်မှုနဲ့ မွတ်စလင်တို့ရဲ့ ကုရ်ဘာနီ အသားအစ်ကို နှိုင်းယှဉ်တဲ့ ရည်ရွယ်ချက်ကတော့ အစ္စလာမ်သာသနာကို အရိုင်းအစိုင်း ဘာသာတရားအဖြစ် ပုံဖော်ချင်တာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလိုပုံဖေါ်တဲ့ ဒီအစွန်းရောက်တွေရဲ့ ယဉ်ကျေးမှု၊ ဘာသာတရား နောက်ခံအရ ဘုရားဆိုတာ ဒီလို ပူဇော် ကပ်လှူရတယ်ဆိုတဲ့ အခြေခံကနေလာတဲ့ အတွေးလည်း ဖြစ်ပါတယ်။
    .
    ယစ်ပူဇော်မှုရဲ့ အဓိကအကြောင်းအရင်းနှစ်ခုရှိပါတယ်။ တစ်ခုကတော့ သဘာဝဘေးအန္တရာယ် ကျရောက်တာဟာ နတ်တွေ၊ ဘုရားတွေရဲ့ ဒေါသကြောင့်လို့ ယူဆတဲ့အတွက် ဒီဒေါသတွေပြေပျောက်ဖို့ အဲဒီ နတ်ဘုရားတွေကို သားကောင်တွေ (တစ်ခါတစ်ရံမှာ လူတွေ) နဲ့ ယစ်ပူဇော်ရတာဖြစ်ပြီး၊ နောက်တစ်ခုကတော့ ကိုယ့်ရဲ့လိုဘအောင်မြင်ဖို့ (ဥပမာ စစ်အောင်နိုင်ဖို့) အတွက် ပူဇော်ရတာမျိုးပါ။ အဲဒီပူဇော် ပသလိုက်တဲ့ အသားကို လူသားတွေအနေနဲ့ ထိလို့ ကိုင်လို့ မရတာ၊ စားလို့မရတာ စတဲ့ပညတ်တွေလည်း ရှိပါသေးတယ်။
    .
    ဒါပေမယ့် အစ္စလာမ်က ထာဝရဘုရားရှင်လို့ သတ်မှတ်ထားတဲ့ အလ္လာဟ်အရှင်မြတ်ကတော့ ချော့ရတာ၊ မြှူရတာ၊ ပင့်ရတာ၊ မြှောက်ရတာ၊ ပူဇော်ရတာ၊ ပ,သရတာ၊ ကပ်လှူရတာတွေ လုပ်ပေးရတဲ့ ဘုရားမျိုး မဟုတ်ပါဘူး။ ကုရ်အာန်ထဲမှာ “သင်တို့ ကောင်းမှု၊ မကောင်းမှုဟာ ငါအရှင်မြတ်ရဲ့ တည်ရှိမှုကို ကြီးကြယ်ခြင်း၊ သေးသိမ်ခြင်း အလျင်းမပြုနိုင်” လို့ အပြတ် မိန့်ကြားထားပြီးသားပါ။
    .
    နောက်ပြီး အစ္စလာမ်က ဘာသာဝင်တွေ လိုက်နာဖို့၊ စောင့်ထိန်းဖို့ သတ်မှတ်ထားတဲ့ ပညတ်အားလုံးဟာ လူသားတွေရဲ့ အကျိုးအတွက်သာ ဖြစ်ပါတယ်။ ဥပမာ တစ်နေ့ ဘုရားငါးကြိမ်ဝတ်ပြုရတာကိုကြည့်ရင် တစ်ကြိမ်ချင်းစီမှာ မတ်မတ်ရပ်ရတာ၊ ဦးညွှတ်ရတာ၊ ဦးချရတာ၊ မတ်မတ်ထိုင်ရတာတွေကို အကြိမ်များစွာ ပြုလုပ်ရတာကြောင့် ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ၀တ်ပြုနေတဲ့အခါမှာ ကိုယ့်ရဲ့ နှုတ်လျှာက ရွတ်ဆိုနေတဲ့ ကျမ်းစာတွေကို အာရုံစိုက်ရတာကြောင့် စိတ်တည်ငြိမ်ဖို့လည်း ကျင့်ပြီးသား ဖြစ်သွားပါတယ်။
    .
    ကုရ်ဘာနီရဲ့ အကျိုးကျေးဇူးတွေကတော့ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ ကုရ်ဘာနီဟာ ယစ်ပူဇော်သလိုမျိုး နတ်ဘုရားရုပ်ထုတွေ ကို သွေးတွေ၊ အသားတွေနဲ့ သုတ်လိမ်း ပူဇော်ပသရတာမျိုး၊ ကိုယ်လည်းမစားရ၊ သူများကိုလည်း ကျွေးလို့ မရတဲ့ ဖြုန်းတီးမှုမျိုး မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ကလည်း ‘အသင်တို့ စွန့်လှူလိုက်တဲ့ သားကောင်ရဲ့ အသွေး၊ အသား၊ အမွေးအမျှင် စတာတွေဟာ ငါ့ထံသို့ရောက်သည်မဟုတ်။ သင်တို့ရဲ့ ဒါနသီလသာလျှင် ငါ့ထံ ရောက်ရှိတာဖြစ်တယ်’ လို့ အတိအကျ မိန့်ထားပြီးသားပါ။ အဲဒီဒါနသီလဟာလည်း လူသားတွေရဲ့ အခုဘ၀နဲ့ နောင်တမလွန်မှာ အကျိုးခံစားဖို့အတွက်ပဲ ဖြစ်ပါတယ်။
    .
    အဲတော့ မွတ်စလင်တွေရဲ့ ကုရ်ဘာနီအစ်နေ့ကို ယစ်ပူဇော်မှုအဖြစ် သုံးနှုန်းပြောဆိုတာဟာ လုံးဝ အဓိပ္ပါယ်မရှိဘဲ မိမိကိုးကွယ်တဲ့ ဘာသာ၊ တစ်ခြားသူတွေရဲ့ ဘာသာအကြောင်း ဂဃနဏ နားလည်မှုမရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမုန်းတရားတွေ ပြန့်ပွားအောင်၊ မတည်မငြိမ်ဖြစ်အောင် အစွန်းရောက်အုပ်စုတွေက လှုံ့ဆော်တာပဲ ဖြစ်ပါတယ်။
    .
    ရက်စက်တာလား၊ ကြင်နာတာလား
    —————————–
    ကုရ်ဘာနီကို ဆန့်ကျင်တဲ့ လူပြိန်းအုပ်စုတွေ လက်ညှိုးထိုးတဲ့ နောက်ကိစ္စတစ်ခုကတော့ လည်ပင်းသွေးကြော လှီးတာဖြစ်ပြီး မွတ်စလင်တွေဟာ ရက်စက်သူတွေအဖြစ် အာပေါင်အာရင်းသန်သန် ပြောကြတာပါ။
    .
    ဒီလိုပြောဆိုမှုဟာ လူပြိန်းတောထဲမှာတော့ သြဘာပေးခံရပေမယ့် ဗဟုသုတကြွယ်ဝတဲ့ လူတန်းစားတွေကတော့ ‘ဒီကောင်တွေ တော်တော်အသိနည်းပါလား’ ဆိုပြီး ၀ိုင်းဟားကြမှာပါ။
    .
    အစ္စလာမ်ဘာသာဝင်တွေနေနဲ့ ဘယ်အစားအသောက်ကိုပဲ စားစား ‘ဟာလာလ်’ ဖြစ်မှ စားသုံးဖို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။ ‘ဟာလာလ်’ ဆိုတာ နာမ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ခြင်းလို့ ယေဘူယျ အဓိပ္ပါယ်ဖွင့်လို့ရပြီး၊ လည်လှီးတာကို ပြောတာမဟုတ်ပါဘူး။ နာမ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုကို ရှင်းရရင် ခိုးထားတဲ့ ပိုက်ဆံ၊ လိမ်ထားတဲ့ပိုက်ဆံ၊ မတရားယူထားတဲ့ ပိုက်ဆံနဲ့ ၀ယ်ထားတဲ့ အစားသောက်ဟာ ဟာလာလ်မဖြစ်တာမျိုးပါ။
    .
    နောက်ပြီး အစ္စလာမ်မှာ တိရစ္ဆာန်ရဲ့ အသွေးကို မစားဖို့နဲ့ သားကောင်ကို ပေါ်တဲ့အခါမှာ သွေးကို ကုန်စင်အောင်ထုတ်ဖို့ သွန်သင်ထားပြီး အဲဒီအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ လည်ပင်းက သွေကြောကို ဖြတ်တောက်ရတဲ့ နည်းလမ်းကိုလည်း သွန်သင်ပေးထားပါတယ်။
    .
    အဲဒီလို လည်ပင်းကို လှီးတဲ့အခါမှာ အမြင်အရ ရက်စက်တယ်လို့ ယူဆနိုင်ပေမယ့် ဆေးပညာအရတော့ သားကောင်ကို အကြင်နာဆုံး အသက်ထွက်စေတဲ့နည်လမ်းလို့ ဆိုပါတယ်။ လည်ပင်းက သွေးကြောကြီး ၄ ခုကို ခပ်သွက်သွက်လေး လှီးဖြတ်လိုက်တာကြောင့် ဦးနှောက်ထဲကို သွေးက မရောက်တော့ဘဲ စက္ကန့်အနည်းငယ်အတွင်းမှာ သားကောင်ဟာ သတိလစ်သွားပြီး နာကျင်မှုဒဏ်ကို မခံစားရတော့ပါဘူး။
    .
    လည်ပင်သွေးကြောနေတစ်ဆင့် ရောဂါဘယများ ခိုအောင်းရာ သွေးတွေအားလုံးလည်း ထွက်သွားတာကြောင့် အသားကလည်း သန့်သွားပါတယ်။ လည်ပင်းကို လှီးဖြတ်ပြီးတဲ့အခါမှာ သားကောင်က ရုန်းကန်နေတာမျိုးဟာ နာကျင်မှုကြောင့်မဟုတ်ဘဲ ဦးနှောက်မှာ အောက်ဆီဂျင်ပါတဲ့သွေး အလုံအလောက် ပြန်မလာတာတဲ့အတွက် အာရုံကြောတွေကနေ ကြွက်သားတွေကို သတင်းပို့ပြီး ကြွက်သားတွေက သွေးကို ညှစ်ထုတ်ပေးတာကြောင့် ဖြစ်ပါတယ်။
    .
    အစ္စလာမ့်နည်းကျ သားကောင်လှီးဖြတ်ခြင်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အပါအ၀င် ထိန်တန်း နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကျန်းမာရေးအဖွဲ့အစည်းတွေကလည်း သားကောင်ကို နာကျင်မှုအနည်းဆုံးနဲ့ အသက်ထွက်စေတဲ့၊ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးအသားကို ရရှိတဲ့ နည်းလမ်းလို့ သတ်မှတ်ထားပြီး ကမ္ဘာ့နိုင်ငံတစ်ဝှမ်းက သားသတ်ရုံတွေမှာ လက်ရှိအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။
    .
    ဒါ့ကြောင့် မွတ်စလင်တွေရဲ့ သားကောင်လှီးဖြတ်ခြင်းနည်းလမ်းဟာ ‘သူ့အသတ် မသတ်ရ’ လို့ သွန်သင်ခြင်းခံထားရတဲ့ လူ့အဖွဲ့အစည်းက ၀က်တွေ၊ နွားတွေ၊ ကျွဲ၊ ကြက်၊ ဘဲ၊ ခွေး၊ ကြောင်တွေကို မှိန်းနဲ့ထိုးသတ်တာ၊ တင်းပုပ်နဲ့ ထုသတ်တာ၊ အရှင်လတ်လတ် ရေနွေးဖျောတာ၊ လည်မျိုကိုင်ပြီး ရိုက်သတ်တာထက်စာရင် ပိုပြီး လူသားဆန်တဲ့၊ အကြင်နာတရား ပြည့်ဝတဲ့ နည်းလမ်းဖြစ်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတော့တယ်။
    .
    ငါ့စကားနွားရ
    ————
    ဒီနှစ်မှာ နောက်ထပ် ထပ်တိုး အန်ချင်တာလေးတစ်ခုကို ထပ်တွေ့ရပါတယ်။
    .
    အဲဒါကတော့ ခြင်ထောင်ကိစ္စ၊ ပေါင်ခြံကိစ္စတွေမှာ ၀င်ဝင်ပါတတ်ပြီး နိုင်ငံရဲ့ တရားစီရင်ရေး အုပ်ချုပ်ရေးကဏ္ဍတွေမှာ လူတွင်ကျယ်လုပ် ၀င်ရောက်စွက်ဖက်တတ်တဲ့ မန်းတိုင်းမဘသရဲ့ ကြေငြာချက်နဲ့၊ ဘာသာခြားတွေ (အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေ) ကို တိုက်ခိုက်ဖို့၊ မောင်းထုတ်ဖို့၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးဆိုးလုယက်ဖို့၊ ဘ၀တွေကိုဖျက်ဆီးဖို့ တိုက်ရိုက်တစ်ဖုံ၊ သွယ်ဝိုက်၍တစ်ဖုံ လှုံ့ဆော်ကာ ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒကို ပုံဖော်နေတဲ့ ကမ္ဘာသိ အစွန်းရောက်ဘုန်းကြီး ၀ီရသူရဲ့ Facebook စာမျက်နှာက မှတ်ချက်တစ်ခုပါပဲ။
    .
    (ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒလို့ပြောလို့ အော်ဂလီမဆန်ပါနဲ့။ အစ္စလာမ့်မစ် အကြမ်းဖက်သမားတွေ ထည်လဲသုံးတဲ့ ဘာသာဝါးမျိုးခံရမှု၊ ယဉ်ကျေးမှုလွှမ်းမိုးခံရမှုစတဲ့ အိုက်ဒီယိုလော်ဂျီတွေကို ၀ီရသူနဲ့ သူ့ရဲ့အပေါင်းအပါ အဖွဲ့အစည်းတွေက ဤသည်မရွေး ကူးချထားလို့ ဒီလိုဆိုရခြင်း ဖြစ်ပါတယ်။)
    .
    ကြားဖြတ်အနေနဲ့ ပြောရရင် စက်တင်ဘာ ၁၂ ရက်နေ့ညပိုင်းမှာ ၀ီရသူဟာ မန္တလေးမှာ လူရာချီတဲ့ အုပ်စုနဲ့ မေတ္တာသုတ်ရွတ်တယ်လို့ဆိုကာ ဒေသမတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့ပါသေးတယ်။ တကယ်တော့ ဒီပုဂ္ဂိုလ်ဟာ မေတ္တာသုတ်ကိုသာ ရွတ်ချင်တာဖြစ်ပြီး၊ မေတ္တာမထားချင်တဲ့ပုဂ္ဂိုလ်ဆိုတာ သူ့ရဲ့ သွေးထိုးမှုတွေ၊ လှုံ့ဆော်မှုတွေ၊ မုသားပြောဆိုမှုကနေ အထင်းသား တွေ့မြင်နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မန္တလေးအကြမ်းဖက်မှုမှာလည်း ၀ီရသူဟာ လုပ်ကြံမုဒိမ်းသတင်းကို ဆိုရှယ်မီဒီယာမှာတင်ကာ အကြမ်းဖက်မှုဖြစ်ပွားအောင် လှုံ့ဆော်ခဲ့ဖူးပါတယ်။
    .
    ပြန်ကျော့ရင် ၀ီရသူရဲ့မှတ်ချက်ရဲ့ ဆိုလိုရင်းကတော့ မွတ်စလင်တွေရဲ့ တိရစ္ဆာန်ကို လည်လှီးခြင်းက (လည်လှီးတာဟာ သတ္တ၀ါကို သေစေရာမှာ အကြင်နာဆုံးနည်းလမ်းဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီ) အကြမ်းဖက်သမားတွေ ပေါ်ပေါက်ဖွားရာနည်းလမ်းဖြစ်တယ်၊ သတ္တ၀ါတွေကို ကြင်နာမှ ဘာသာတရားဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်တွေကြောင့်၊ အစ္စလာမ်ဘာသာကြောင့် ကမ္ဘာကြီး မငြိမ်းမချမ်းဖြစ်နေတယ်ဆိုတဲ့ ပညာမဲ့ဆန်ဆန် ဝေဖန်မှုပါပဲ။ ဒါဟာ အောက်တန်းစားဆန်တဲ့ ၀ါဒဖြန့်ချီမှုလည်း ဖြစ်ပါတယ်။
    .
    ဘာသာတိုင်းမှာ ဘာသာရေးကို ခုတုံးလုပ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အရင်ကလည်ရှိခဲ့၊ အခုလည်းရှိနေပြီး နောက်လည်း ရှိနေအုံးမှာပါပဲ။
    .
    ခရစ်ယာန်မှာ အမေရိကန်အခြေစိုက် KKK အဖွဲ့၊ ယုဂန်ဒါအခြေစိုက် Lord’s Resistance Army၊ ဗဟိုဘာဖရိက က အခြေစိုက် Antibalaka၊ အိန္ဒိယအခြေစိုက် National Liberation Front of Tripura၊ အိုင်ယာလန်အခြေစိုက် Catholic Reaction Force/Protestant Action Force စသဖြင့် နောက်ထပ် အများကြီး ရှိနေပြီး၊ ဟိန္ဒူမှာလည်း Saffron terror၊ Rashtriya Swayamsevak Sangh (RSS) စတဲ့အဖွဲ့တွေဟာ ထင်ရှားတဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာဆိုရင်တော့ သီရိလင်္ကာက BBS အကြမ်းဖက်အဖွဲ့၊ မြန်မာနိုင်ငံက ၉၆၉၊ မဘသ အစွန်းရောက်အဖွဲ့တွေကတော့ ကမ္ဘာကျော်ပါတယ်။ အစ္စလာမ်က အကြမ်းဖက်အဖွဲ့တွေကတော့ ကမ္ဘာသိ၊ မြန်မာသိဖြစ်နေတဲ့အတွက် မဖော်ပြတော့ပါဘူး။ နောက်ထပ် ဂျူး၊ ဆစ်ခ် စတဲ့ ဘာသာတွေမှာလည်း အကြမ်းဖက်အဖွဲ့အစည်းတွေ ရှိနေပါတယ်။
    .
    မွတ်စလင်လူငယ်တွေအစွန်းရောက်သွားတာဟာ ငွေ၊ မိန်းမ၊ ပုံဖျက်ထားတဲ့ ဘာသာရေးသွန်သင်ချက်တွေနဲ့ စည်းရုံးသိမ်းသွင်းတာဖြစ်တယ်လို့သာ ကမ္ဘာတစ်တစ်ဝှမ်းက လက်ခံထားကြပါတယ်။ ဒ့ါကြောင့် ကုရ်ဘာနီလုပ်လို့ အကြမ်းဖက်သမားတွေပေါ်ထွက်လာတယ်၊ အစ္စလာမ်မှာပဲ အကြမ်းဖက်အဖွဲ့အစည်းတွေရှိတယ်ဆိုတဲ့ ပုံစံမျိုး ၀ါဒဖြန်နေတဲ့ ၀ီရသူရဲ့စကားကတော့ သိပ်ကို အခြေအမြစ်မဲ့လွန်းပါတယ်။
    .
    နောက်ပြီး ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ ရ၀မ်ဒါဂျီနိုဆိုက်၊ နာဇီဂျီနိုဆိုက်၊ ခမာဂျီနိုဆိုက် စသဖြင့် ကမ္ဘာတစ်ဝှမ်းနဲ့ မြန်မာနိုင်ငံမှာပါ ခေတ်အဆက်ဆက် ဘာသာရေးကိုအခြေခံတဲ့၊ လူမျိုးရေးကို အခြေခံတဲ့၊ နိုင်ငံရေးကို အခြေခံတဲ့ စစ်ပွဲတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေ အတောမသတ်နိုင်အောင် ဖြစ်ပွားခဲ့ပါတယ်။ ဒါကိုမှ အစ္စလာမ်ဘာသာကပဲ၊ မွတ်စလင်တွေကပဲ ကမ္ဘာကြီးမငြိမ်းချမ်းအောင် လုပ်နေတယ်လို့ မြင်နေရင်တော့ ရွာသာကြီး စိတ္တဆေးရုံမှာသွားပြီး စစ်ဆေးမှုခံယူဖို့ အကြံပြုပါရစေ။
    .
    အစ္စလာမ်သာသနာမှာ တိရစ္ဆာန်တွေကို ကိုယ်ရဲ့ အဟာရအတွက်နဲ့ ကိုယ့်ကို အန္တရာယ်ပြုလာတဲ့အချိန်တွေမှာသာ သတ်ခွင့်ပြုထားတာဖြစ်ပြီး၊ အဲဒီအကြောင်းနှစ်ရပ် မရှိရင်တော့ သတ္တ၀ါမပြောနဲ့ အပင်တစ်ပင် သစ်ကိုင်းတစ်ကိုင်းတောင် ချိုးခွင့်မရှိပါဘူး။ လူဆိုရင်လည်း သေစားသေစေအတွက်သာ အထောက်အထား ခိုင်ခိုင်လုံလုံပြကာ သတ်ခွင့်ရှိပြီး သေဆုံးသူရဲ့ မိသားစုက ကျေအေးမယ်ဆိုရင် တရားခံက သေမိန့်ကနေ လွတ်မြောက်ခွင့်ရပါတယ်။ ဒါ့ကြောင့် သတ္တ၀ါတွေအပေါ် ကြင်နာရမယ်၊ သူ့အသက်သက်ခွင့်မရှိဘူးလို့ တစ်ဖက်မှာဆိုထားပြီး နောက်တစ်ဖက်မှာတော့ သူများသတ်ထားရင်တော့ ကိုယ်က စားလို့ရတယ် ဆိုတဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် အယူအဆမျိုး၊ လူ့အဖွဲ့အစည်း တည်ငြိမ်အောင် ထိန်းညှိပေးနိုင်မယ့် ဥပဒေမျိုးမရှိတဲ့ အယူဝါဒမျိုးထက်စာရင်တော့ အစ္စလာမ်ဟာ ပိုသဘာဝကြပြီး၊ လူ့မှုဘ၀နဲ့လည်း ပိုကိုက်ညီတယ်လို့ ပြောလို့ရပါတယ်။
    .
    မန်းတိုင်း မဘသ ရဲ့ ကြေငြာချက်ကလည်း ၀ီရသူနဲ့တစ်သဘောတည်းဖြစ်နေပြီး တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက မွတ်စလင်တွေရဲ့ ကုရ်ဘာနီအစ်နေ့မှာ “သတ္တ၀ါတွေကိုသတ်ဖြတ်တာဟာ မြင့်မြတ်တဲ့ ဘာသာတရားတစ်ခုရဲ့ စံချိန်စံနှုန်းနဲ့ လုံးဝ မအပ်စပ်ဘူး” လို့ ရေးသားထားတာပါပဲ။
    .
    ဘာသာတရားတစ်ခုရဲ့ မြင့်မြတ်တဲ့ စံနှုန်းကို ဘယ်သူက သတ်မှတ်ပေးထားတာလဲ။ ဘယ်အဖွဲ့အစည်းက ထုတ်ပြန်ပြီး ကမ္ဘာပေါ်က ဘယ်နိုင်ငံတွေက လက်ခံထားပါသလဲ။ ငါ့ဘာသာရဲ့ သွန်သင်ချက်ကသာ မြင့်မြတ်တဲ့စံနှုန်းဖြစ်တယ်လို့ တစ်ဖက်ဆွဲယူဆမယ်ဆိုရင်တော့၊ ငါဘာသာကလွဲရင် ကျန်တာအကုန် မိစ္စာဒိဌိပဲလို သတ်မှတ်ထားတဲ့ အလ်ကိုင်ဒါးတို့လို၊ IS တို့လို အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပုလင်းတူဗူးဆို့ ဖြစ်သွားပါလိမ့်မယ်။ တစ်ခါတစ်လေ ငါ့စကားနွားရပြောတယ်ဆိုတာလည်း ကိုယ့်ရှုး ကိုယ်ပြန်မပတ်အောင် သတိထားတတ်ရပါတယ်။
    .
    တစ်ကယ်တော့ ၀ီရသူအပါအ၀င်၊ ကုရ်ဘာနီ ဆန့်ကျင်ရေးအဖွဲ့တွေဟာ အမှန်တကယ် သတ္တ၀ါတွေကို ကြင်နာလို့၊ သနားလို့၊ တစ်ကယ်မေတ္တာရှိလို့မဟုတ်ဘဲ အစ္စလာမ်ဘာသာကို တိုက်ခိုက်လိုတဲ့ စိတ်ဓာတ်နဲ့သာ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
    .
    အစ္စလာမ်ဘာသာကိုတိုက်ခိုက်လို့ ဘာမှ အမြတ်ရစရာမရှိပါဘူး။ အခုတောင် ၀ီရသူတို့လက်ချက်ကြောင့် ကမ္ဘာမှာ ဗုဒ္ဓဘာသာဟာ ပုံတော်တော်ပျက်နေပါပြီ။ နောက်ဆုံး မွတ်စလင်တွေ မခံနိုင်လို့ ပြန်တုန့်ပြန်ရင်လည်း Loose-Loose အခြေအနမျိုးသာ ဖြစ်မှာပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်တွေကို ကြည့်လိုက်ရင် မွတ်စလင်ပါဝါ ကြီးတာကြောင့် မြန်မာနိုင်ငံမှာ အစ္စလာမ်ဆန့်ကျင်ရေး ပီပီပြင်ပြင်ပုံပေါ်လာရင် တိုင်းပြည်ရှေ့ရေးအတွက် မကောင်းနိုင်ဘူးဆိုတာ သိထားဖို့လိုပါတယ်။
    .
    အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေ တန်ခိုးထွားလာတဲ့ လူ့အဖွဲ့အစည်းဟာ မငြိမ်းချမ်းဖူးဆိုတာ ဆီးရီးယား အီရတ်နဲ့ အာဖဂန်တို့က အကောင်းဆုံး သက်သေပါပဲ။ ဒါ့ကြောင့် အစိုးရအပါအ၀င် သမာသမတ်ကျတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ၀ီရသူလို့၊ နွားသနားရေးအဖွဲ့တွေလို အာချောင်ချင်တဲ့၊ ဘာသာရေးဗန်းပြ အမြတ်ထုတ်ချင်တဲ့ အဖွဲ့တွေကို အချိန်မီတားဆီးဖို့ တိုက်တွန်းလိုက်ပါတယ်။
    .
    (သမာဓိ – ၁၃.၉.၁၆)

  • လူနည်းစုဝင်တွေ ဆက်လက် ဖိနှိပ်ခံနေရမှု လန်ဒန်ရောက် မြန်မာအချို့ ဆန္ဒပြ

    လူနည်းစုဝင်တွေ ဆက်လက် ဖိနှိပ်ခံနေရမှု လန်ဒန်ရောက် မြန်မာအချို့ ဆန္ဒပြ

    စက်တင်ဘာ ၁၂ ၊ ၂၀၁၆
    M-Media
    သတင်း-မြတ်သူရအောင်
    14238254_1254516197905908_8993740816512879410_n
    ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီတွင် လန်ဒန်မြို့ မြန်မာသံရုံးအရှေ့မှာ Burmese Muslim Association (BMA-UK) မှဦးဆောင်၍ ယူကေရောက် မြန်မာအချို့ဟာ မြန်မာအစိုးရကို ဆန့််ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တရပ်ပြုလုပ်ခဲ့ပါတယ်။

    မြန်မာပြည်က အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ သူတွေအပါအဝင် လူနည်းစုများ ခွဲခြားဆက်ဆံ ခံနေရခြင်း ကိစ္စ ၊ လူနည်းစုဝင်တွေကို Identity Card for National (NVC) အစိမ်းရောင်ကဒ်တွေ ထုတ်ပေးနေပြီး အထောက်အထားမဲ့ ဧည့်နိုင်ငံသားအဖြစ် သတ်မှတ်ရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်သည့် အနေနဲ့ ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။

    ” ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ စတက်လာပြီး မကြာခင် ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက မွတ်စလင်မ်တွေဟာ ဧည့်နိုင်ငံသားတွေ ဖြစ်တယ်လို့ မီဒိယာတခုကို ပြောခဲ့တယ်။  နောက်တခါ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ချာခ်ျဝင်းထဲမှာ မြိုင်ကြီးငူဆရာတော်ရဲ့ ကျူးကျော် စေတီ တွေ အတင်းဝင်ရောက်တည်ဆောက်ခဲ့တယ်။ နောက်ပြီး ရွှေဂွန်းက ဗလီ ဘေးလမ်းကြားမှာ စေတီ ထပ်ပြီး တည်ခဲ့တယ်။ သူရဲသမိန်နဲ့ လုံးခင်းမှာ ဗလီတွေ ဖျက်ခံရတယ်။ မီးရှို့ခံရတယ်။ ကျနော်တို့ဟာ စစ်အစိုးရ လက်ထက် မှာ တောက်လျောက်အဖိနှိပ် အကြမ်းဖက်ခံခဲ့ရတယ်။ NLD အစိုးရ တက်လာတဲ့အခါမှာ ကျနော်တို့ နိုင်ငံသားအခွင့်အရေး တန်းတူရဖို့ အများကြိး မျှော်လင့်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဖိနှိပ်မှုတွေ ဆက်ဖြစ်နေတယ်။ အခု မွတ်စလင်မ်နဲ့ လူနည်းစု ဝင်တွေကို NVC ဆိုတဲ့ အစိမ်းရောင်ကဒ် ပေးပြီးတော့ အထောက်အထားမဲ့ တဲ့လူတွေ ဖြစ်အောင် ဆက်လုပ်နေတယ်လို့ သိရတယ်။ ဒါတွေကို ဆန့်ကျင်တယ်ဆိုတဲ့ အကြောင်း သံရုံးမှာ ဆန္ဒထုတ်ဖော်ရင်းနဲ့ ကျနော် တို့ မက်ဆစ်ပေးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကို မုန်းလို့ မဟုတ်ပါဘူး။ လိုအပ်ချက်အရ တိုင်းပြည်ခေါင်းဆောင် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဆီ တောင်းဆိုရတာဖြစ်ပါတယ် “လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုကျော်စွာက  M-Media ကို ပြောပြပါတယ်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ  ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိနေတာဖြစ်ပြီး မနက်ဖြန်မှာ အမေရိကန်ပြည်ထောင်စုကို ဆက်လက်ထွက်ခွါမယ်လို့ သိရှိရပါတယ်။

    14291848_1254514037906124_5530652928303341794_n

    14330034_1254515627905965_8611808964666718385_n

    14344359_1254513824572812_6878032901653648378_n