News @ M-Media
Blog
  • ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်
    ပေါ့ဘာ၏ ခြေစွမ်းမပြနိုင်မှုအား မော်ရင်ဟို ကာကွယ်
    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    pb
    – ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခဲ့သော်လည်း ခြေစွမ်းမပြနိုင်သေးသည့် ပေါ့ဘာအား နည်းပြမော်ရင်ဟိုက ကာကွယ်ပြောဆိုလိုက်ပြီး ၎င်း၏ တန်းဖိုးကို မေ့ထားရန်လည်း တိုက်တွန်းခဲ့သည်။
    ပေါ့ဘာမှာ ၂၀၁၂ ခုနှစ်က မန်ယူမှ ဂျူဗင်တပ်စ်သို့ ထွက်ခွာပြီးနောက် ယခုနွေရာသီတွင် ပေါင် ၈၉ သန်းဖြင့် မန်ယူသို့ ပြန် ရောက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်လက ဆောက်သက်တမ်နှင့် ပွဲဦးထွက်တွင် ခြေစွမ်းပြနိုင်ခဲ့သည်။ သို့သော်လည်း မန်စီးတီး၊ ယူရိုပါတွင် ဖီယင်နုတို့အား ရှုံးနိမ့်ခဲ့သည့်ပွဲများတွင် ၎င်း၏ ခြေစွမ်းမှာ ထိပ်တန်းအဆင့် မရှိခဲ့သောကြောင့် ဝေဖန်မှုများကို ခံနေရသည်။
    သို့သော်လည်း မော်ရင်ဟိုကမူ ပေါ့ဘာ၏ တန်ဖိုးမှာ အသင်း၏ အမြတ်နှင့်ယှဉ်လျှင်လည်းကောင်း၊ အခြားသော အသင်းနှင့်လည်းကောင်း နှိုင်းယှဉ်ပါက ကြီးမားသည့် ပမာဏမဟုတ်ဟု ဆိုသည်။
    “မန်ယူက ပေါ့ဘာအတွက် ပေးတာထက်ကို ပိုပြီး ပေါင် သန်း ၂၀၊ ၃၀၊ ၄၀ ပေးတဲ့ အသင်းတွေရှိပါတယ်။ အသင်းရဲ့အမြတ်၊ ကျွန်တော်တို့ပေးတာနဲ့ နှိုင်းယှဉ်ရင် မန်ယူက သုံးတာထက် အခြားအသင်းတွေက ပေါင်း သန်း ၂၀၊ ၃၀၊ ၄၀ လောက် ပိုသုံးနေတာကို ခင်ဗျားတို့ မြင်လာမှာပါ။ ပေါ့ဘာအနေနဲ့ အဲဒီတန်ဖိုးကြီးကို မေ့ထားပြီးတော့ ဘောလုံးမှာပဲ အာရုံစိုက်စေချင်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    မန်ယူမှာ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်တင်အမြတ်ငွေ ၅၁၅.၃ သန်း ရရှိခဲ့သည်။
    Ref: Goal
  • တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ စစ်ရေးလှုပ်ရှားမှုအစီအစဉ် အမေရိကန်ထောက်ခံ
    တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ စစ်ရေးလှုပ်ရှားမှုအစီအစဉ် အမေရိကန်ထောက်ခံ
    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media
    us-back
    – တောင်တရုတ်ပင်လယ်အတွင်း ဂျပန်က စစ်ရေးလှုပ်ရှား လုပ်ငန်းများ တိုးမြှင့်ရန် စိတ်ဝင်စားမှုကို အမေရိကန်စစ်တပ်က ကြိုဆိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
    ကြာသပတေးနေ့က ရေတပ်မှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း လုံခြုံရေးကို အကူအညီဖြစ်စေရေးအတွက်လည်း ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟုလည်း ဖော်ပြထားသည်။
    “တောင်တရုတ်ပင်လယ်မှာ ဂျပန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ဖို့ စိတ်ဝင်တစားရှိတဲ့အပေါ် အမေရိကန်က ကြိုဆိုပါတယ်။ ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းသစ်တွေကိုလည်း ဆက်လက်ရှာဖွေသွားမှာပါ” ဟု အမေရိကန် ရေတပ်က ဆိုသည်။
    ဂျပန်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်၌ အမေရိကန်နှင့်အတူ ပူးပေါင်း၍ ကင်းလှည့်သင်္ဘောများကို သင်တန်းပေးမှု၊ ဒေသတွင်း ရေတပ်များနှင့် ပူးပေါင်း၍ နှစ်နိုင်ငံပူးတွဲ သို့မဟုတ် နိုင်ငံများစွာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့တွင် မိမိတို့၏ ပါဝင်မှု တိုးမြှင့်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
    ဂျပန်မှာ အရှေ့တရုတ်ပင်လယ်တွင်လည်း တရုတ်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေပြီး အီနာဒါကမူ မိမိတို့အနေဖြင့် တောင်တရုတ်ပင်လယ် ကမ်းရိုးတမ်းတွင် အင်အားဖြည့်တင်းရေး ကူညီသွားမည်ဟုလည်း ပြောကြားခဲ့သည်။
    ယခင်ကလည်း တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွင် ပါဝင်နေသည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ကိုလည်း ကင်းလှည့်သင်္ဘောများ၊ ထောက်လှမ်းရေး လေယာဉ်များ ထောက်ပံ့ပေးမည်ဟု ဂျပန်က ပြောကြားထားဖူးသည်။
    Ref : Presstv
  • အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်မှသာ ငြိမ်းချမ်းမည်ဟု ပါလက်စတိုင်းပြော
    အစ္စရေး၏ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်မှသာ ငြိမ်းချမ်းမည်ဟု ပါလက်စတိုင်းပြော
    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    pales-tine
    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက သိမ်းပိုက်နေမှု ရပ်တန့်ခြင်းကသာ ငြိမ်းချမ်းရေးရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဟာနန် အက်ရှ်ရာ ၀ီက ပြောကြားလိုက်သည်။
    ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် ပြင်သစ်ကိုယ်စားလှယ်အဖွဲ့နှင့် အင်္ဂါနေ့က တွေ့ဆုံစဉ် အက်ရှ်ရာဝီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ နောက်ဆုံးရ နိုင်ငံရေးတိုးတက်မှုနှင့် မြေပြင်တိုးတက်မှုများ၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆုံးဖြတ်ချက်များကို ချိုးဖောက်နေသည့် အစ္စရေး၏ ဆောင်ရွက်မှုများကိုလည်း ထောက်ပြခဲ့သည်။
    ချိုးဖောက်မှုများအတွက် အစ္စရေးက တာဝန်ခံရေး၊ ပါလက်စတိုင်းပိုင်နက်များအား သိမ်းပိုက်မှု အဆုံးသတ်ရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ရေး၊ လူမျိုးရေးခွဲခြားပြီး လူမျိုးတုန်းသတ်ဖြတ်နေသည့် အစ္စရေးအစိုးရအား အရေးယူနိုင်ရေးစသည့် ကိစ္စများအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် ဥရောပသမဂ္ဂ (EU) ၏ အရေးကြီးပုံကိုလည်း အက်ရှ်ရာဝီက ထည့်သွင်းပြောကြားခဲ့သည်။
    ထိုတွေ့ဆုံမှုအတွင်း ပြည်တွင်းရွေးကောက်ပွဲ၊ အမျိုးသားရင်ကြားစေ့ရေး စသည့်တို့အပါအ၀င် ပါလက်စတိုင်းပြည်တွင်းရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။
    Ref : IINA
  • အီရတ်သို့ အကူအညီ ဒေါ်လာ ၁၈၁ သန်း ထပ်ပေးရန် အမေရိကန် ကတိပြု
    အီရတ်သို့ အကူအညီ ဒေါ်လာ ၁၈၁ သန်း ထပ်ပေးရန် အမေရိကန် ကတိပြု
    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    iraq
    – အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရတ်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၁၈၁ သန်း ပေးမည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်ပြီး ယင်းအကူအညီမှာ အီရတ်တပ်များ IS လက်ထဲမှ မိုဆူးလ်မြို့ကို ပြန်လည်ရယူမည့်အချိန်တွင် အိုးအိမ်စွန်ခွာရမည့် ပြည်သူများအတွက် သုံးစွဲရမည်ဖြစ်သည်။
    စစ်သွေးကြွများ ထိန်းချုပ်ထားသည့် အကြီးဆုံးမြို့ဖြစ်သော မိုဆူးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေးကို အစောဆုံး လာမည့်လတွင် ပြုလုပ်သွားရန် ရှိနေသည်။
    “ဒီနေရာမှာ IS တွေ အကြီးအကျယ် သောင်းကျန်းနေတဲ့အတွက် အသင့်ပြင်ထားရပါတယ်၊ အခု အရေးတကြီးလုပ်ရမှာက အဲ့ဒီကြိုးပမ်းအားထုတ်မှုကို ပြီးပြည့်စုံစေဖို့ပဲ ဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် မိုဆူးလ်မြို့ဟာ အီရတ်နိုင်ငံရဲ့ အကြီးဆုံး အစိတ်အပိုင်းပါ” ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်န်က ဘဂ္ဂဒက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    မကြာမီပြုလုပ်တော့မည့် မူဆိုးလ်အား ပြန်လည်သိမ်းပိုက်ရေးတိုက်ပွဲတွင် ပြည်သူ ၁ သန်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေးရဖွယ် ရှိနေသည်ဟု ခန့်မှန်းထားသည်။
    ၂၀၁၄ ခုနှစ်မှစ၍ အီရတ်နိုင်ငံသို့ ထပ်ဆောင်းပေးပို့နေသော အမေရိကန်၏ အကူအညီမှာ ကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လာခဲ့ပြီဖြစ်သည်။
    Ref : IINA
  • အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စာချုပ်သက်တမ်းကို ၂ နှစ်လျှော့ချ
    အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စာချုပ်သက်တမ်းကို ၂ နှစ်လျှော့ချ
    စက်တင်ဘာ ၁၆၊ ၂၀၁၆
    M-Media
    simo
    – လာလီဂါကလပ် အက်သလက်တီကိုအသင်း၏ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီမှာ အသင်းနှင့် စာချုပ်သက်တမ်းကို ၂ နှစ် လျှော့ချလိုက်သည်ဟု သိရသည်။
    ၂၀၁၃-၁၄ ခုနှစ်တွင် လာလီဂါတစ်ကြိမ် ရရှိကာ ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ ကြိမ်တိုင်တိုင် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆီမြွန်နီကို ၂၀၁၅ ခုနှစ် မတ်လတွင် အသင်းက စာချုပ်သက်တမ်းတိုးခဲ့ပြီး ထိုစာချုပ်အရ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိမည် ဖြစ်သည်။
    သို့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နှစ်ဖက်သဘောတူညီချက်ဖြင့် စာချုပ်သက်တမ်းမှ ၂ နှစ်လျှော့ချခဲ့ပြီး ဆီမြွန်နီကလည်း ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။
    “မှန်ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် စကားပြောဆိုခဲ့ပြီး အသင်းနဲ့ ကလပ်အတွက် အကောင်းဆုံးကို ဆောင်ရွက်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်စလုံးက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကလွဲလို့ ဘာမှ မပြောင်းလဲပါဘူး။ အခြေအနေက ပုံမှန်ပါပဲ။ ကျွန်တော်တို့အားလုံးလည်း အေးဆေးပါပဲ။ ကျွန်တော်လည်း ဒီမှာရှိနေရတာကို ပျော်ပါတယ်။ ၂၀၁၈ နောက်ပိုင်း သက်တမ်ထပ်တိုးနိုင်ခြေကိုလည်း ထိခိုက်ဖို့ မရှိပါဘူး” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။
    ဆီမြွန်နီအား ခေါ်ယူရန်အတွက် ဥရောပထိပ်တန်းကလပ်များက စိတ်ဝင်စားနေပြီး ယခု စာချုပ်သက်တမ်း လျှော့လိုက်သည့် သတင်းကြောင့် အသင်းပြောင်းရွှေ့တော့မည်ဟူသည့်သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
    Ref: Goal