News @ M-Media
Blog
  • နည်းပြသစ်အောက်တွင် ဂိုးပိုသွင်းနိုင်မည်ဟု အဂူရိုပြော
    နည်းပြသစ်အောက်တွင် ဂိုးပိုသွင်းနိုင်မည်ဟု အဂူရိုပြော
    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    aguro
    – နည်းပြ ဂွာဒီယိုလာ၏ ကစားကွက်က မိမိအား ပိုကောင်းသည့်ကစားသမား ဖြစ်စေခဲ့ပြီး ဂိုးများလည်း ယခုထက်ပို၍ သွင်းနိုင်လိမ့်မည်ဟု မန်စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုက ပြောကြားလိုက်သည်။
    အဂူရိုမှာ ယနေ့မနက်က မိုချန်ဂလာဘက်ခ်ျအသင်းအား ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး မန်စီးတီးအတွက် ကစားခဲ့သည့် ၅ ပွဲတွင် စုစုပေါင်း ၉ ဂိုး သွင်းယူထားနိုင်ခြင်းဖြစ်သည်။ ဂွါဒီယိုလာမှာ မန်စီးတီးသို့ မရောက်ခင်ကတည်းက အဂူရိုအနေဖြင့် ၎င်း၏ ကစားကွက်နှင့် အံဝင်ရန်အတွက် လုပ်အားနှုန်း တိုးမြှင့်ရမည်ဟု ပြောကြားခဲ့ဖူးသည်။
    အဂူရိုကမူ မိမိမှာ နည်းပြ၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟု ယုံကြည်နေသည်။
    “နည်းပြသစ်နဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်လေး ကျေနပ်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားသက်တမ်းမှာ အကူအညီဆုံးပေးနိုင်ဆုံး နည်းပြတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ဂိုးနားက ကျွန်တော့်ရဲ့ ကစားပုံဟာ တိုးတက်လာပြီး ဂိုးတွေ သွင်းနိုင်လာပါတယ်။ ဂွါဒီယိုလာနဲ့ဆို ကျွန်တော် ဂိုးတွေပိုသွင်းနိုင်မှာပါ” ဟု အဂူရိုက ပြောကြားခဲ့သည်။
    Ref: Goal
  • မြန်မာနိုင်ငံအား ဆက်လက်ကူညီရန် ဗြိတိန် အသင့်ရှိနေ
    မြန်မာနိုင်ငံအား ဆက်လက်ကူညီရန် ဗြိတိန် အသင့်ရှိနေ
    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    may
    – ယခုနှစ်အတွင်း မြန်မာနိုင်ငံအပေါ် စတာလင်ပေါင် ၁၁၈ သန်း ထောက်ပံ့ကူညီခဲ့သည့် မိမိတို့နိုင်ငံအနေဖြင့် ထပ်မံ၍ အကူအညီပေးသွားရန် အဆင်သင့်ရှိနေသည်ဟု ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
    စက်တင်ဘာ ၁၃ ရက်နေ့တွင် အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်ရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်အား လက်ခံတွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်မိသည်ဟု ဆိုသည်။
    “လူတိုင်းအတွက်အလုပ်ဖြစ်မယ့် အခြေအနေတစ်ခု ဖန်တီးဖို့အတွက် သူတို့ သဘောတူခဲ့ကြပြီး ဒါက မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ပိုမိုဖန်တီးနိုင်ရေး၊ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ရေးနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့မှာ အရေးပါလာမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
    စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ဦးဆောင်ချီတက်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ချီးကျူးခဲ့ပြီး ယခုနှစ်အတွင်း ပေးအပ်ခဲ့သည့် အကူအညီ ပေါင် ၁၁၈ သန်းအပါအ၀င် နိုင်ငံ ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်မံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref : Dailymail
  • ၂၀၁၄ က ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်မှ အပျက်အစီးကို တွေ့ပြီ
    ၂၀၁၄ က ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ်မှ အပျက်အစီးကို တွေ့ပြီ
    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    malay-2
    – ဇွန်လ ၂၀ ရက်နေ့တွင် တန်ဇန်းနီးယားကမ်းလွန်ရှိ ပမ်ဘာ ကျွန်းမှ တွေ့ရှိခဲ့သည့် လေယာဉ်အပျက်အဆီးတစ်ခုမှာ ၂၀၁၄ ခုနှစ်က ပျောက်ဆုံးသွားခဲ့သည့် MH370 လေယာဉ်မှ ဖြစ်သည်ဟု မလေးရှား ပို့ဆောင်ရေးဝန်ကြီး Liow Tiong Lai က ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
    အဆိုပါ အစိတ်အပိုင်းမှာ လေယဉ်တောင်ပံအထိန်းဖြစ်ပြီး မလေးရှား MH370 စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် သြစတေးလျ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးဗျူရို (ATSP) မှ ကျွမ်းကျင်သူများက ဆန်းစစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    မလေးရှားလေကြောင်းလိုင်းပိုင်ဖြစ်သော အဆိုပါ MH370 မှာ မြို့တော် ကွာလာလမ်ပူမှ တရုတ်နိုင်ငံပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည်။
    ပို့ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် မိမိတို့အနေဖြင့် ဆန်းစစ်မှုများ ထပ်မံ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။
    Ref: Channelnewsasia
  • မြန်မာနိုင်ငံမှ ကုန်ပစ္စည်း ၅၀၀၀ ကျော်ကို အမေရိကန်သို့ အခွန်လွတ် တင်သွင်းနိုင်တော့မည်
    မြန်မာနိုင်ငံမှ ကုန်ပစ္စည်း ၅၀၀၀ ကျော်ကို အမေရိကန်သို့ အခွန်လွတ် တင်သွင်းနိုင်တော့မည်
    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    – အမေရိကန်၏ ကုန်သွယ်ရေးအစီအစဉ်တစ်ခုဖြစ်သော Generalized System of Preferences (GSP) အရ မြန်မာနိုင်ငံမှာ အမေရိကန်သို့ ကုန်ပစ္စည်းပေါင်း ၅၀၀၀ ကျော်ကို အခွန်လွတ် တင်သွင်းနိုင်မည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    ယခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ စတင်အသက်ဝင်မည့် အဆိုပါ ခွင့်ပြုချက်မှာ မြန်မာအစိုးရအနေဖြင့် အလုပ်အကိုင် ဖန်တီးရေး၊ ဆင်းရဲမွဲတွေမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အကူအညီဖြစ်စေမည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ထည့်သွင်းပြောဆိုခဲ့သည်။
    ထိုသတ်မှတ်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အိုဘားမားကလည်း မိမိတို့အနေဖြင့် မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။
    Ref: The Star
  • အမေရိကန်က အစ္စရေးအပေါ် စစ်ရေးအကူအညီ စံချိန်တင်တိုးမြှင့်
    အမေရိကန်က အစ္စရေးအပေါ် စစ်ရေးအကူအညီ စံချိန်တင်တိုးမြှင့်
    စက်တင်ဘာ ၁၅၊ ၂၀၁၆
    M-Media
    is
    – အမေရိကန်မှာ အစ္စရေးအပေါ် စံချိန်တင် စစ်ရေးအကူအညီအဖြစ် နှစ်စဉ် ကန်ဒေါ်လာ ၃.၈ ဘီလီယံ ထောက်ပံ့ပေးရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ထိုသဘောတူညီချက်သက်တမ်းမှာ ၁၀ နှစ်ကြာမြင့်မည်ဟု သိရသည်။
    ၁၀ လကြာ အပြင်းအထန် ဆွေးနွေးခဲ့ပြီးနောက် ယမန်နေ့က ၀ါရှင်တန်ဒီစီတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကာ ယခင်က အစ္စရေးမှာ အမေရိကန်ထံမှ တစ်နှစ်လျှင် စစ်ရေးအကူအညီ ၃.၁ ဘီလီယံ ရရှိနေပြီး ထိုသဘောတူညီချက်မှာ ၂၀၁၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
    ထို့ကြောင့် လက်ရှိနားလည်မှုစာချွန်လွှာအရ ၂၀၁၉ ခုနှစ်မှစ၍ အမေရိကန်က အစ္စရေးအား စစ်ရေးအကူအညီ ၃.၈ ဘီလီယံ ပေးအပ်သွားမည်ဖြစ်ပြီး အမေရိကန်သမိုင်းတွင် နိုင်ငံတစ်နိုင်ငံအား စစ်ရေးကူညီမှုပမာဏ အများဆုံး ပေးအပ်ခြင်းလည်းဖြစ်သည်။
    သို့သော်လည်း အမေရိကန်ကွန်ဂရက်မှ နှစ်စဉ်ထောက်ပံ့ကြေးများ ထပ်မံတောင်းဆိုခြင်းမပြုရန် ယခုစာချွန်လွှာတွင် အစ္စရေးက သဘောတူခဲ့ရသည်။
    ကျွမ်းကျင်သူများကမူ အမေရိကန်မှာ ၂၀၁၅ ခုနှစ်တွင် အစ္စရေးအား စစ်ရေးထောက်ပံ့မှု ၃.၁ ဘီလီယံအပြင် ကန်ဒေါ်လာ သန်း ၆၂၀ တန်ဖိုးရှိ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပမာဏတိုးမြှင့်မှုမှာ အမှန်တကယ်တွင် ယခင်ကထက် ကြီးမားသည့် ကွာဟချက်မျိုး မဖြစ်နိုင်ဟု သုံးသပ်မှုများ ရှိနေသည်။
    Ref: Aljazeera