News @ M-Media

Blog

  • မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါသီအသစ် ထူထောင်

    မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီ ပါသီအသစ် ထူထောင်

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    mahathir

    – မလေးရှား၏ သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်မှာ နိုင်ငံရေးပါတီအသစ်တစ်ခုကို ယမန်နေ့က တရားဝင် တည်ထောင်လိုက်ပြီး ပါတီ၏ အမည်အတိုကောက်မှာ PPBM ခေါ်သည်ဟု သိရသည်။

    ပါတီဥက္ကဌအဖြစ် ဒုတိယ၀န်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယာဆင်က ဆောင်ရွက်မည်ဖြစ်ပြီး ပါတီကို မလေးရှားဘာသာစကားအရ Bersatu (ညီညွတ်ရေး) ဟု စောစောပိုင်းက အမည်ပေးခဲ့သည်။

    “ကျွန်တော်တို့က နာမည်အတိုကောက်ကို Bersatu လို့ ခေါ်စေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီနာမည်ဟာ မှတ်ရလွယ်ပြီး စဖွဲ့ကတည်းက စိတ်ဝင်စားမှု အများအပြား ရခဲ့လို့ပါပဲ။ ပြီးတော့ တောမီးလိုပဲ တမဟုတ်ချင်း ပြန့်နှံ့သွားပါတယ်၊ ဒါပေမဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဌာနက သူတို့ဆုံးဖြတ်ချက်အတိုင်းပဲ ပြောင်းခိုင်းပါတယ်။ ဒီတော့ ကျွန်တော်တို့ လည်း မှတ်ပုံတင်နိုင်ဖို့က ပိုအဓိကကျတဲ့အတွက် အဲ့ဒီလိုပဲ လုပ်လိုက်ရပါတယ်” ဟု မစ္စတာ မူဟစ်ဒင်က ပြောသည်။

    ပါတီ၏ သဘာပတိဖြစ်သူ ဒေါက်တာ မဟာသီယာက အာဏာရပါတီဖြစ်သည့် Barisan Nasional (BN) ကိုသာ အမြတ်ထွက်သွားစေမည့် သုံးပွင့်ဆိုင် တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် အတိုက်အခံပါတီများ ပေါင်းစည်းရေးတွင် PPBM ပါတီက ပလက်ဖောင်းတစ်ခုအဖြစ် ထမ်းဆောင်သွားမည်ဟု ဆိုသည်။

    “အကယ်၍သာ အတိုက်အခံပါတီတွေ မစုစည်းရင် BN ကို နောက်ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကူညီနေသလိုပဲ ဖြစ်နေမှာပါ” ဟု ဒေါက်တာ မဟာသီယာက ပြောကြားခဲ့သည်။

    မလေးရှား၏ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ၂၀၁၈ ခုနှစ်မှ ဖြစ်သော်လည်း လာမည့်နှစ် နှစ်ဝက်အတွင်း ပြုလုပ်သွားရန် မျှော်လင့်မှုများလည်း ရှိနေသည်။ လက်ရှိတွင် တရားဝင် မှတ်ပုံတင်ထားသည့် PPBM ပါတီမှာ စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ နိုင်ငံတစ်ဝှမ်း အသင်းဝင်လက်ခံရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က မလေးရှားဝန်ကြီးချုပ်နာဂျစ်၏ ခြစားမှု ပြဿနာများ ပေါ်ထွက်လာပြီးနောက် မဟာသီမှာ နာဂျစ်ဦးဆောင်သည့် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    Ref : Channelnewsasia

  • ပိတ်ဆို့မှု လျှော့ချရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမား ဆွေးနွေးမည်

    ပိတ်ဆို့မှု လျှော့ချရေး ဒေါ်အောင်ဆန်းစုကြည်နှင့် အိုဘားမား ဆွေးနွေးမည်

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    sukyi

    – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်တွင် မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရေး ဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်မတ်လက အစိုးရအဖွဲ့တွင် တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လာမယ့်သီတင်းပတ်တွင် အမေရိကန်သို့ ရောက်ရှိမည့် ဒေါ်အောင်ဆန်းစုကြည်မှာ ၂ ရက်တာ ကြာမြင့်မည့် အဆိုပါ ခရီးစဉ်အတွင်း သမ္မတ အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒင်တို့နှင့် တွေ့ဆုံရန်ရှိနေသည်။

    အမေရိကန်မှာ ‘နိုင်ငံတကာ အရေးပေါ် စီးပွားရေးလုပ်ပိုင်ခွင့်များ အက်ဥပဒေ’ (IEEPA) အောက်တွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆက်လက်ထားရှိသောကြောင့် အမေရိကန် ငွေတိုက်ဌာနက တစ်ဦးချင်းအလိုက်၊ ကုမ္ပဏီအလိုက် ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

    လက်ရှိတွင် မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ပိတ်ဆို့မှုများမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ကုမ္ပဏီများ၊ ဒေါ်လာ သန်းထောင်ပေါင်းများစွာ တန်ဖိုးရှိသည့် ကျောက်စိမ်းလုပ်ငန်းများဖြစ်သည်။

    ထိုပိတ်ဆို့မှုများမှာ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီကို အမှန်တကယ်ကျင့်သုံးမှသာ ဖြေလျှော့ပေးမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

    “အခုအချိန်မှာ အရာအားလုံးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို သွားနေတာကြောင့် ဒီပိတ်ဆို့မှုတွေကို မကြာခင် ဖယ်ရှားတော့မှာပါ” ဟု ၎င်းက ဆိုပြီး ပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဆွေးနွေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အမေရိကန်မှာ ပြီးခဲ့သည့်မေလက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို သက်တမ်းတိုးခဲ့ပြီး စတီဗင်လော၏ အေးရှားဝေါလ် ကုမ္ပဏီအပေါ် ပိတ်ဆို့မှုအသစ်များကို ပြုလုပ်ခဲ့ကာ နိုင်ငံပိုင် လုပ်ငန်းအချို့ကို စာရင်းမှ ဖယ်ရှားပေးခဲ့သည်။

    Ref: mmtimes

  • ဆီးရီးယားအပစ်ရပ်ရေး ကန်-ရုရှား သဘောတူညီချက်ရရှိ

    ဆီးရီးယားအပစ်ရပ်ရေး ကန်-ရုရှား သဘောတူညီချက်ရရှိ

    စက်တင်ဘာ ၁၀၊ ၂၀၁၆
    M-Media

    syria-3

    – ၅ နှစ်တာကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ်အတွက် အပစ်ရပ်ရေး သဘောတူညီချက်တစ်ခုကို ရုရှားနှင့် အမေရိကန်တို့က ယမန်နေ့တွင် ရရှိခဲ့သည်ဟု သိရသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့တို့ ၁၃ နာရီကြာ အပြင်းအထန် ဆွေးနွေးခဲ့ကြပြီးနောက် ပေါ်ထွက်လာသည့် ထိုသဘောတူညီချက်တွင် ဆီးရီးယားအစိုးရအနေဖြင့် သူပုန်များ ထိန်းချုပ်ထားသည့် အချို့ဒေသများနှင့် အကြမ်းဖက်အဖွဲ့အစည်းများအား တိုက်ခိုက်နေသာ မဟာမိတ်အဖွဲ့များကို တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီချက်လည်း ပါဝင်သည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ ထိုသဘောတူညီချက်က ဆီးရီးယားတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက်
    ပြီးပြည့်စုံသည့် ချဉ်းကပ်မှုတစ်ခုဖြစ်ပြီး၊ ဆီးရီးယားရှိ သက်ဆိုင်သူများအားလုံးက အားပေးထောက်ခံရန်နှင့် ဆိုးရွားသည့် ပဋိ့ပက္ခကို နိုင်ငံရေးလုပ်ငန်းစဉ်မှတစ်ဆင့် တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

    ရုရှားနှင့် အမေရိကန်တို့မှာ IS အကြမ်းဖက်အဖွဲ့နှင့် အလ်-နူဆရာ တပ်ဖွဲ့ဝင်များအား ပူးတွဲချေမှုန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးစင်တာတစ်ခု ဖွင့်လှစ်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

    အဆိုပါ အပစ်ရပ်ရေး သဘောတူညီချက်မှာ တနင်္လာနေ့ ညနေပိုင်းမှစ၍ အကျုံးဝင်မည်ဖြစ်ပြီး ပထမဆင့်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၄၈ နာရီ နှစ်ဖက် အပစ်အခတ်ရပ်စဲရန်ဖြစ်သည်။

    သဘောတူညီချက်အရ ဆီးရီးယားအစိုးရနှင့် အတိုက်အခံတပ်ဖွဲ့ နှစ်ခုစလုံးအနေဖြင့် အဲလစ်ပိုအရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ ပြည်သူများအား ကာကွယ်ပေးခြင်း၊ လွတ်လပ်စွာ သွားလာနိုင်ခြင်း၊ တာရှည်ခံမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် အပြင်လူများ ၀င်ထွက်ခွင့်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

    Ref: RT

  • တောင်တရုတ်ပင်လယ်အရေး ဝေးဝေးနေရန် အမေရိကန်ကို တရုတ် သတိပေး

    တောင်တရုတ်ပင်လယ်အရေး ဝေးဝေးနေရန် အမေရိကန်ကို တရုတ် သတိပေး

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media

    china-warn

    – တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကိစ္စတွင် အမေရိကန်အနေဖြင့် ဝေးဝေးနေရန် တရုတ်က သွယ်ဝိုက် တိုက်တွန်းခဲ့ပြီး မိမိတို့အနေဖြင့် ယင်းကိစ္စကို အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ အကျေအလည်ဖြေရှင်းရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် တရုတ်ဝန်ကြီးချုပ် လီကီကွမ်းက မိမိတို့အနေဖြင့် ကြားဝင်မှုများကို မောင်းထုတ်ကာ အရှေ့တောင်အာရှနိုင်ငံများနှင့် တောင်တရုတ်ပင်လယ်ကိစ္စကို သင့်တော်သလို ဆွေးနွေး ကိုင်တွယ် ဆောင်ရွက်သွားရန် ဆန္ဒရှိသည်ဟု ဖော်ပြခဲ့သည်။

    အမေရိကန်ဟု အမည်မတပ်သော်လည်း တရုတ်ဝန်ကြီးချုပ်၏ ပြောဆိုချက်အရ အမေရိကန်ကိုသာ ပြတ်ပြတ်သားသား ရည်ညွှန်းနေကြောင်း သိသာနေသည်။

    တရုတ်မှာ တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသော နေရာများတွင် ကျွန်းတုများ တည်ဆောက်နေသည်ဟု ပြိုင်ဘက်နိုင်ငံများနှင့် အမေရိကန်တို့က စွပ်စွဲထားပြီး အချို့ကျွန်းများတွင် စစ်ရေး အင်အာဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    ဇူလိုင်လကလည်း နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်အခြစိုက် နိုင်ငံတကာ ခုံသမာဓိရုံးကလည်း ဖိလစ်ပိုင်၏ တောင်တရုတ်ပင်လယ်အရေးကို ကြားနာရာတွင် တရုတ်နိုင်ငံအနေဖြင့် ထိုပိုင်နက်များနှင့် သက်ဆိုင်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။ တရုတ်နိုင်ငံကမူ ထိုဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး တရားမျှတမှုမရှိဟု ပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်မှာ ဒေသတွင်း၌ စစ်အင်အား ချဲ့ထွင်နေသည်ဟုလည်း တရုတ်က ပြောကြားခဲ့ပြီး အဆိုပါအငြင်းပွားဧရိယာများသည် သမိုင်းကြောင်းအရ မိမိတို့ပိုင်နက်သာဖြစ်သည်ဟု အခိုင်အမာ ဆိုထားသည်။

    Ref : Presstv

  • ထိုင်း-မလေး နယ်စပ်တွင် တံတိုင်းဆောက်မည်

    ထိုင်း-မလေး နယ်စပ်တွင် တံတိုင်းဆောက်မည်

    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media

    thai

    – မှောင်ခိုလုပ်ငန်းများကို တားဆီးရန်အတွက် ထိုင်းနှင့် မလေးရှားတို့မှာ ၎င်းတို့နှစ်နိုင်ငံ ထိစပ်နေသည့် နယ်စပ်တစ်လျှောက်တွင် တံတိုင်းတစ်ခု တည်ဆောက်ရန် အစီအစဉ်များကို ဆွေးနွေးတော့မည်ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ၆၄၀ ကီလိုမီတာရှည်သော အဆိုပါ နယ်စပ်မှာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်များမှောင်ခိုမှုများ သန္ဓေတည်ပေါက်ဖွားရာ နေရာဖြစ်ပြီး ထိုမှတစ်ဆင့် ရာဇ၀တ်မှုများမှာ ဒေသတွင်းနိုင်ငံများသို့ ပြန့်နှံ့ရောက်ရှိကြသည်။ ထိုင်းနိုင်ငံကမူ ပြီးခဲ့သည့်နှစ်က ဒေသတွင်း တရားမ၀င် ကုန်ကူးမှု လမ်းကြောင်းများကို နှိမ်နှင်းခဲ့သည်။

    ထိုင်းနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း လာရောက်လည်ပတ်မည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ဘ်မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုများအကြောင်း ဆွေးနွေးမည်ဖြစ်သည်။

    ထို့ပြင် နယ်စပ်တစ်လျှောက် တံတိုင်းတည်ဆောက်ရေးကိစ္စကိုပါ ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    “နာဂျစ်ရဲ့ လည်ပတ်မှုအတွင်းမှာ ဒါက ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်မှာဖြစ်ပေမယ့် ထိပ်တန်းဦးစားပေးတော့ မဟုတ်ပါဘူး။ နားလည်မှုစာချွန်လွှာ ရေးထိုးတဲ့ အဆင့်မှာပဲ ရှိအုံးမှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

    ထိုင်း-မလေးရှား နယ်စပ်မှာ လူကုန်ကူးမှု အဓိကလမ်းကြောင်းလည်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း လူကုန်ကူးသူများ အသုံးပြုခဲ့သည်ဟု ယူဆရသည့် စခန်းများ၊ လူကုန်ကူးခံရသူများဟု ယူဆရသည့် အစုလိုက်အပြုံလိုက် မြှုပ်နှံထားမှုများကို ထိုင်းဘက်အခြမ်းရှိ နယ်စပ်တွင် တွေ့ရှိခဲ့သည်။

    Ref : channelnewsasia