စက်တင်ဘာ ၁၀၊ ၂၀၁၆
M-Media
– မလေးရှား၏ သက်တော်ရှည်ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်မှာ နိုင်ငံရေးပါတီအသစ်တစ်ခုကို ယမန်နေ့က တရားဝင် တည်ထောင်လိုက်ပြီး ပါတီ၏ အမည်အတိုကောက်မှာ PPBM ခေါ်သည်ဟု သိရသည်။
ပါတီဥက္ကဌအဖြစ် ဒုတိယ၀န်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယာဆင်က ဆောင်ရွက်မည်ဖြစ်ပြီး ပါတီကို မလေးရှားဘာသာစကားအရ Bersatu (ညီညွတ်ရေး) ဟု စောစောပိုင်းက အမည်ပေးခဲ့သည်။
“ကျွန်တော်တို့က နာမည်အတိုကောက်ကို Bersatu လို့ ခေါ်စေချင်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒီနာမည်ဟာ မှတ်ရလွယ်ပြီး စဖွဲ့ကတည်းက စိတ်ဝင်စားမှု အများအပြား ရခဲ့လို့ပါပဲ။ ပြီးတော့ တောမီးလိုပဲ တမဟုတ်ချင်း ပြန့်နှံ့သွားပါတယ်၊ ဒါပေမဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဌာနက သူတို့ဆုံးဖြတ်ချက်အတိုင်းပဲ ပြောင်းခိုင်းပါတယ်။ ဒီတော့ ကျွန်တော်တို့ လည်း မှတ်ပုံတင်နိုင်ဖို့က ပိုအဓိကကျတဲ့အတွက် အဲ့ဒီလိုပဲ လုပ်လိုက်ရပါတယ်” ဟု မစ္စတာ မူဟစ်ဒင်က ပြောသည်။
ပါတီ၏ သဘာပတိဖြစ်သူ ဒေါက်တာ မဟာသီယာက အာဏာရပါတီဖြစ်သည့် Barisan Nasional (BN) ကိုသာ အမြတ်ထွက်သွားစေမည့် သုံးပွင့်ဆိုင် တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် အတိုက်အခံပါတီများ ပေါင်းစည်းရေးတွင် PPBM ပါတီက ပလက်ဖောင်းတစ်ခုအဖြစ် ထမ်းဆောင်သွားမည်ဟု ဆိုသည်။
“အကယ်၍သာ အတိုက်အခံပါတီတွေ မစုစည်းရင် BN ကို နောက်ရွေးကောက်ပွဲမှာ အနိုင်ရအောင် ကူညီနေသလိုပဲ ဖြစ်နေမှာပါ” ဟု ဒေါက်တာ မဟာသီယာက ပြောကြားခဲ့သည်။
မလေးရှား၏ နောက်တစ်ကြိမ် ရွေးကောက်ပွဲမှာ ၂၀၁၈ ခုနှစ်မှ ဖြစ်သော်လည်း လာမည့်နှစ် နှစ်ဝက်အတွင်း ပြုလုပ်သွားရန် မျှော်လင့်မှုများလည်း ရှိနေသည်။ လက်ရှိတွင် တရားဝင် မှတ်ပုံတင်ထားသည့် PPBM ပါတီမှာ စက်တင်ဘာ ၁၄ ရက်နေ့မှစ၍ နိုင်ငံတစ်ဝှမ်း အသင်းဝင်လက်ခံရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က မလေးရှားဝန်ကြီးချုပ်နာဂျစ်၏ ခြစားမှု ပြဿနာများ ပေါ်ထွက်လာပြီးနောက် မဟာသီမှာ နာဂျစ်ဦးဆောင်သည့် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
Ref : Channelnewsasia
Leave a Reply
You must be logged in to post a comment.