Blog
-
ဟင်္သာတတွင် မွတ်စလင်မ်များ ကုရ်ဘာနီ အလှူလုပ်မည့် သားကောင် ထက်ဝက် သံဃာအချို့ လာရောက်အလှူခံ ၊ လက်ခံဖို့ အာဏာပိုင်များ ဖိအားပေး
စက်တင်ဘာ ၉၊ ၂၀၁၆M-Mediaသတင်း-ဖြူလေးရန်ကုန်။ ။ ဧရာဝတီတိုင်း ဒေသကြီး ဟသာင်္တမြို့နယ်တွင် ကုရ်ဘာနီပြုလုပ်မည့် သားကောင်များကို သံဃာတော်များက ထက်ဝက်အလှူခံရာတွင် ပေးအပ်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင် တာဝန်ရှိသူများက အစ္စလာမ်ဘာသာဝင်များကို ဖိအားပေးခဲ့ကြောင်း သိရပါတယ်။“ကျွန်တော်တို့ကို ဒီနေ့ ကုရ်ဘာနီအတွက်ဆိုပြီး အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ အရင်က မဘသ ဆရာတော်ပေါ့၊ အခုတော့ ပရဟိတကျောင်းတွေဘာတွေ ဖွင့်ထားတဲ့ ဆရာတော်ဖြစ်တဲ့ ဓမ္မဗိမာန်ကျောင်းဆရာတော် ဒေါက်တာ အရှင်လကာင်္ရ” က ကျွန်တော်တို့ကုရ်ဘာနီ သားကောင် လုပ်မယ့်ထဲက တစ်ဝက်ကို လှူရမယ်ပြောတယ်၊ ဟသာင်္တခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေးကလည်း အဲ့ဒါကို ထောက်ခံပြီး သူ့ဘက်ကနေပဲ ကျွန်တော်တို့ကို ပြောတယ်” လို့ ဟသာင်္မြို့နယ် ဒေသခံတစ်ဦးက M-Media ကိုပြောပါတယ်။အစည်းအဝေးတွင် ရပ်မိရပ်ဖများမှလည်း ကုရ်ဘာနီပြုလုပ်ရာတွင် ဥပဒေလမ်းကြောင်းမှန်စွာ ပြုလုပ်ရန်၊ စည်းကမ်း စနစ်တကျဖြင့် ပြုလုပ်ကြရန်ကိုလည်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။စက်တင်ဘာလ (၉) ရက်နေ့တွင် အစည်းအဝေးကို ပြန်လည်ခေါ်ယူခဲ့ပြီး ထိုနေ့တွင် ကုရ်ဘာနီလုပ်ရန် သားကောင်အရေအတွက်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အတိအကျ သတ်မှတ်ပေးသွားမယ်လို့လည်း သိရှိရပါတယ်။ -
ပထမဆုံးသမ္မတ စပ်ရွှေသိုက်၏ နန်းတော်ကို ခရီးသွားများ ဆွဲဆောင်ရာနေရာအဖြစ် ပြုလုပ်မည်
စက်တင်ဘာ ၈၊ ၂၀၁၆
M-Media– မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက် နေထိုင်ခဲ့သည့် နန်းတော်ကို ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်နိုင်မည့် သမိုင်းဝင်နေရာအဖြစ် ပြောင်းလဲသွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်က ပြောကြားလိုက်သည်။
ရှမ်းလူမျိုးတစ်ဦးဖြစ်သော စပ်ရွှေသိုက်မှာ ရှမ်းပြည်နယ် ညောင်ရွှေမြို့မှ နောက်ဆုံး စော်ဘွားတစ်ဦးဖြစ်ပြီး ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာကာ ၁၉၅၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
‘ညောင်ရွှေဟော်’ ဟုခေါ်သည် အဆိုပါ နန်းတော်အား သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ရေးမှာ ကနဦးအဆင့်သာ ရှိသေးပြီး ၀န်ကြီးကမူ ပြင်ဆင်မှုများ ပြီးဆုံးပါက တစ်ပတ်လျှင် ၂ ည လာရောက် လည်ပတ်နိုင်မည်ဖြစ်ကာ နန်းတော်အနီးအနားတွင်လည်း ညဈေးကြီးတစ်ခုကို ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။
“သမိုင်းအမွေအနှစ်ဆိုင်ရာ ခရီးသွားလုပ်ငန်းဟာ ၀င်ငွေတိုးစေမှာဖြစ်ပြီး ဒေသခံတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း ပိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ခရီးသွား သမိုင်းဝင်နေရာအဖြစ် လုပ်ဖို့တော့ မလွယ်ပါဘူး။ ပြည်တွင်းနဲ့ ပြည်ပက ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံအဉာဏ်တွေ လိုအပ်ပါတယ်”
ထိုအစီအစဉ်တွင် ဟော်နန်းအတွင်း လှည့်လည်ပြသသည့် လမ်းညွှန်များ ထားရှိခြင်း၊ ၀င်ကြေးများအား စုပေါင်းကာ ဟော်နန်း ထိန်းသိမ်းရေးဆောင်ရွက်နိုင်ရန် ကော်မတီ ဖွဲ့စည်းခြင်းတို့လည်း ပါဝင်သည်။
Ref : Irrawady
-
ပြဿနာဖြစ်ခဲ့သည့် အိုဘားမားနှင့် ဒူတာတီတို့ အကျဉ်းရုံး တွေ့ဆုံ
စက်တင်ဘာ ၈၊ ၂၀၁၆
M-Media– တင်းမာမှုများ ရှိခဲ့သော်လည်း ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီနှင့် အမေရိကန်သမ္မတ ဘာရက် အိုဘားမားတို့မှာ လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ယမန်နေ့က တွေ့ဆုံခဲ့ကြသည်ဟု နှစ်ဖက် အစိုးရများက အတည်ပြု ပြောကြားခဲ့သည်။
ဒူတာတီမှာ ၎င်း၏ ပြင်းထန်သော မူယစ်ဆေးဝါးတိုက်ဖျက်မှု မူဝါဒနှင့်ပတ်သက်၍ ဝေဖန်ရန်ရှိနေသော အိုဘားမားကို ယခုတစ်ပတ် အစောပိုင်းက ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ပြီး အိုဘားမားကလည်း ဒူတာတီ၏ ထိုအပြုအမူကြောင့် ဗီယန်ကျင်းတွင် တွေ့ဆုံရန် စီစဉ်ထားမှုကို ဖျက်သိမ်းခဲ့သည်။
ဖိလစ်ပိုင်သမ္မတမှာ နောက်ပိုင်းတွင် ၎င်း၏ ထိုလုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပါဖက်တို ယာဆေးကမူ ခေါင်းဆောင်နှစ်ဦးမှာ ယမန်နေ့က ညစာစားပွဲ မတိုင်ခင် အကျဉ်းရုံး တွေ့ဆုံခဲ့ကြသည်ဟုဆိုသည်။
“အစည်းအဝေးကျင်းပတဲ့ခန်းမမှာ သူတို့ တွေ့ဆုံခဲ့ပြီး ခန်းမထဲကနေ သူတို့နှစ်ယောက် နောက်ဆုံးမှ ထွက်လာခဲ့တာပါ။ ဘယ်လောက်ကြာခဲ့လဲဆိုတာတော့ ကျွန်တော် ပြောလို့မရပါဘူး။ ဒီလိုတွေ့ဆုံမှုအတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်” ဟု ၀န်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သည်။
နောက်ပိုင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ချက်တွင် အိုဘားမားမှာ ဒူတာတီနှင့် အကျဉ်းရုံး ဆွေးနွေးခဲ့ပြီး အပြန်အလှန် ပြောဆိုမှုများတွင် တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း ပါဝင်သည်ဟု ဖော်ပြခဲ့သည်။
ယနေ့မနက်ပိုင်း သတင်းထောက်များ၏ မေးမြန်းမှုတွင် အိုဘားမားက ရာဇ၀တ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် မှန်ကန်သော နည်းလမ်းဖြင့် လုပ်ဆောင်ရန်လိုအပ်ပြီး၊ မမှန်မကန် ဆောင်ရွက်ပါက အပြစ်မဲ့သူများ ထိခိုက်ခြင်း၊ မရည်ရွယ်ထားသည့် နောက်ဆက်တွဲများဖြစ်ကာ ပြဿနာကို မဖြေရှင်းနိုင်တော့ခြင်း စသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်ဟု မိမိက ပြောကြားခဲ့ကြောင်း ဖြေကြားခဲ့သည်။
Ref: Channelnewsasia
-
စင်ကာပူတွင် ဇီကာကူးစက်မှုများ ထပ်မံတွေ့ရှိ
စက်တင်ဘာ ၈၊ ၂၀၁၆
M-Media– စင်ကာပူတွင် ယမန်နေ့က ဇီကာကူးစက်မှု ဖြစ်စဉ်အသစ် ၈ ခု ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်သူ အရေအတွက်မှာ စုစုပေါင်း ၂၈၃ ဦးရှိလာပြီ ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန(MOH) နှင့် အမျိုးသား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ (NEA) တို့ ပူးပေါင်းထုတ်ပြန်သော ကြေငြာချက်တွင် အဆိုပါ ဖြစ်စဉ်သစ် ၈ ခုမှ ၂ ခုမှာ ဇီကာကူးစက်နိုင်သည့် နေရာများအဖြစ် သတ်မှတ်ထားသော Aljunied Crescent၊ Sims Drive၊ Kallang Way၊ Paya Lebar Way ရပ်ကွက်များနှင့် ဆက်နွယ်နေပြီး တစ်ခုမှာမူ Bishan လမ်းမှ ၁၂ ရပ်ကွက်နှင့် ဆက်နွယ်နေသည်ဟု ဖော်ပြထားသည်။
အခြား ၄ ခုမှာ လတ်တလော ကူးစက်နိုင်ချေရှိသည်ဟု သတ်မှတ်ထားသည့် နေရာများနှင့် ဆက်နွယ်မှု မရှိဘဲ၊ ကျန်တစ်ခုမှာ Elite Terrace ရပ်ကွက်တွင် ဖြစ်ပွားသောကြောင့် ထိုနေရာကိုလည်း ဇီကာ ကူးစက်နိုင်ခြေရှိသည့် နေရာအဖြစ် သတ်မှတ်ခဲ့သည်။
စက်တင်ဘာ ၆ ရက်နေ့အထိ ကူးစက်နိုင်ခြေရှိသည်ဟု သတ်မှတ်ထားသော နေရာများတွင် ခြင်များ ပေါက်ဖွားနိုင်သည့် နေရာ ၁၅၀ ကို တွေ့ရှိကာ ရှင်းလင်းနိုင်ခဲ့ပြီး ထိုအထဲမှ ၉၉ ခုမှာ နေအိမ်များမှဖြစ်ကာ ၅၁ ခုမှာ ပြင်ပဧရိယာများမှ ဖြစ်သည်ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
Ref: Channelnewsasia
-
ရခိုင်အရေးကိစ္စ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ မစ္စတာ ကိုဖီအာနန်အား ပြောကြားချက်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan အား လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချူပ်၏ ပြောကြားချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါသည်။
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နောက်ခံသမိုင်းကြောင်းနှင့်ပတ်သက်၍ ၁၈၂၄ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲတွင် စစ်ရှုံးပြီး ရခိုင်ဒေသသည် ဗြိတိသျှကိုလိုနီဖြစ်သွားခဲ့ကြောင်း၊ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီဖြစ်ခဲ့ရကြောင်း၊ ယင်းကာလအတွင်း နယ်ချဲ့တို့က စီးပွားရေးအရ စပါးစိုက်ပျိုးရန် ဘင်္ဂလားဒေသမှ ဘင်္ဂါလီများခေါ်ယူခဲ့ရာ ရခိုင်ဒေသတွင် တဖြည်းဖြည်း လူဦးရေများလာခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေသမှ လာသည့်သူများဖြစ်၍ မိမိတို့က ဘင်္ဂါလီဟုခေါ်ဆိုကြောင်း၊ ယခင်က ဘင်္ဂလားနယ်မြေမှာလည်း အရှေ့ဘင်္ဂလားနှင့် အနောက်ဘင်္ဂလားဟု နယ်မြေနှစ်ခုကွဲသွားပြီး ၁၉၇၁ ခုနှစ်တွင် အရှေ့ဘင်္ဂလား(အရှေ့ပါကစ္စတန်)နယ်မြေမှာ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပေါ်လာကြောင်း၊ ယင်းဘင်္ဂါလီများက သူတို့ ကိုယ်ကို “ ရိုဟင်ဂျာ ” ဟုသုံးစွဲလာခြင်းဖြစ်ကြောင်း၊ ယခုဘင်္ဂလားဒေ့ရှ်တွင် နေထိုင်သူများနှင့် ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုအတူတူပင်ဖြစ်ပြီး မိမိတို့နှင့်ကွဲပြားခြားနားကြောင်း ရှင်းလင်းပြောကြားသည်။
.
ဆက်လက်ပြီး မြန်မာနိုင်ငံတွင် ရခိုင်တိုင်းရင်းသားများအပါအ၀င် အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ စုကျော်ရှိပြီး ယင်းမူလတိုင်းရင်းသားမျိုးနွယ်စုများတွင် ဘင်္ဂါလီမပါဝင်ကြောင်း၊ ယင်းဘင်္ဂါလီများက မူလနေထိုင်သည့် ဒေသခံရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်ခဲ့၍ နယ်စပ်ဒေသ ဘူးသီးတောင်၊ မောင်တောနယ်မြေမှ Native ရခိုင်များသည် အောက်ဘက်စစ်တွေ၊ ပုဏ္ဏားကျွန်းဘက်သို့ ထွက်ပြေးခဲ့ရကြောင်း၊ ၁၉၄၂ ခုနှစ်တွင် ရခိုင်၊ ဘင်္ဂါလီပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရခိုင်လူမျိုး ၂ သောင်း ကျော်သေဆုံးခဲ့ရကြောင်း၊ နယ်ချဲ့အင်္ဂလိပ်များမြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးချိန်တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ရန်ပေးအပ်ခဲ့သည့် လက်နက်များအသုံးပြု၍ ရခိုင်တိုင်းရင်းသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းမှာ ရခိုင်တိုင်းရင်းသားများ၏ များစွာခံပြင်းမှုကိုဖြစ်စေသည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
.
ယင်းနောက် သမိုင်းဖြစ်စဉ်တွင် မူဂျာဟစ်သောင်းကျန်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်တွင် ရခိုင်ဒေသရှိ ဘင်္ဂါလီများသည် မူဂျာဟစ်သောင်းကျန်းသူအဖြစ် အစိုးရကိုလက်နက်ကိုင်၍ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ဆက်လက်တိုက်ခိုက်မှုများရှိ၍ တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ တစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရခြင်း၊ ၁၉၇၀ ခုနှစ် ၀န်းကျင်တွင် ဗကပသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရခြင်းတို့ကြောင့် ယင်းအချိန်ကာလ အစိုးရများအနေဖြင့် ရခိုင်ဒေသ ဘင်္ဂါလီအ၀င်အထွက်များစွာကို ထိရောက်စွာကြပ်မတ်နိုင်မှုမရှိကြောင်း၊ ယင်းအခြေခံအကြောင်းအရာများမှ အဆင့်ဆင့်ဖြင့် ယခုအခြေအနေအထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
.
ဆက်လက်၍ ရခိုင်ဒေသ ဘင်္ဂါလီဦးရေ တိုးပွားမှုနှင့်ပတ်သက်၍ ၁၉၄၂ ခုနှစ်မှတ်တမ်းများအရ နယ်စပ်ဒေသ မောင်းတောဧရိယာတစ်ခုတည်းတွင်ပင် ဘင်္ဂါလီဦးရေ ၁၂၄၄၅၂ ဦးရှိခဲ့ပြီး ၁၉၈၆ ခုနှစ်စာရင်းအရ ၂၆၀၀၀၀ ကျော်ဖြစ်၍ နှစ် ၄၀ ခန့် အတွင်း လူဦးရေနှစ်ဆတိုးပွားခဲ့ကြောင်း၊ မိမိနိုင်ငံဥပဒေအရ တစ်လင်တစ်မယားစနစ် ကျင့်သုံးသော်လည်း ယင်းတို့အနေဖြင့် လိုက်နာကျင့်သုံးမှုမရှိဘဲ အိမ်ထောင်ပြုမှုများသည့် စနစ်ကြောင့်လည်း လူဦးရေတိုးပွားလာခြင်းဖြစ်ကြောင်း ပြောကြားသည်။
.
နိုင်ငံသားစိစစ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိနိုင်ငံအနေဖြင့် လူဦးရေလွန်စွာများပြားသည့် အိမ်နီးချင်းနိုင်ငံများအကြားတွင် တည်ရှိနေကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ အမှားမခံနိုင်ခြင်းကြောင့် အထောက်အထား ပြည့်စုံစွာဖြင့် အချိန်ယူစိစစ်ရကြောင်း၊ ရခိုင်ဒေသတွင်လည်း နိုင်ငံသားစိစစ်ခြင်းလုပ်ငန်း စဉ်များကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ ယင်းဥပဒေနှင့်ကိုက်ညီပါက နိုင်ငံသား၊ နိုင်ငံသားပြုခွင့်နှင့် ဧည့်နိုင်ငံသားစသည်ဖြင့် ဥပဒေနှင့်အညီ သတ်မှတ်ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းပြင်ပတွင်ရှိနေသည့် ဘင်္ဂါလီများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုရှိလျှင် စိစစ်မှုခံနိုင်မည်ဟု ယူဆကြောင်း၊ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များကို မှန်ကန်စွာသိရှိပြီး နှစ်ဖက်လုံးက စိတ်ရှည်မှုရှိရန်လိုကြောင်း ထည့်သွင်းပြောကြားသည်။
.
ယင်းနောက် ဘာသာရေးဆိုင်ရာ လွတ်လပ်စွာကိုးကွယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် လူဦးရေ ၅၂ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင်နှုန်း ကျော်၊ ခရစ်ယာန်ဘာသာကိုးကွယ်သူ ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာကိုးကွယ် သူ ၄ ရာခိုင်နှုန်းကျော်နှင့် ကျန်ရာခိုင်နှုန်းအနည်းငယ်မှာ အခြားဘာသာများကို ကိုးကွယ်ကြကြောင်း၊ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသည် အများစုကိုးကွယ်ပြီး ထူးခြားသောဝိသေသရှိသည့် ဘာသာအဖြစ် အသိအမှတ်ပြုထားသကဲ့သို့ အခြားဘာသာ ကိုးကွယ်မှုများကိုလည်း အသိအမှတ်ပြုပြီး လိုအပ်သည်များကူညီစောင့်ရှောက်ရန် အတိအလင်း ပြဌာန်းထားကြောင်း၊ ခရစ်ယာန်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံ၊ အစ္စလာမ်ဘာသာကိုးကွယ်သည့် အချို့နိုင်ငံများနှင့် ယှဉ်ကြည့်ပါက မိမိနိုင်ငံတွင် ဘာသာရေးနှင့်ပတ်သက်၍ တင်းကြပ်မှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၄ ရာခိုင်နှုန်းကျော်တွင်လည်း ရှေးနှစ်ပေါင်း များစွာကရောက်ရှိမှု၊ ဘာသာကူးပြောင်းကိုးကွယ်မှုများအဖြစ် ရှေးယခင်ကတည်းက လက်ခံထားခြင်းဖြစ် ကြောင်း၊ အစ္စလာမ်ဘာသာဝင် နိုင်ငံသားများတွင် အဆင့်မြင့်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်း များလည်းရှိကြောင်း၊ ယခုပြဿနာမှာလည်း ဘာသာရေးကြောင့်မဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်နေမှုများသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မျှတစွာ သုံးသပ်ပြောဆိုလုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
.
ကိုးကား- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး