News @ M-Media

Blog

  • ဆီးရီးယားတွင် တူရကီက စစ်မျက်နှာသစ်ဖွင့်

    ဆီးရီးယားတွင် တူရကီက စစ်မျက်နှာသစ်ဖွင့်

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    turkey 4

    – ပြီးခဲ့သည့် သီတင်းပတ်အတွင်း IS လက်မှ သိမ်းယူနိုင်ခဲ့သည့် ဆီးရီးယားနိုင်ငံမြာက်ပိုင်းမှ နယ်စပ်မြို့သို့ တူရကီက တင့်ကားအင်အားများ ထပ်မံဖြည့်တင်းခဲ့ပြီး ထိုဒေသအတွင်းရှိ တိုက်ခိုက်ရေးသမားများအားလုံးကို ရှင်းလင်းရန်အတွက် စစ်မျက်နှာအသစ် ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

    ဂျာရာဘလွတ်စ်၏ အမည်ရသည့် အဆိုပါမြို့ကို တူရကီတပ်ဖွဲ့များနှင့် မဟာမိတ် ဆီးရီးယားသူပုန်များက သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ထိုကဲ့သို့ စစ်အင်အားဖြည့်တင်းခဲ့ခြင်းဖြစ်ကာ ထိုးစစ်ဆင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်။

    ယမန်နေ့က သူပုန်များမှာ တူရကီနယ်စပ်နှင့်ကပ်နေသည့် ဆီးရီးယားဘက်ခြမ်းမှ အခြားမြို့ပေါင်းများစွာကို သိမ်းယူနိုင်ခဲ့သည်။

    တူရကီလိုလားသည့် Sultan Murad သူပုန်အဖွဲ့မှ တပ်မှူးဖြစ်သူ အဟ်မဒ် အွတ်သမန်ကမူ မိမိတို့မှာ ဂျာရာဘလွတ်စ်ပြီးနောက် နောက်ထပ် ရွာပေါင်း ၁၇ ရွာကို သိမ်းယူနိုင်ခဲ့ပြီး အလ်-ရိုင်းနှင့် ဂျာရာဘလွတ်စ်မြို့ကြားရှိ ရွာအားလုံးကို သိမ်းယူရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဝေဖန်မှုရှိသော်လည်း အတိုက်အခံခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    ဝေဖန်မှုရှိသော်လည်း အတိုက်အခံခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ် ကွပ်မျက်

    စက်တင်ဘာ ၄၊ ၂၀၁၆
    M-Media

    bang

    – နိုင်ငံအတွင်း အကြီးဆုံး အတိုက်အခံပါတီဖြစ်သော ဂျမာအသ်-အီ-အစ္စလာမီပါတီအား ငွေကြေးထောက်ပံ့သူဖြစ်ပြီး အဓိကခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ မီရ် ကွာဆင်မ် အလီကို ဘင်္ဂလားဒေ့ရှ်က ကွပ်မျက်လိုက်သည်ဟု သိရသည်။

    မိသားစုနှင့် နောက်ဆုံး တွေ့ဆုံခွင့်ပေးပြီးနောက် ယမန်နေ့ည ၁၀ နာရီ ၃၅ မိနစ်တွင် ကြိုးပေး ကွပ်မျက်လိုက်ခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီး အန်နီဆူလ် ဟက်က ပြောကြားခဲ့သည်။

    အလီမှာ ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ရာဇ၀တ်မှုများကျူးလွန်ခဲ့သည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ် အထူးခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးချုပ်သို့ အယူခံဝင်ခဲ့သော်လည်း အင်္ဂါနေ့တွင် ပယ်ချခြင်း ခံခဲ့ရပြီး အပြစ်ရှိကြောင်းဝန်ခံကာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်သော်လည်း ၎င်းက လက်မခံခဲ့ပေ။

    အလီမှာ စစ်ပွဲအတွင်း တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောာင်းမှ ပါကစ္စတန်လိုလားသူ ပြည်သူ့စစ်အဖွဲ့၏ အဓိကတပ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သင်္ဘောလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများဖြင့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။

    ၂၀၁၃ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်မှာ အတိုက်အခံခေါင်းဆောင် ၅ ဦးကို စစ်ရာဇ၀တ်မှုစွဲချက်များဖြင့် ကွပ်မျက်ခဲ့ပြီး အလီမှာ ဂျာမာအသ်-အီ- အစ္စလာမီပါတီတွင် အရေးပါသည့် နောက်ဆုံးခေါင်းဆောင်တစ်ဦး ဖြစ်သည်။

    လူ့အခွင့်အရေးအဖွဲ့များကမူ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖွဲ့စည်းထားသည့် အထူးခုံရုံး၏ လုပ်ထုံးလုပ်နည်းများမှာ နိုင်ငံတကာ ဥပဒေများနှင့် မညီညွတ်ဘဲ အတိုက်အခံအများကို နှိပ်ကွပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုထားသည်။

    Ref : Aljazeera

  • ကာဘွန်လျှော့ချရေး သဘောတူညီချက်တွင် ကန်နှင့် တရုတ်တို့ လက်မှတ်ထိုးမည်

    ကာဘွန်လျှော့ချရေး သဘောတူညီချက်တွင် ကန်နှင့် တရုတ်တို့ လက်မှတ်ထိုးမည်

    စက်တင်ဘာ ၃၊ ၂၀၁၆
    M-Media

    climate

    – ကမ္ဘာပေါ်တွင် ကာဘွန်ထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံနှစ်ခုဖြစ်သော တရုတ်နိုင်ငံနှင့် အမေရိကန်တို့မှာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေး ပဲရစ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု ကြေငြာလိုက်သည်။

    ထိုကဲ့သို့ ကြေငြာမှုကြောင့် ယခုနှစ်မကုန်ခင် ထိုသဘောတူညီချက် သက်ရောက်စေရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တရုတ်သမ္မတ ဇီဂျင်ပင်းတို့က ယနေ့တွင် ၎င်းတို့၏ ကြေငြာချက်မှာ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တရုတ်နှင့် အမေရိကန်တို့မှာ ကမ္ဘာ့ကာဘွန်ထုတ်လွှတ်မှု၏ ၄၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိနေသည်။ တရုတ်နှင့် အမေရိကန်တို့မှာ ယခုလနှောင်းပိုင်းတွင် ကျရောက်မည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သီတင်းပတ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ပြီး အခြားသောတိုင်းပြည်များကလည်း ပါဝင်ရန် ရှိနေသည်။

    အဆိုပါ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို ပြီးခဲ့သည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ကမ္ဘာ့အပူချိန်တက်မှုကို ၂ ဒီဂရီဆဲလ်စီးယက်စ်အောက်တွင် ထားရှိရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ပဲရစ်တွင် လက်မှတ်ရေးထိုးမှု၌ တရုတ်နှင့် အမေရိကန်တို့မှာ ၂၀၃၀ တွင် ကာဘွန်ထုတ်လွှတ်မှု အဆင့်ကို လျှော့ချသွားမည်ဟု ကတိပြုခဲ့သည်။ ထိုသဘောတူညီချက်ကို စုစုပေါင်း ၅၅ နိုင်ငံ လက်မှတ်ရေးထိုးရမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် ၂၃ နိုင်ငံသာ လက်မှတ်ထိုးထားပြီး ၎င်းတို့အားလုံးပေါင်း၏ ကာဘွန်ထုတ်လုပ်မှု ပမာဏမှာ ၁ ရာခိုင်နှုန်းခန့်သာရှိသည်။

    Ref: Aljazeera

  • ထိုင်းနယ်စပ်မှ မြန်မာနိုင်ငံသို့ E-visa ဖြင့် ၀င်ရောက်နိုင်မည်

    ထိုင်းနယ်စပ်မှ မြန်မာနိုင်ငံသို့ E-visa ဖြင့် ၀င်ရောက်နိုင်မည်

    စက်တင်ဘာ ၃၊ ၂၀၁၆
    M-Media

    Tachileik

    – ထိုင်းနိုင်ငံမှ အီလက်ထရောနစ်ဗီဇာဖြင့် ၀င်ရောက်မည့် နိုင်ငံခြားသားများအတွက် နယ်စပ်ဂိတ်ပေါက် ၃ ခုကို ဖွင့်လှစ်ပေးလိုက်ပြီဟု မြန်မာနိုင်ငံ၏ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ကြာသာပတေးနေ့တွင် ကြေငြာခဲ့သည်။

    “၂၀၁၆ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကစလို့ မြန်မာနဲ့ ထိုင်းနိုင်ငံအကြားက ကုန်လမ်းကြောင်း ၃ ခုဖြစ်တဲ့ တာချီလိတ်၊ မြ၀တီနဲ့ ကော့သောင်း နယ်ခြားဂိတ်ပေါက်တွေကနေ မြန်မာနိုင်ငံထဲကို ၀င်ရောက်ဖို့ အီလက်ထရောနစ်ဗီဇာကို အသုံးပြုနိုင်ပြီလို့ ကြေငြာလိုပါတယ်” ဟု ၀န်ကြီးဌာန၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ယခင်က အီလက်ထရောနစ်ဗီဇာကို အသုံးပြုသူများမှာ မြန်မာနိုင်ငံအတွင်းသို့ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှတစ်ဆင့်သာ ၀င်ရောက်နိုင်ခြင်းဖြစ်သည်။

    ဗီဇာကြေးမှာ ယခင်အတိုင်းပင်ဖြစ်ပြီး ခရီးသွားဗီဇာ (၂၈ ရက်) အတွက် ဒေါ်လာ ၅၀၊ လုပ်ငန်းဗီဇာ (ရက် ၇၀) အတွက် ဒေါ်လာ ၇၀ တို့ဖြစ်ပြီး Visa၊ MasterCard နှင့် Amex or JCB ကဒ်တို့ဖြင့် ပေးချေနိုင်မည်ဖြစ်သည်။ ဗီဇာလျှောက်ထားသူများမှာ အွန်လိုင်းမှ လျှောက်လွှာတစ်ခုကို ဖြည့်ရန်နှင့် ပတ်စပို့ဆိုက် ဒစ်ဂျစ်တယ် ဓာတ်ပုံသာ လိုအပ်မည်ဖြစ်သည်။ အကယ်၍ ဗီဇာလက်ခံပါက ၃ ရက်အတွင်း အကြောင်းပြန်မည်ဖြစ်သည်။

    Ref: yangon.coconuts

  • အီတလီက ပါလက်စတိုင်းအတွက် ယူရို ၆ သန်းကျော် ထောက်ပံ့

    အီတလီက ပါလက်စတိုင်းအတွက် ယူရို ၆ သန်းကျော် ထောက်ပံ့

    စက်တင်ဘာ ၃၊ ၂၀၁၆
    M-Media

    pales

    – အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများကို ခံနေရသည့် ပါလက်စတိုင်းပြည်သူများအား ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် ‘ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေး၊ အကူအညီပေးရေးအဖွဲ့’ UNRWA သို့ အီတလီက ယူရို ၆.၆ သန်း (ကန်ဒေါ်လာ ၇.၃၅ သန်း) ပေးအပ်ခဲ့သည်ဟု သိရသည်။

    ယခုသီတင်းပတ်အတွင်း ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ပထမအသုတ်အဖြစ် ယူရို ၁၀ သန်းကူညီမည်ဟု ကတိပြုထားမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အီတလီက ကူညီရန် ကတိပြုထားမှုမှာ ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

    “UNRWA နဲ့ ပါလက်စတိုင်းဒုက္ခသည်တွေအတွက် အဆက်မပြတ် ကူညီထောက်ပံ့ပေးနေတဲ့ အီတလီအစိုးနဲ့ အီတလီပြည်သူတွေကို ကျွန်တော်တို့ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။ အခုလို ကူညီပေးတာဟာ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကယ်ဆယ်ရေး၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ ဒုက္ခသည်စခန်း တိုးတက်ရေးတို့အပါအ၀င် ဒေသအတွင်းက ပါလက်စတိုင်းဒုက္ခသည်တွေကို အဓိက ၀န်ဆောင်မှုတွေပေးဖို့ UNRWA ရဲ့ကြိုးပမ်းမှုအတွက် အလွန်အရေးပါပါတယ်” ဟု UNRWA ၏ ကော်မရှင်နာ ပီယာရီ ကရာဟန်ဘူလ်က ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်တွင် အီတလီမှာ UNRWA သို့ ယူရို ၈.၇၅ သန်း ထောက်ပံ့ခဲ့ပြီး ထိုအထဲမှ ၄.၁ သန်းမှာ အဖွဲ့၏ အဓိကလုပ်ငန်းများနှင့် ၀န်ဆောင်မှုများအတွက် ဖြစ်သည်။ ထိုအထဲမှာ ယူရို ၁ သန်းကို ဆီးရီးယားနိုင်ငံ ယာရ်မွတ် ဒုက္ခသည်စခန်းရှိ ပါလက်စတိုင်းပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်တုန့်ပြန်မှုအတွက်ဖြစ်ကာ ၂.၁၈ သန်းမှာ ဂါဇာကမ်းမြှောင်တွင် စားနပ်ရိက္ခာ ထောက်ပံ့ရန်ဖြစ်သည်။

    Ref: IINA