News @ M-Media

Blog

  • ကိုဖီအန်နန် လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

    ကိုဖီအန်နန် လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

    စက်တင်ဘာ ၂၊ ၂၀၁၆
    M-Media

    Kofi

    – မကြာသေးခင်က ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်မှာ လာမည့်သတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရှိနေသည်ဟု သိရသည်။

    “စက်တင်ဘာ ၆ ရက်နေ့ ဖြစ်မှာပါ။ ဒါပေမယ့် ရက်စွဲကတော့ အတိအကျ မဟုတ်သေးပါဘူး” ဟု ရခိုင်ပြည်နယ်အစိုးရ၏ အတွင်းရေမှူး ဦးတင်မောင်ဆွေ၏ ပြောကြားမှုကို မြန်မာတိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။ သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း ထိုလာရောက်မှုအစီအစဉ်ကို အတည်ပြုခဲ့သော်လည်း လာရောက်မည့် နေ့ရက်နှင့် သွားရောက်မည့်နေရာများကို အသေးစိတ် မစီစဉ်ရသေးဟု ပြောကြားခဲ့သည်။

    ကိုဖီအန်နန် ဦးဆောင်ပြီး အဖွဲ့ဝင် ၉ ဦးပါသည့် အဆိုပါကော်မရှင်မှာ ပဋိပက္ခတားဆီးရေး ဆောင်ရွက်ချက်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ အခွင့်အရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး၊ အခြေခံအဆောက်အဦးများ တည်ဆောက်ရေးနှင့် မတည်ငြိမ်သော ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်စီမံကိန်းများ ဆောင်ရွက်နိုင်ရေး စသည့် ကိစ္စရပ်များအတွက် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။

    ကော်မရှင်မှာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် တစ်နှစ်အချိန်ရပြီး မြန်မာအစိုးရထံ အစီရင်ခံစာ ရေးသား တင်သွင်းရမည်ဖြစ်သည်။

    ထိုကော်မရှင်အား အမျိုးသားရေးဝါဒီများက ကန့်ကွက်မှု ရှိနေပြီး အစိုးရအနေဖြင့် နိုင်ငံတကာကျွမ်းကျင်သူများဖြင့် ထိုအကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းမှာ အချုပ်အခြာအာဏာကို ထိပါးသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။ ထိုကဲ့သို့ နိုင်ငံခြားသားများ ပါဝင်ခြင်းကလည်း ပြည်တွင်းအရေးကိစ္စအား နိုင်ငံရပ်ခြားသြဇာ လွှမ်းမိုးစေသည်ဟု ယူဆနေသည်။

    ရခိုင်အမျိုးသားပါတီ ANP ကလည်း အဆိုပါ ကော်မရှင်အား ဖျက်သိမ်းရန် တောင်ဆိုထားပြီး၊ အစိုးရနှင့် ထိုကော်မရှင်မှာ ရခိုင်တိုင်းရင်းသားများအတွင် မျှတမှု ရှိမည်မဟုတ်ဟု စွပ်စွဲပြောကြားခဲ့သည်။ အတိုက်အခံပါတီကြီးတစ်ခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထိုကော်မရှင်အား အမျိုးသားရေးအမြင်ဖြင့် စောင့်ကြည့်သွားမည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    Ref: indianexpress

  • ကမ္ဘာ့လူသား သန်း ၃၀၀ ကျော် မသန့်ရှင်းသောရေများ သောက်သုံးနေရ

    ကမ္ဘာ့လူသား သန်း ၃၀၀ ကျော် မသန့်ရှင်းသောရေများ သောက်သုံးနေရ

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    water

    – အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ လူပေါင်း သန်း ၃၀၀ ကျော်မှာ မြစ်များ၊ ကန်များရှိ ရေညစ်ညမ်းမှု မြင့်တက်လာသောကြောင့် ၀မ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျားရောဂါကဲ့သို့ အသက်အန္တရာယ်ရှိသည့် ရောဂါများ၏ အန္တရာယ်ကို ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်စီမံကိန်း (UNEP) က ပြောကြားလိုက်သည်။

    ၁၉၉၀ နှင့် ၂၀၁၀ ကြားတွင် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် အခြားသော အဏုဇီဝပိုးမွှားများ၊ ဓာတ်မြေသြဇာ သို့မဟုတ် ရေနံကဲ့သို့ အဆိပ်သင့် အညစ်အကြေးများကြောင့် ရေထုညစ်ညမ်းမှုများမှာ တိုက်ကြီးသုံးတိုက်ရှိ မြစ် ထက်ဝက်ကျော်ခန့်တွင် မြင့်တက်လာခဲ့ပြီး ရေငံဖြစ်မှုမှာလည်း ၃ ပုံ ၁ ပုံ မြင့်တက်လာသည်ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် UNEP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    လူဦးရေးတိုးတက်လာမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာမှုနှင့် စွန့်ပစ်အညစ်အကြေးများကို မြစ်များ၊ ကန်များတွင် စွန့်ပစ်မှုတို့က ရေထုညစ်ညမ်းမှုများလာခြင်း၏ အဓိက အကြောင်းရင်း ဖြစ်နေပြီး လူသန်းပေါင်း ၃၂၃ သန်းအား ကူးစက်ရောဂါများ ဖြစ်ပွားမည့်အန္တရာယ် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

    “ကမ္ဘာလုံးအတိုင်းအတာအရ ရေအရည်အသွေးပြဿနာနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ထိခိုက်ခံစားရတဲ့ လူပေါင်းများစွာဟာ ကျွန်တော်တို့ခန့်မှန်းတာထက် တော်တော်လေးများနေပါတယ်” ဟု အစီရင်ခံစာ ဦးဆောင်တင်သွင်းသူ Dietrich Borchardt က ပြောကြားခဲ့သည်။

    သို့သော်လည်း ရေအရည်အသွေးကောင်းမွန်သည့် မြစ်ချောင်းအရေအတွက်မှာ အလွန်များပြားသည့်အနေအထားတွင် ရှိနေပြီး ထိန်သိမ်းကာကွယ်ရန် လိုအပ်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

    လက်တင်အမေရိကရှိ မြစ်များ၏ လေးပုံတစ်ပုံခန့်၊ အာဖရိကမြစ်များ၏ ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းခန့်၊ အာရှရှိမြစ်များ၏ ၅၀ ရာခိုင်နှုန်းမှာ ရောဂါဖြစ်စေသော ပိုမွှားကြောင့် မသန့်ရှင်းမှု အလိုအမင်းဆိုးရွားကြောင်း၊ ထိုသို့ ညစ်ညမ်းခြင်းမှာ မသန့်သောရေများကို မြစ်ထဲသို့ စွန့်ပစ်ခြင်းကြောင့်ဖြစ်ကြောင်း၊ ရေထဲရှိ ရောဂါဖြစ်စေသောပိုမွှားများနှင့် ဆက်စပ်နေသော ၀မ်းကိုက်ရောဂါ၊ အူရောင်ငန်းဖျား၊ အကြောသေရောဂါနှင့် ၀မ်းပျက်ဝမ်းလျှော ရောဂါများကြောင့် နှစ်စဉ် လူ ၃.၄ သန်းခန့် သေဆုံးနေရကြောင်း UNEP ၏ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

    Ref : IINA

  • အာဖရိက ကလေးငယ်များ အဟာရအတွက် ရန်ပုံငွေ ၄၈ သန်း ကုလ တောင်းခံ

    အာဖရိက ကလေးငယ်များ အဟာရအတွက် ရန်ပုံငွေ ၄၈ သန်း ကုလ တောင်းခံ

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    africa

    – ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အဖွဲ့က အာဖရိကအနောက်ဖက်နှင့် အလယ်ပိုင်းဒေသတွင် ကျောင်းတွင်း စားနပ်ရိက္ခာထောက်ပံ့ကူညီရေးအစီအစဉ်အတွက် ဒေါ်လာ ၄၈ သန်းခန့် အရေးတကြီးလိုအပ်နေသည်ဟု အင်္ဂါနေ့က သတိပေးပြောကြားခဲ့သည်။

    “လိုအပ်ချက်တွေ အများဆုံးရှိနေတဲ့ နိုင်ငံနဲ့ ဒေသတွေက ကလေးငယ်တွေဟာ အသက်ရှင်သန်ရေးအကူအညီတွေ ဆုံးရှုံးနေပါတယ်” ဟု အနောက်အာဖရိကဆိုင်ရာ WFP ဒါရိုက်တာ Abdou Dieng က ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    “ကျောင်းတွင်းစားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ်ကနေ ရရှိလာမယ့် အကျိုးတွေကို မမေ့လျော့ဖို့ ကျွန်တော်တို့ကို ကူညီနေတဲ့ လူတွေကို တိုက်တွန်းပါတယ်။ ကလေးငယ်တစ်သန်းကျော်ကို ဆင်းရဲမွဲတေမှု၊ ဆာလောင်မွတ်သိပ်မှု၊ အာဟာရမပြည့်ဝမှုအခြေအနေထဲ၊ ဆင်းရဲတွင်းထဲ ကျရောက်ခွင့်မပေးပါနဲ့”

    အကယ်၍ လိုအပ်သော ရန်ပုံငွေသည် နောက်လအထိ မပြည့်မီခဲ့ပါက ကင်မရွန်း၊ မာလီ၊ မော်ရီတေးနီးယား၊ နိုင်ဂျာတို့တွင်ရှိသော ကလေးငယ် သန်းဝက်ခန့်မှာ ၎င်းတို့ အဓိကမှီခိုနေရသည့် စားနပ်ရိက္ခများ မရရှိဘဲ ပညာသင်နှစ်ကို စတင်ရတော့မည်ဖြစ်သည်ဟု WFP က ထည့်သွင်းပြောကြားခဲ့သည်။

    အာဖရိကအနောက်နှင့် အလယ်ပိုင်းဒေသအများစုတွင် WFP က အာဟာချို့တဲ့မှုနှင့် ဆာလောင်မွတ်သိပ်မှု အများဆုံးရှိသော ဒေသများသို့ ဦးတည်၍ ကျောင်းတွင်းစားနပ်ရိက္ခာများ အဓိကထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

    Ref : IINA

  • မြောက်အမေရိကမှ အကြီးဆုံး မွတ်စလင်အသင်း ညီလာခံကျင်းပမည်

    မြောက်အမေရိကမှ အကြီးဆုံး မွတ်စလင်အသင်း ညီလာခံကျင်းပမည်

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    isna

    – မြောက်အမေရိက အစ္စလာမ်အသင်း (ISNA) မှာ ချီကာဂိုမြို့၌ မနက်ဖြန်တွင် ၅၃ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံကို ပြုလုပ်မည်ဖြစ်ပြီး လေးရက်တာကြာမြင့်မည့် အဆိုပါ ညီလာခံခေါင်းစဉ်ကို “Turning Points: Navigating Challenges, Seizing Opportunities” (အလှည့်အပြောင်းများ – စိန်ခေါ်မှုများကို ရှာဖွေခြင်းနှင့် အခွင့်အလမ်းများ အရယူခြင်း) ဟု အမည်ပေးထားသည်။

    ISNA အဖွဲ့ အထွေထွေအတွင်းရေးမှူး ဟာဇင်မ် ဘာတာက ညီလာခံမှာ တက်ရောက်လာသူတို့အတွက် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ရရှိမည်ဖြစ်ပြီး၊ ညီလာခံသို့တက်ရောက်ရန်လည်း တိုက်တွန်းခဲ့သည်။

    ISNA အဖွဲ့ချုပ်ဥက္ကဌ အဇ်ဟရ် အဇီးဇ်၏ ထုတ်ပြန်ကြေညာချက်တွင် “ISNA အဖွဲ့ဟာ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေးကို ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ ပညာရေးဖိုရမ်များ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးလှုပ်ရှားမှုများ၊ လူငယ်စီမံကိန်းများ၊ နိုင်ငံရေးစေ့စပ်ကြောင်းလမ်းခြင်းနဲ့ အခြားသောအစီအစဉ်တွေကိုလည်း အားတက်သရောလုပ်ဆောင်လျက်ရှိပါတယ်” ဟု ဖော်ပြထားသည်။

    “ISNA ရဲ့ နှစ်ပတ်လည်ညီလာခံဟာ မွတ်စလင်အသိုင်းအ၀ိုင်းကို စုစည်းရုံသက်သက်သာ မဟုတ်ပါဘူး၊ အစ္စလာမ်ကြောက်ရောဂါကဲ့သို့သော ပြဿနာမျိုးတွေကို ရင်ဆိုင်ဖို့အပြင် ကျွန်တော်တို့ရဲ့ ပန်းတိုင်က ငြိမ်းချမ်းရေးနဲ့ ပိုမိုနားလည်မှုရှိလာစေရေး အမျိုးမျိုးသော ယုံကြည်မှုတွေနဲ့ နောက်ခံအသိုင်းအ၀ိုင်းတွေက လူတွေကို စုစည်းစေဖို့ပဲ ဖြစ်ပါတယ်” ဟု ဥက္ကဌက ထည့်သွင်းပြောကြားခဲ့သည်။

    ညီလာခံသို့ ဧည့်သည်တော်ပေါင်း ၂၀၀၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်ထားပြိး ယနေ့မျက်မှောက်ခေတ်တွင် မြောက်အမေရိကနှင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းရေး၊ အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး စသည့် ကိစ္စများကို ဆွေးနွေးမည်ဖြစ်သည်။

    Ref; IINA

  • ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါ မျက်ရည်လည်ရွဲဖြင့် နိုင်ငံအသင်းကို နှုတ်ဆက်

    ဂျာမန်ကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါ မျက်ရည်လည်ရွဲဖြင့် နိုင်ငံအသင်းကို နှုတ်ဆက်

    စက်တင်ဘာ ၁၊ ၂၀၁၆
    M-Media

    stiger

    – နိုင်ငံအသင်းတွင် ကစားရခြင်းမှာ အလွန်ပင် နှစ်မြို့စရာကောင်းမည်ဟု မိမိ မထင်ထားခဲ့ကြောင်း လက်ရွေးစင်ကစားသမားဘ၀မှ ပူပူနွေးနွေး အနားယူလိုက်သည့် ဂျာမနီကွင်းလယ်လူ ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်သည်။

    အသက် ၃၂ နှစ်အရွယ်ရှိ ရှဝိုင်းစတိုင်ဂါ၏ လက်ရွေးစင်အသင်းမှ နှုတ်ဆက်ပွဲအဖြစ် ယမန်နေ့က ဖင်လန်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ဂျာမနီက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

    ပွဲမစခင်တွင် ရှဝိုင်းစတိုင်ဂါမှာ မျက်ရည်လည်ရွဲဖြင့် ပရိတ်သတ်များအား နှုတ်ဆက်ခဲ့ပြီး ၆၇ မိနစ် လူစားလဲခံရသည့်အချိန်တွင် ပရိတ်သတ်များက ၎င်းအား သောင်းသောင်းဖျဖျ နှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၂၁ ပွဲ ကစားခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ ယူရို ၂၀၁၆ တွင် ဂျမနီအသင်း ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက်ပိုင်း ၎င်း၏ အနားယူမည့်အစီအစဉ်ကို ကြေငြာခဲ့ခြင်းဖြစ်သည်။

    “ဒီနေရာမှာ ဒီနေ့ရှိနေရတာဟာ တော်တော်လေး အဓိပ္ပါယ်ရှိပါတယ်။ ခင်ဗျားတို့အတွက် ကစားပေးရတဲ့အတွက် ဂုဏ်လည်းယူပါတယ်။ ခင်ဗျားတို့ ကျွန်တော့်အပေါ်မှာ ဘယ်လောက် လွှမ်းမိုးလဲဆိုတာ အခု ကျွန်တော့်ကိုမြင်တာနဲ့ သိမယ်လို့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံအသင်းအတွက် ကစားပေးရတဲ့ အချိန်တိုင်းကို ပျော်ရွှင်ချင်ခဲ့တာပါ။ ဒါပေမယ့် ဒီလောက် နှစ်လိုဖွယ်ရာ ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ပါဘူး” ဟု ရှဝိုင်းစတိုင်ဂါက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

    ရှဝိုင်းစတိုင်ဂါမှာ ဂျာမနီနှင့် ၂၀၁၄ ကမ္ဘာ့ဖလား၊ အခြားသော အဓိကဆုဖလား ၆ ခု ရရှိခဲ့သည်။

    Ref : Goal