စက်တင်ဘာ ၄၊ ၂၀၁၆
M-Media
– နိုင်ငံအတွင်း အကြီးဆုံး အတိုက်အခံပါတီဖြစ်သော ဂျမာအသ်-အီ-အစ္စလာမီပါတီအား ငွေကြေးထောက်ပံ့သူဖြစ်ပြီး အဓိကခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ မီရ် ကွာဆင်မ် အလီကို ဘင်္ဂလားဒေ့ရှ်က ကွပ်မျက်လိုက်သည်ဟု သိရသည်။
မိသားစုနှင့် နောက်ဆုံး တွေ့ဆုံခွင့်ပေးပြီးနောက် ယမန်နေ့ည ၁၀ နာရီ ၃၅ မိနစ်တွင် ကြိုးပေး ကွပ်မျက်လိုက်ခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီး အန်နီဆူလ် ဟက်က ပြောကြားခဲ့သည်။
အလီမှာ ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ရာဇ၀တ်မှုများကျူးလွန်ခဲ့သည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ် အထူးခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးချုပ်သို့ အယူခံဝင်ခဲ့သော်လည်း အင်္ဂါနေ့တွင် ပယ်ချခြင်း ခံခဲ့ရပြီး အပြစ်ရှိကြောင်းဝန်ခံကာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်သော်လည်း ၎င်းက လက်မခံခဲ့ပေ။
အလီမှာ စစ်ပွဲအတွင်း တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောာင်းမှ ပါကစ္စတန်လိုလားသူ ပြည်သူ့စစ်အဖွဲ့၏ အဓိကတပ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် သင်္ဘောလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများဖြင့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်မှာ အတိုက်အခံခေါင်းဆောင် ၅ ဦးကို စစ်ရာဇ၀တ်မှုစွဲချက်များဖြင့် ကွပ်မျက်ခဲ့ပြီး အလီမှာ ဂျာမာအသ်-အီ- အစ္စလာမီပါတီတွင် အရေးပါသည့် နောက်ဆုံးခေါင်းဆောင်တစ်ဦး ဖြစ်သည်။
လူ့အခွင့်အရေးအဖွဲ့များကမူ ဘင်္ဂလားဒေ့ရှ်အစိုးရက ဖွဲ့စည်းထားသည့် အထူးခုံရုံး၏ လုပ်ထုံးလုပ်နည်းများမှာ နိုင်ငံတကာ ဥပဒေများနှင့် မညီညွတ်ဘဲ အတိုက်အခံအများကို နှိပ်ကွပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုထားသည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.