News @ M-Media

Blog

  • မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော

    မော်ရင်ဟိုနှင့် ပြဿနမာရှိဟု ရှဝိုင်းစတိုင်ဂါ ပြော

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    man u

    – အသင်းမှ ချန်လှပ်ခံရခြင်းမှာ နည်းပြမော်ရင်ဟိုနှင့် ပြဿနာရှိ၍ မဟုတ်ဟု မန်ယူအသင်း၏ ကွင်းလယ်လူ ဘက်စတီယန် ရှဝိုင်းစတိုင်ဂါက ပြောကြားလိုက်ပြီး၊ ပုံမှန်နေရာရရန် ကြိုးစားသွားမည်ဟု ဆိုသည်။

    ၂၀၁၅ ခုနှစ် ဇူလိုင်လက မန်ယူသို့ရောက်ရှိခဲ့သည့် ရှဝိုင်းစတိုင်ဂါမှာ နည်းပြသစ် မော်ရင်ဟို၏ လက်အောက်တွင် နေရာမရဘဲ အရန်အသင်းနှင့်သာ လေ့ကျင့်ခန်းဆင်းနေရသည်။ မော်ရင်ဟို၏ ထိုလုပ်ရပ်ကြောင့် ဝေဖန်မှုများ ဖြစ်လာခဲ့ပြီး ၎င်းတို့နှစ်ဦးအကြား ပြဿနာရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    သို့သော်လည်း အသက် ၃၂ နှစ်အရွယ် ရှဝိုင်းစတိုင်ဂါက ထိုသတင်းကို ငြင်းဆိုခဲ့သည်။

    “ကျွန်တော့်ရဲ့ အန္တိမအိပ်မက်က မန်ယူမှာ ကစားရဖို့ဖြစ်ပြီ၊ အသင်းရဲ့ရည်မှန်းချက်တွေအတွက် ကူညီပေးဖို့ပါ။ ဂျိုဆေးမော်ရင်ဟိုနဲ့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်စွမ်းရည်ကို ကျွန်တော်ယုံတယ်။ အခွင့်အရေး ရမယ်ဆိုရင် မန်ယူကို ကျွန်တော် ကူညီနိုင်ပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလောက်မှာ ဘယ်လိုဖြစ်မလဲ၊ တိုးတက်လာမလားဆိုတာကို ကျွန်တော် စောင့်ကြည့်ရမယ်။ ကျွန်တော် ဘောလုံးကစားတာကို ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ရှဝိုင်းစတိုင်ဂါက ပြောကြားခဲ့သည်။

    ထို့ပြင် ပီယာလို၊ ဒေးဗစ်ဗီလာ၊ စတီဗင်ဂျရတ်တို့ရှိရာ အမေရိကန်မေဂျာလိဂ်သို့ အနာဂတ်တွင် ပြောင်းရွှေ့နိုင်ခြေ ရှိနေပြီး လက်တလောတွင် ဆုံးဖြတ်ချက် ချမည်မဟုတ်သေးဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အဓိကရုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီတွေ ဖွဲ့စည်း

    အဓိကရုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီတွေ ဖွဲ့စည်း

    14192138_10154637790373128_4150213300037074399_n

    တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘာသာရေးအဓိကရုဏ်းတွေကို တားဆီးနှိမ်နင်းနိုင်ဖို့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီတွေ စတင်ဖွဲ့စည်းနေပါတယ်။

    ပြည်ထောင်စုအဆင့်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဆက်လက်ဖွဲ့စည်းနေတာလို့ ရှမ်းပြည်နယ် ရဲချုပ် အောင်အောင်က ပြောပါတယ်။

    ” ပြည်ထောင်စုအဆင့် ပြည်ထဲရေးဝန်ကြီး ဥက္ကဌအဖြစ်ဖွဲ့ထားတဲ့ အဖွဲ့အောက်မှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေအားလုံး ဖွဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်နဲ့မဆိုင်ပဲနဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ ဖြစ်လာရင် ကျနော်တို့က အချိန်မီ ကိုင်တွယ် ထိန်းသိမ်းနိုင်အောင်ပါ” လို့ ပြောတာဖြစ်ပါတယ်။

    တိုင်းနဲ့ ပြည်နယ်အသီးသီးရဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ၀န်ကြီးတွေနဲ့ ရဲချုပ်တွေ ပါဝင်တာဖြစ်ပါတယ်။

    အဲ့ဒီကော်မတီအောက်မှာ လုပ်ငန်းကော်မတီကို ထပ်ဆင့်ဖွဲ့စည်းပြီး မြို့နယ်အလိုက် ဖွဲ့စည်းရာမှာ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ လည်း ပါဝင်မှာဖြစ်ပါတယ်။

    ရှမ်းပြည်နယ် အရေးပေါ်ကာလစီမံခန့်ခွဲရေး ကော်မတီမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဥက္ကဌအဖြစ်ဆောင်ရွက် မှာဖြစ်ပြီး ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဥက္ကဌ၊ ရဲချုပ်က အတွင်းရေးမှူးတာဝန်ယူထားပြီး အဖွဲ့ဝင်စုစုပေါင်း ၂၉ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

    ဓါတ်ပုံ – (လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်)

    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

  • အရှေ့အလယ်ပိုင်းဒေသ၏ ထိပ်တန်းစီးပွားရေး ပြပွဲတစ်ခု ဒူဘိုင်းတွင် လုပ်မည်

    အရှေ့အလယ်ပိုင်းဒေသ၏ ထိပ်တန်းစီးပွားရေး ပြပွဲတစ်ခု ဒူဘိုင်းတွင် လုပ်မည်

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    MENA

    – ‘အရှေ့အလယ်ပိုင်း လက်ခွဲစီးပွားရေးဆိုင်ရာ ပြပွဲနှင့် ဖိုရမ်’ ကို လာမည့် အောက်တိုဘာလတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပပြုလုပ်သွားရန် ရှိနေပြီး လက်ရှိတွင် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

    ၂ ရက်တာကြာမြင့်မည့် အဆိုပါပြပွဲကို Jumeirah Beach ဟိုတယ်တွင် ၂၅ ရက်နေ့မှ စတင်ပြုလုပ်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းပေါင်း ၉၀ ကျော် ၀င်ရောက်ပြသသွားမည်ဟု အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက စီးပွားရေးအသင်းမှ ဒုတိယဥက္ကဌ အိုမာရ် အလ်-ဟက်ဇာက ပြောကြားခဲ့သည်။

    ထို့ပြင် ကမ္ဘာ့ လက်ခွဲစီးပွားရေးလုပ်ငန်း တိုးတက်မှုအတွက် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဈေးကွက်များမှာ အလွန် ရေခံမြေခံကောင်းသည့် နေရာများဖြစ်ပြီး လက်ရှိတွင် ထိုဒေသများရှိ လက်ခွဲလုပ်ငန်းများ၏ တန်ဖိုးမှာ ကန်ဒေါ်လာ ဘီလီယံ ၃၀ ဖိုး ရှိသည်ဟု ၎င်းက ဆိုသည်။

    “ယူအေအီးမှာတင်ပဲ ဒီကဏ္ဍတန်ဖိုးက ၁၈ ဘီလီယံ ရှိနေပါတယ်။ ပြည်သူ ၃၅၅ သန်းရှိတဲ့ မြောက်အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွမှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီကဏ္ဍမှာ မြောက်များစွာသော အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ရှိနေပါတယ်”

    တတိယအကြိမ်မြောက် ကျင်းပမည့် အဆိုပါပြပွဲတွင် ကုမ္ပဏီပေါင်း ၆၅ ခုမှ ထုတ်လုပ်သည့် အမှတ်တံဆိပ်များအတွက် လက်ခွဲရောင်းချမှုဆိုင်ရာ ကိစ္စများကို စီးပွားရေးသမားများ အချင်းချင်း ထိပ်တိုက်ဆွေးနွေးမှုလည်း ပါဝင်မည်ဖြစ်သည်။

    ထို့ပြင် လက်ခွဲစီးပွားရေးကဏ္ဍမှ ကျွမ်းကျင်သူများ၊ အောင်မြင်သူများမှာ ဟောပြောမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် လက်ခွဲစီးပွားရေးပုံစံ ဆောင်ရွက်လာနိုင်စေရေး အလေးထား တင်ပြသွားမည်ဖြစ်သည်။

    Ref : IINA

  • ရုရှားကမ္ဘာဖလားပြီးပါက နိုင်ငံတကာကစားသမားဘ၀မှ ရူနီ အနားယူမည်

    ရုရှားကမ္ဘာဖလားပြီးပါက နိုင်ငံတကာကစားသမားဘ၀မှ ရူနီ အနားယူမည်

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    England

    – ၂၀၁၈ ခုနှစ်တွင် ရုရှား၌ပြုလုပ်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးပါက နိုင်ငံတကာ ဘောလုံးသမားဘ၀မှ အနားယူရန် အစီအစဉ်ရှိနေသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    ရူနီမှာ အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်စ် လက်ထက်တွင်လည်း လက်ရွေးစင်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး လာမည့် တနင်္ဂနွေနေ့ ကမ္ဘာဖလားခြေစစ်ပွဲ ဆလိုဗက်ကီးယားနှင့်ပွဲတွင် အင်္ဂလန်အသင်းအား ဦးဆောင်သွားမည်ဖြစ်သည်။

    သို့သော်လည်း လာမည့် ၂၀၁၈ ကမ္ဘာဖလားပွဲမှာ မိမိအတွက် နောက်ဆုံး ဖြစ်မည်ဖြစ်ပြီး နိုင်ငံတကာ ကစားသမားဘ၀မှ အနားယူချိန်တန်ပြီဖြစ်ကြောင်း စိတ်ပိုင်းဖြတ်ထားသည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ နိုင်ငံတကာ ကစားသမားဘ၀ဟာ အခုအချိန်အထိ တော်တော်လေး ကျေနပ်စရာကောင်းတယ်။ ပွဲတွေအများကြီး ကစားခဲ့ရပြီး မိနစ်တိုင်းအတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ချိန်က ရောက်လာမှာပါ။ ကျွန်တော် မအိုသေးပါဘူး။ အသက် ၃၀ ပဲ ရှိပါသေးတယ်။ ရုရှားပြိုင်ပွဲဟာ နိုင်ငံတာကာ ကစားသမားဘ၀ကို နှုတ်ဆက်ဖို့ ကျွန်တော့်အတွက် အချိန်ကောင်းပါပဲ။ ကျွန်တော်ကတော့ ဆုံးဖြတ်ပြီးပါပြီ။ ဒါပေမယ့် ဆမ်အလာဒိုက်စ်အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော် နိုင်ငံအသင်းအတွက် ရွေးချယ်ခံရမယ်ဆိုရင် အဲဒီပြိုင်ပွဲဟာ နောက်ဆုံးပွဲ ဖြစ်မှာပါ။ အတက်အကျတွေရှိခဲ့ပေမယ့် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    ရူနီမှာ အင်္ဂလန်ဘောလုံသမိုင်းတွင် ၅၃ ဂိုးဖြင့် ဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း ၁၁၅ ပွဲ ကစားထားပြီးဖြစ်သည်။

    Ref: Goal

  • မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁.၃ သန်းကျော် ရှိနေ

    မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁.၃ သန်းကျော် ရှိနေ

    သြဂုတ် ၃၀၊ ၂၀၁၆
    M-Media

    child worker

    – အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁.၃ သန်း ရှိနေသည်ဟု သိရသည်။

    စစ်တမ်းကောက်ယူမှု မှတ်တမ်းများကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ကလေးဦးရေမှ ၁၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာလုပ်ငန်းကဲ့သို့ မိသားစုစီးပွားရေး လုပ်ငန်းများတွင် အခကြေးငွေမရဘဲ အလုပ်လုပ်ရခြင်းပါအ၀င် နိုင်ငံတစ်ဝှမ်း တရားဝင်နှင့် တရားမ၀င် ကဏ္ဍများတွင် အလုပ်လုပ်နေရခြင်းဖြစ်သည်ဟု ထိုမှတ်တမ်းတွင် ဖော်ပြထားသည်။

    အရွယ်မရောက်သေးသော ယောက်ျားလေးများ အလုပ်လုပ်ရမှု အရေအတွက်မှာ ၆၇၆၂၀၈ ဦး ရှိနေပြီး အရွယ်မရော က်သည့် မိန်းကလေးငယ်များ အလုပ်လုပ်ရသည့် အရေအတွက်မှာမူ ၆၀၂၇၀၁ ဦး ရှိနေသည်။ ထိုကဲ့သို့ အလုပ်လုပ်ရသည့် ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များ ဖြစ်သည်။

    အဆိုပါ အသက်အရွယ်အပိုင်းအခြားမှာ ကမ္ဘာ့တစ်ဝှမ်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် အလုပ်လုပ်ခွင့်ပြုသည့် အသက်အပိုင်းအခြား ဖြစ်သည်။

    သို့သော်လည်း မြန်မာနိုင်ငံရှိ ကလေးလုပ်သားများ၏ အခြေအနေမှာ ပျမ်းမျှ တစ်ပတ်လျှင် ၅၂ နာရီ အလုပ်လုပ်ရပြီး၊ ၎င်းတို့ထဲမှ ၂၄.၄ ရာခိုင်နှုန်းမှ ၃၃.၆ ရာခိုင်နှုန်းမှာ အလုပ်ကြမ်းသမားအဖြစ် သတ်မှတ်ခံထားရကာ တစ်ပတ်လျှင် နာရီ ၆၀ ထက်ပို၍ အလုပ်လုပ်နေရသည်။

    ၂၀၁၆ ခုနှစ် ဈေးဆိုင်များနှင့် အလုပ်ဌာနများဆိုင်ရာ ဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ လူငယ်များ တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်လုပ်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံရှိ ကလေးလုပ်သား ၁ သန်းကျော်မှ ၈၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် ဖြစ်သည်။

    ကလေးအလုပ်သမားများမှ ၆၀.၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်နေရပြီး ၁၂ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်ငန်းများတွင် ရှိနေကာ၊ ၁၁.၁ ရာခိုင်နှုန်းမှာ ကုန်သွယ်ရေး၊ ၆.၁ ရာခိုင်နှုန်းမှာ ၀န်ဆောင်မှု လုပ်ငန်းများတွင် အသီးသီး လုပ်ကိုင်နေရသည်ဟု ၀န်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုကဏ္ဍများတွင် ကလေးအလုပ်သမားများ ရရှိသည့် လုပ်ခလစာမှာ တစ်နာရီလျှင် ကျပ် ၄၀၀ သာ ရှိနေပြီး၊ ၅၇ ရခိုင်နှုန်းမှာ မိသားစုလုပ်ငန်းများတွင် လုပ်ခလစာမရဘဲ လုပ်ကိုင်နေရသည်။

    Ref: mmtimes