News @ M-Media

Blog

  • အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု ၀င်းဂါး အတည်ပြု

    အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု ၀င်းဂါး အတည်ပြု

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    winger

    – အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် မိမိတို့အသင်း ကစားသမားသစ် ၀ယ်ယူရန်မှာ ၉၉ ရာခိုင်နှုန်း သေချာသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    လက်ရှိတွင် အာဆင်နယ်မှာ ဗလင်စီယာနောက်ခံလူ ဆခိုဒရန် မွတ်စ်တာဖီနှင့် ဒီပို့တီဗို တိုက်စစ်မှူး လူးကက်စ် ပီရက်ဇ်တို့ကို စုစုပေါင်း ပေါင် သန်း ၅၀ ဖြင့် ၀ယ်ယူရန် သဘောတူညီခဲ့ပြီး ၎င်းတို့နှစ်ဦးမှာလည်း လန်ဒန်သို့ ဆေးစစ်မှုခံယူရန် လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    အာဆင်နယ်မှာ ယခင်က ထိုကဲ့သို့ သတင်းများထွက်ပေါ်သော်လည်း အမှန်တကယ် ခေါ်ယူနိုင်ခြင်းမရှိသောကြောင့် ယခုတစ်ကြိမ်တွင်လည်း ကောလဟာလသာ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေသည်။ သို့သော် ၀င်းဂါးကမူ အပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်ရောက်မည်ဟု အတည်ပြုခဲ့သည်။

    “သဘောတူညီချက်အတွက် လုပ်ဆောင်နေပြီး ဒီနေ့ကြေငြာရလောက်အောင်တော့ မသေချာသေးပါဘူး။ အပြောင်းအရွှေ့ကာလ မကုန်ခင် တစ်ယောက်ယောက်တော့ ကျွန်တော်တို့ ခေါ်သွားမှာပါ။ ဒါကတော့ ၉၉ ရာခိုင်နှုန်း သေချာပါတယ်” ဟု ၀င်းဂါးက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၀င်းဂါးက အပြောင်းအရွှေ့ဈေးကွက်ကို ပို၍ လွယ်ကူမည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင် ပို၍ခက်ခဲလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ‘နျူကလီးယားတူ’ ဖြင့် ထုမည်ဟု ကန်ကို မြောက်ကိုရီးယား ခြိမ်းခြောက်

    ‘နျူကလီးယားတူ’ ဖြင့် ထုမည်ဟု ကန်ကို မြောက်ကိုရီးယား ခြိမ်းခြောက်

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    north

    – ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုကို အကြီးကျယ်ဆုံးအောင်မြင်မှုဟု မြောက်ကိုရီးယားက ပြောကြားလိုက်ပြီး အမေရိကန်အနေဖြင့် ‘တရားမျှတမှု နျူကလီးယားတူ’ များ၏ လက်စာ မိမည်ဟု ထိုဒုံးကျည်ကိုတင်စား၍ ခြိမ်းခြောက် ပြောဆိုလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ယမန်နေ့တွင် ထိုကဲ့သို့ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်၏ နျူအင်အားကြီးနိုင်ငံဖြစ်မှုကို ရင်ဆိုင်ရန် ရင်းမြစ်အားလုံး မိမိတို့တွင် ရှိနေသည်ဟုလည်း ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ကင်ဂျုံအန်၏ လမ်းညွှန်မှုဖြင့် ဗုဒ္ဓဟူးနေ့က ရေငုပ်သင်္ဘောမှတဆင့် Pukguksong ဟု အမည်ပေးထားသည့် တိုက်ချင်ပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ ကင်ဂျုံအန်ကမူ ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်မှုအတွက် ကျေနပ်သည်ဟု ဆိုသည်။

    “မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ခြိမ်းခြောက်မှုနဲ့ အောက်လုံးထိုးမှုတွေက မိမိတို့ရဲ့ နျူတိုက်ခိုက်မှုစွမ်းရည်ကို အမြဲတိုးတက်စေခဲ့တာပဲ ရှိပါတယ်။ အခုအချိန်မှာ အမေရိကန်က ဘယ်လောက်ပဲလက်မခံပါစေ – မိမိတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အမေရိကန်ပြည်မနဲ့ ပစိဖိတ်က သူတို့ရဲ့ စစ်ရေးအချက်အခြာနေရာအထိ ရောက်ရှိနေပါပြီ” ဟု ကင်၏ ပြောကြားမှုကို KCNA သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

    Ref : RT

  • အမေရိကန် ရေကူးအကျော်အမော်ကို လိမ်လည်မှုဖြင့် ဘရာဇီလ်း တရားစွဲ

    အမေရိကန် ရေကူးအကျော်အမော်ကို လိမ်လည်မှုဖြင့် ဘရာဇီလ်း တရားစွဲ

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    lochte 2

    – ယခုလအတွင်း ဘရာဇီးလ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အိုလံပစ်ပြိုင်ပွဲအတွင်း ဓားပြတိုက်ခံရသည်ဟု လိမ်လည်ခဲ့သည့် အမေရိကန်ရေကူးအကျော်အမော် ရိုင်ယန်လော့ခ်ျတေးကို ဘရာဇီးလ်ရဲတပ်ဖွဲ့က လိမ်လည်ထွက်ဆိုမှုဖြင့် တရားစွဲဆိုလိုက်သည်။

    ယမန်နေ့က တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ ကြေငြာချက်တွင် လော့ခ်ျတေးအား တရားရုံးမှ ဆင့်ခေါ်ရန်ပင် အကြံပြုခဲ့သည်။ အမေရိကန်အစိုးရကလည်း ထိုတရားစွဲဆိုမှုကို သိရှိသည်ဟု ပြောကြားခဲ့သည်။

    လော့ခ်ျတေးက ၎င်းနှင့် အခြားရေးကူးကစားသမား ၃ ဦးမှာ ပြိုင်ပွဲအတွင်း ပါတီတစ်ခုမှ ညဘက် အိုလံပစ်ရွာသို့အပြန် ရဲတပ်ဖွဲ့တံဆိပ် တပ်ဆင်ထားသော လူတစ်ဦးက သေနတ်ဖြင့်ချိန်ကာ ၎င်းတို့အား ဓားပြတိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဘရာဇီးလ်ရဲတပ်ဖွဲကမူ ၎င်းမှာ လုပ်ကြံခဲ့ခြင်းသာဖြစ်ပြီး ဓာတ်ဆီဆိုင်ရှိ အိမ်သာကို ၎င်းတို့အဖွဲ့က ဖျက်ဆီးကန်ကျောက်သောကြောင့် လုံခြုံရေးအစောင့်များက ၎င်းတို့အား တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ဗီဒီယိုမှတ်တမ်းဖြင့် ပြန်လည်ဖြေရှင်းခဲ့သည်။

    လော့ခ်ျတေးကိုယ်တိုင်ကလည်း နောက်ပိုင်းတွင် ၎င်းမှာ အရက်မူး၍ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံခဲ့ပြီး ပြန်လည်တောင်းပန်ခဲ့သည်။ လက်ရှိဘရာဇီးလ်ရဲတပ်ဖွဲ့၏ တရားစွဲဆိုမှုကို ၎င်းကိုယ်တိုင် လာရောက်ရင်ဆိုင်မည်လားဆိုသည်ကို မသိရှိရသေးဘဲ ပြစ်မှုထင်ရှားကပါ အမြင့်ဆုံး ထောင်ဒဏ် ၁၈ လ ကျခံရဖွယ် ရှိနေသည်။

    Ref : BBC

  • ဟီဂျဘ်ကို တူညီဝတ်စုံအဖြစ် သတ်မှတ်ကာ ညီညွတ်မှုပြသလိုက်သည့် စကော့တလန်ရဲတပ်ဖွဲ့

    ဟီဂျဘ်ကို တူညီဝတ်စုံအဖြစ် သတ်မှတ်ကာ ညီညွတ်မှုပြသလိုက်သည့် စကော့တလန်ရဲတပ်ဖွဲ့

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    scottish

    – စကော့တလန်ရဲတပ်ဖွဲ့က ၎င်းတို့တပ်ဖွဲ့အတွင်းရှိ မွတ်စလင်အမျိုးသမီး အမှုထမ်းများအတွက် ဟီဂျဘ် ခေါင်းဆောင်ပုဝါကို တူညီဝတ်စုံ၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ကာ ၀တ်ဆင်ခွင့်ပေးလိုက်သည်။

    ထိုသို့ဆောင်ရွက်မှုမှာ မွတ်စလင်အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်း ရွေးချယ်မှုတွင် ရဲတပ်ဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရန် စဉ်းစားနိုင်ရေး အားပေးမှုတစ်ခုလည်း ဖြစ်သည်။

    ယခင်က စကော့တလန်ရဲတပ်ဖွဲ့ဝင်များမှာ ဟီဂျဘ်ခေါင်းဆောင်းပုပါကို ၎င်းတို့၏ ဆန္ဒဖြင့် ၀င်ဆင်နိုင်ခွင့်ရှိသော်လည်း ယခုကြေငြာချက်က တရားဝင်သတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

    ရဲတပ်ဖွဲ့အကြီးအကဲ ကွန်စတေဘဲလ် ဖီးလ် ဂွမ်လေကမူ မိမိတို့ရဲတပ်ဖွဲ့မှာ အလုပ်အကျွေးပြုသည့် လူ့အဖွဲ့အစည်းအား ကိုယ်စားပြုသော တပ်ဖွဲ့မျိုး ဖြစ်ရမည်ဟု ပြောကြားခဲ့သည်။

    မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်လေ့ရှိသည့် ဟီဂျဘ်ခေါင်းဆောင်ပုဝါကို လန်ဒန်မြို့ပြရဲတပ်ဖွဲ့က လွန်ခဲ့သည့် ၁၀ နှစ်အရင်ကပင် တူညီဝတ်စုံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

    “ကျွန်တော်တို့ တူညီဝတ်စုံမှာ ဒီလိုထပ်မံဖြည့်စွက်ခဲ့မှုက တပ်ဖွဲ့ဝင်တွေကြား ပိုမိုညီညွတ်ဖို့၊ စကော့တလန်လူ့အဖွဲ့အစည်းတွေအတွင်း ရဲလုပ်ငန်းစဉ်တွေဆောင်ရွက်ရာမှာ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုမိုပေါင်းထည့်ပေးဖို့ ဖြစ်ပါတယ်” ဟု ဂွမ်လေက ပြောကြားခဲ့သည်။

    အပြုသဘောဆောင်သည့်ခြေလှမ်း

    ဟီဂျဘ်ခေါင်းဆောင်ပုဝါအား ရဲတပ်ဖွဲ့၏ တူညီဝတ်စုံအဖြစ် သတ်မှတ်မှုကို ‘စကော့တလန်ရဲတပ်ဖွဲ့ မွတ်စလင်အသင်း’ ဥက္ကဌ ဖာဟဒ် ဘရှီးရ်က ချီးကျူးခဲ့သည်။

    “ဦးတည်ချက်ကောင်းတစ်ခုအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းပါပဲ။ ကျွန်တော်တို့အဖွဲ့အစည်းဟာ နိုင်ငံတစ်ဝှမ်း အလုပ်အကျွေးပြုနေတဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့၊ အားလုံးပါဝင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုမြင်နိုင်ရေး အကျိုးရှိတဲ့ ခြေလှမ်းတွေကို စကော့တလန်ရဲတပ်ဖွဲ့က ဆောင်ရွက်နေတဲ့အတွက် ကျွန်တော် ကျေနပ်ပျော်ရွှင်မိပါတယ်။ ဒီဆောင်ရွက်ချက်ဟာ မွတ်စလင်အမျိုးသမီးတွေနဲ့ လူနည်းစုဝင်တွေ ရဲတပ်ဖွဲ့အတွင်း ၀င်ရောက်ဖို့ တွန်းအားဖြစ်စေမယ်ဆိုတာ အသေအချာပါပဲ”

    လက်ရှိတွင် စကော့တလန်ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေသည့် မွတ်စလင်အမျိုးသမီးအရာရှိ ၆ ဦးရှိပြီး ဇွန်လအဆုံးပိုင်းက ထုတ်ပြန်ခဲ့သည့် စာရင်းအရ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း အရေအတွက်မှာ ၁၇၂၄၂ ဦး ရှိနေသည်။

    တရားဝင်ထုတ်ပြန်သည့်စာရင်းများအရ ၂၀၁၅-၁၆ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ ၀င်ရောက်ရန် လူမည်း၊ အာရှနှင့် လူမျိုးစု လူ့အဖွဲ့အစည်းများမှ လျှောက်ထားသူအရေအတွက်မှာ ၂.၆ ရာခိုင်နှုန်းရှိနေပြီး စုစုပေါင်း လျှောက်ထားမှု၏ ၂.၆ ရာခိုင်နှုန်း ရှိခဲ့သည်။

    စကတော့လန်နိုင်ငံတွင် လူနည်းစုအရေအတွက်မှာ ၄ ရာခိုင်နှုန်းရှိပြီး ရဲတပ်ဖွဲ့တွင်လည်း လူနည်းစု ၄ ရာခိုင်နှုန်း ပါဝင်ရန် နောက်ထပ် ၆၅၀ ဦးကို ခန့်အပ်ရန် လိုအပ်နေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref: BBC

  • မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် သမိုင်းအမွေနှစ်များ ပြုပြင်ထိန်းသိမ်းရေး ယူနက်စကို ကူညီမည်

    မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် သမိုင်းအမွေနှစ်များ ပြုပြင်ထိန်းသိမ်းရေး ယူနက်စကို ကူညီမည်

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    unecso

    – သြဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်သွားသော ငလျင်ကြောင့် ပြိုကျပျက်ဆီးသွားသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များ ပြည်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် မိမိတို့အနေဖြင့် ကူညီပေးသွားမည်ဟု ကုလသမဂ္ဂ ပညာရး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ပြောကြားလိုက်သည်။

    ပြင်းအား ၆.၈ ရှိပြီး မြေအောက်အနက် ကီလိုမီတာ ၈၀ ကျော်တွင် လှုပ်ခတ်သွားခဲ့သည့် အဆိုပါငလျင်ကြောင့် ရှေးဟောင်းသမိုင်းဝင် ပုဂံဒေသမှ စေတီပုထိုးပေါင်း ၁၈၄ ဆူ ထိခိုက်ပျက်ဆီးခဲ့ပြီး နိုင်ငံအလယ်ပိုင်း အချို့ဒေသများမှ စေတီအချို့နှင့် အဆောက်အဦးအချို့လည်း ပျက်ဆီးခဲ့သည်။

    ထို့ပြင် ငလျင်ကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။

    ယူနက်စကို၏ အာရှပစိဖိတ်ဆိုင်ရာ Facebook စာမျက်နှာဖြစ်သော UNESCO Asia-Pacific တွင် ငလျင်ကြောင့် သေဆုံးမှုများ၊ သမိုင်းအမွေအနှစ် ပျက်ဆီးဆုံးရှုံးမှုများအတွက် အလွန်အမင်းစိတ်ထိခိုက်ရကြောင်း ဖော်ပြထားသည်။

    လက်ရှိတွင် မြန်မာနိုင်ငံ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ငလျင်ကြောင့် ထိခိုက်ခဲ့သည့် နေရာများအား ဇုန် ၁၁ ခုခွဲကာ အဖွဲ့ ၁၁ ခုစေလွှတ်၍ စစ်ဆန်းမှုပြုလုပ်ရန် တာဝန်ပေးထားပြီး၊ မြန်မာအစိုးရ၏ ထိုဆောင်ရွက်မှုတွင် ပံ့ပိုးကူညီရန်အတွက် မိမိတို့ထံမှ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ထားသည်ဟု ယူနက်စကိုက ထည့်သွင်းဖော်ပြခဲ့သည်။

    ယူနက်စကိုမှာ လက်ရှိတွင် ပုဂံရှေးဟောင်းဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် စာရင်းသွင်းနိုင်ရေး အဆိုပြုတင်ပြရန်အတွက် အချက်အလက်များစုဆောင်းကာ အစီရင်ခံစာရေးသားမှုတွင် မြန်မာအစိုးရနှင့်အတူ အနီးကပ်ဆောင်ရွက်နေကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းဝင် အမွေအနှစ်များကို ပြန်လည်ပြင်ဆင်ထန်းသိမ်းရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများတွင် မြန်မာအစိုးရနှင့် မိတ်ဖက်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုခဲ့သည်။

    Ref: Facbook page of UNESCO Asia-Pacific