သြဂုတ် ၃၁၊ ၂၀၁၆
M-Media
– အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ ပညာရှင်တစ်ဦးဖြစ်သူ အဟ်မဒ် အဗ္ဗဒူလာ မာဂျန်မှာ ‘ကနေဒါ နိုင်ငံတကာတီထွင်ကွန့်မြူးနိုင်စွမ်းပြိုင်ပွဲ’ (iCAN 2016) ၌ ရွှေတံဆိပ်ဆု သုံးခုနှင့် ငွေတံဆိပ်ဆုနှစ်ခုတို့ ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။
အဆိုပါ ပြိုင်ပွဲကို စီစဉ်ခဲ့သည့် တိုရွန်တို နိုင်ငံတကာ တီထွင်ဖန်တီးရေးနှင့် အဆင့်မြင့်ကျွမ်းကျင်မှု အတတ်ပညာအဖွဲ့အစည်း (TISIAS) ကလည်း အရှေ့အလယ်ပိုင်းဒေသမှ အကောင်းဆုံးတီထွင်နိုင်သူအဖြစ် မာဂျန်ကို ဆုဖလားချီးမြှင့်ခဲ့ပြီး၊ ပြိုင်ပွဲအတွက် အကောင်းဆုံးတီထွင်မှု ဆုတံဆိပ်ကိုလည်း ချီးမြှင့်ခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ မာဂျန်မှာ တစ်ဦးချင်း တီထွင်ယှဉ်ပြိုင်သူအနေဖြင့် ဆုတံဆိပ်အမြောက်အများကို ဆွတ်ခူးခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု တီထွင်မှု ၃၄ ခုကို ပြုလုပ်နိုင်ခဲ့သည်။
နိုင်ငံတကာ တီထွင်ဖန်တီးသူများအသင်း အဖွဲ့ချုပ် (IFIA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မာဂျန်မှာ ၎င်း၏ မော်ကွန်းတင်အောင်မြင်မှု ရရှိနိုင်ရေး တီထွင်မှု၊ ဖန်တီးမှုနှင့် သိပ္ပံဆိုင်ရာ တိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ပေးသည့် သမ္မတ ရှိခ် ခလီဖာဘင် ဇေယဒ် အလ်-နဟ်ယန်၊ UAE အစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
မာဂျန်မှာ စမတ်နည်းပညာသုံး ဆိုင်ကယ်စီးဦးထုပ်၊ စမတ်နည်းပညာသုံး မြင်းကုန်းနှီး၊ နေရောင်ခြည်စွမ်းအင်သုံး တိရစ္ဆာန် ထောက်လှမ်းရေးကိရိယာ စသည်တို့ တီထွင်မှုအတွက် ရွှေတံဆိပ် သုံးခု ရရှိခဲ့သည်။ ဆိုင်ကယ်စီးဦထုပ်မှာမူ အရှေ့အလယ်ပိုင်း၏ အကောင်းဆုံး တီထွင်မှုဆုကိုလည်း ရရှိခဲ့သည်။
နေရာင်ခြည်စွမ်းအင်သုံး စက်ဘီးထောက်လှမ်းရေးကိရိယာနှင့် သက်ကြီးရွယ်အိုများအတွက် စမတ်နည်းပညာသုံး တုတ်ချောင်း စသည်တို့အတွက် ငွေတံဆိပ်ဆုနှစ်ခု ချီးမြှင့်ခံခဲ့ရသည်။
Ref : IINA
Leave a Reply
You must be logged in to post a comment.