News @ M-Media

Blog

  • မကြာမီ အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု ရော်နယ်ဒိုပြော

    မကြာမီ အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု ရော်နယ်ဒိုပြော

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    ronlado

    – မိမိအား ထောက်ခံအားပေးကြသည့် ပရိတ်သတ်များကို ကျေးဇူးတင်ပြီး မကြာခင် အကောင်းအဆုံးအနေအထားဖြင့် ပြန်လာမည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူဖြစ်ပြီး၊ ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ရရှိသောဒဏ်ရာကြောင့် ရီးယဲလ်အသင်းတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။ ရော်နယ်ဒိုကမူ မိမိအနေဖြင့် အမြန်ပြန်လာမည်ဖြစ်ပြီး အသင်းနှင့်အတူ အောင်မြင်မှု ပိုမိုရရှိချင်သည်ဟု ဆိုသည်။

    “ကျွန်တော် သိပ်မကြာခင် ပြန်လာမှာပါ။ အသင်းဖော်တွေ၊ ကျွန်တော့်ကို ကူညီခဲ့တဲ့သူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တစ်ကယ့်ကို စိတ်ဓာတ်တက်ကြွနေပါတယ်။ အခုအချိန်မှာ ပိုကြိုးစားပြီး ဖလားတွေပိုရဖို့လည်း စိတ်အားထက်သန်နေပါတယ်” ဟု ရီးယဲလ်၏ Instagram စာမျက်နှာတွင် လွှင့်တင်ထားသော ဗီဒီယို၌ ပြောကြားခဲ့သည်။

    Ref: Goal

  • ရှားပါးသမိုင်းဝင်ဓာတ်ပုံများဖြင့် ဖော်ပြထားသည့် မဒီနာသမိုင်းစာအုပ် ထွက်ရှိ

    ရှားပါးသမိုင်းဝင်ဓာတ်ပုံများဖြင့် ဖော်ပြထားသည့် မဒီနာသမိုင်းစာအုပ် ထွက်ရှိ

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    madina

    – မဒီနာမြို့သမိုင်းကြောင်းကို သမိုင်းဆိုင်ရာ မှန်ကန်တိကျမှုရှိပြီး ခိုင်လုံသည့် ရှားပါးဓာတ်ပုံများ ဝေေ၀ဆာဆာဖြင့် မှတ်တမ်းတင်ထားသော ‘Madinah’ အမည်ရှိ သမိုင်းစာအုပ်တစ်အုပ်ကို ယမန်နေ့တွင် ဖြန့်ချီခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားသို့ မဒီနာ အုပ်ချုပ်ရေးမှူး မင်းသား ဖိုင်ဆဲလ် ဘင် ဆလ်မန် တက်ရောက်ခဲ့သည်ဟု သိရသည်။

    ယင်းစာအုပ်တွင် မြင့်မြတ်သောဗလီဝတ်ကျောင်းတော်နှစ်ခု၊ အစ္စလာမ့်သမိုင်းအမွေအနှစ် နေရာများနှင့် မြို့ပြရှုမျှော်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဆော်ဒီနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ဖော်ပြထားသည်။

    စာအုပ်တွင်ဖော်ပြထားသည့် ဓာတ်ပုံများမှာ မဒီမြို့၏ သမိုင်းကြောင်းကို ပြောပြနေပြီး၊ ခေတ်ကာလတစ်လျှောက် သမိုင်းဆိုင်ရာ အငွေ့အသက်များ၊ ယဉ်ကျေးမှုနှင့် လာရောက်လည်ပတ်သူများအပေါ် ဖမ်းစားမှု စသည်တို့ကိုလည်း စာအုပ်တွင် တွေ့မြင်ရမည်ဖြစ်သည်။

    မဒီနာ သုတေသနနှင့် လေ့လာရေးစင်တာ အကြီးအကဲဖြစ်သူ ဖိုင်ဆဲလ်ကမူ သမိုင်းဆိုင်ရာ မှတမ်းပြုစုမှုနှင့်ပတ်သက်၍ ထိုစာအုပ်၏ အရေးကြီးပုံကို ထောက်ပြခဲ့ပြီး၊ မဒီနာမြို့၏ သမိုင်းကြောင်း ပိုမိုနားလည်သိရှိရန် ဆန္ဒရှိသူများအတွက် အဖိုးတန်းစာအုပ်ဖြစ်မည်ဖြစ်ကာ၊ သုတေသနပညာရှင်၏ လက်စွဲစာအုပ်လည်း ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

    Ref : IINA

  • လက်နက်မဲ့ပါလက်စတိုင်းတစ်ဦးကို အစ္စရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့

    လက်နက်မဲ့ပါလက်စတိုင်းတစ်ဦးကို အစ္စရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    is 2

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် အစ္စရေးတပ်ဖွဲ့များမှာ လက်နက်မဲ့ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    ဆီလ်ဝဒ်မြို့တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်အတွင်း သေဆုံးသွားသူမှာ ကလေးသုံးယောက်ဖခင် အသက် ၃၈ နှစ်အရွယ် အီယက်ဟာမစ်ဆိုသူ ဖြစ်ပြီး အစ္စရေးစစ်တပ်ဂိတ်တစ်ခုသို့ ပြေးသွားစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ အစ္စရေးမီဒီယားများကမူ ဟာမစ်မှာ ကားတစ်စီးပေါ်မှ သေနတ်ဖြင့် လှမ်းပစ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုကားထဲတွင် အမျိုးသမီးတစ်ဦးလည်း လိုက်ပါလာကြောင်း လုပ်ကြံဖော်ပြခဲ့ကြသည်။

    သို့သော်လည်း ဒေသတွင်း Maan သတင်းဌာနကမူ ဟာမစ်မှာ စစ်တပ်ဂိတ်သို့ ပြေးဝင်လာသောကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့သည်။

    ဆီလ်ဝဒ်မြို့အနီးတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အခြေချအိမ်ယာများ တည်ရှိနေပြီး ထိုအိမ်ယာများကို ဆန့်ကျင်သူ ပါလက်စတိုင်းများနှင့် အစ္စရေးတပ်ဖွဲ့များအကြား ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ပွားရာ နေရာလည်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ အစ္စရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် အခြေချနေထိုင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၂၂၃ ဦး သေဆုံးခဲ့သည်။ ထိုကာလအတွင်း ပါလက်စတိုင်းများ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား ၃၅ ဦး သေဆုံးခဲ့သည်။

    Ref : Aljazeera

  • ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့ သမိုင်းဝင် အပစ်ရပ်ရေး သဘောတူ

    ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့ သမိုင်းဝင် အပစ်ရပ်ရေး သဘောတူ

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    philli

    – နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်ကာ ငြိမ်ချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန်အတွက် ခြွင်းချက်မဲ့ အပစ်ရပ်ရေး သဘောတူညီချက်တစ်ခုကို ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ် Maoist သူပုန်အဖွဲ့တို့ လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

    “ဒါဟာ သမိုင်းဝင်ပြီး၊ တစ်မူထူးခြားတဲ့ အဖြစ်အပျက်ပါပဲ။ ရှေ့ဆက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်ဖို့ အများကြီးလုပ်ရဦးမှာပါ” ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီ၏ ငြိမ်းချမ်းရေးအကြံပေးဖြစ်သူ ဂျီးဆက်စ် ဒူရန်ဇာက နော်ဝေနိုင်ငံ၌ ယမန်နေ့တွင် ပြုလုပ်ခဲ့သော လက်မှတ်ထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

    နှစ်ဖက်စလုံးမှာ ခြွင်းချက်မဲ့ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ဖိလစ်ပိုင်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သည့်အချိန်ကမှ မရရှိခဲ့ဖူးသည့် သဘောတူညီချက်မျိုး ဖြစ်သည်။

    ထိုဆွေးနွေးမှုတွင် ကြားဝင်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်ပေးခဲ့သည့် နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဘော်ဂျီ ဘရန်ဒီကလည်း ထိုသဘောတူညီချက်ရရှိမှုအတွက် ချီးကျူးခဲ့သည်။

    ဖိလစ်ပိုင်အစိုးရနှင့် ကွန်မြူနစ်သူပုန်တို့မှာ ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး သောကြာနေ့တွင် သဘောတူညီချက်ရယူနိုင်ခဲ့ကာ ယခုအချိန်မှစ၍ ၁၂ လတွင်း ငြိမ်းချမ်းရေးအတွက် ထပ်မံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်သည်။

    ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလျင်အမြန်ဆောင်ရွက်ရန်နှင့် ၆ လအတွင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ပထမဆုံး သဘောတူညီချက် ရရှိရန်လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။

    Ref : Aljazeera

  • ပြင်သစ်အစိုးရ၏ ဘုရ်ကီနီပိတ်ပင်မှုကို အဆင့်မြင်တရားရုံးက ယာယီပယ်ဖျက်

    ပြင်သစ်အစိုးရ၏ ဘုရ်ကီနီပိတ်ပင်မှုကို အဆင့်မြင်တရားရုံးက ယာယီပယ်ဖျက်

    သြဂုတ် ၂၇၊ ၂၀၁၆
    M-Media

    france

    – ကမ်းခြေများတွင် အပန်းဖြေသည့် မွတ်စလင်အမျိုးသမီးများ ၀င်ဆင်လေ့ရှိသော ‘ဘုရ်ကီနီ’ (Burkini) ရေကူးဝတ်စုံအား ပြင်သစ်အစိုးရက အငြင်းပွားဖွယ် ပိတ်ပင်ထားမှုကို ပြင်သစ်၏ အမြင့်ဆုံး အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးဖြစ်သော State Council က ယာယီ ပယ်ဖျက်ပေးလိုက်ပြီး၊ တိကျသေချာသည့် ဆုံးဖြတ်ချက်မျိုး ထွက်လာသည့်အချိန်အထိ အကျုံးဝင်မည်ဟု သိရသည်။

    လူ့အခွင့်အရေးအဖွဲ့ League of Human Rights က မြေထဲပင်လယ်မြို့တစ်မြို့ဖြစ်သော Villeneuve-Loubet တွင် အဆိုပါ ဘုရ်ကီနီဝတ်ဆင်မှု ပိတ်ပင်ထားခြင်းမှာ နိုင်ငံသားများ လွတ်လပ်မှုအခွင့်အရေးနှင့် ဆန့်ကျင်နေသောကြောင့် ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့တွင် State Council က ယခုကဲ့သို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။

    တရားရုံး၏ ကြေငြာချက်တွင် ထိုသို့ တားမြစ်ပိတ်ပင်မှုမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်မှု စသည်တို့ကို ပြင်းပြင်းထန် ချိုးဖောက်ခြင်းဖြစ်ကာ၊ တရားမ၀င်သည့်လုပ်ရပ် ဖြစ်သည်မှာလည်း ထင်ရှားနေကြောင်း ဖော်ပြထားသည်။

    ပြင်သစ်၏ တရားရေးစနစ်အရ ထိုကဲ့သို့ ယာယီထုတ်ပြန်သည့်အမိန့်များကို အကြောင်းအရာ၏ တရားဝင်ဖြစ်မှုအား အထောက်အထားခိုင်ခိုင်လုံလုံပြကာ ပြန်လည် ရုပ်သိမ်းနိုင်ခွင့် ရှိနေသည်။

    ပြင်သစ်အစိုးရမှာ အဆိုပါ ဘုရ်ကီနီဝတ်ဆင်မှုအား မြို့ပေါင်း ၃၀ ခန့်တွင် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ အပန်းဖြေကမ်းခြေများရှိရာ ကမ်းရိုးတန်းမြို့များ ဖြစ်သည်။

    State Council ၏ ထိုဆုံးဖြတ်ချက်ကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International က ကြိုဆိုခဲ့ပြီး၊ ပြင်သစ်ရှိ အစ္စလာမ်သာသနာရေးကောင်စီကလည်း ချီးကျူးခဲ့သည်။

    အစ္စလာမ်သာသနာတွင် အမျိုးသမီးများမှာ လုံလုံခြုံခြုံနှင့် ကာအိနြေ္ဒရှိစွာ ၀တ်စားဆင်ယင်ရမည်ဟု ပြဌာန်းသတ်မှတ်ထားခြင်းကြောင့် မွတ်စလင်အမျိုးသမီးများမှာ ရေကူးရာတွင် ခန္ဓာကိုယ်တစ်ခလုံး လုံခြုံစေသည့် ဘုရ်ကီနီကို ၀တ်ဆင်ခြင်းဖြစ်သည်။

    Ref: Aljazeera