သြဂုတ်လ ၂၈ ၊ ၂၀၁၆
.
၂၁ ရာစု ပင်လုံ ညီလာခံသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် ကုလ အထွေထွေ အတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သြဂုတ်လ (၃၀-၃၁) တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် ဟု သိရှိရသည်။
.
အဆိုပါ ခရီးစဉ်တွင် မစ္စတာ ဘန်ကီမွန်းမှ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံ ချစ်ကြည့်ညီညွှတ်ရေး အဖွဲ့မှ ကိုယ်စားလှယ်များကို တွေ့ဆုံ ဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံသဖြင့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဖိတ်ကြားလျက်ရှိကြောင်း ဖိတ်ကြားခံသည့် မြဝတီ ဆရာတော်၏ လူမှုကွန်ယက်စာမျက်နှာ တွင် ဖော်ပြထားချက်အရ သိရှိရပါသည်။
.
တွေ့ဆုံပွဲကို သြဂုတ်လ ၃၁ ရက်နေ့ တွင် နေပြည်တော် Kempinski Hotel ၌ ပြုလုပ်မည်ဟု သိရသည်။
.
နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဖိတ်ကြားထားသည့် ဘာသာရေး ခေါင်းဆောင်များ မှာ အောက်ပါအတိုင်းဖြစ်သည်။
.
ဗုဒ္ဓဘာသာမှ
————
၁) ဒေါက်တာ အရှင်ဥာဏိဿရ (သီတဂူဆရာတော်)
၂) အရှင် ဆေကိန္န (ဓမ္မဓူတ ဆရာတော်)
၃) ဦးအရိယာ ဘိဝံသ (မြဝတီဆရာတော်)
၎) အရှင် ဥာနိန္ဒ (မစိုးရိမ် တိုက်ဟောင်း မန္တလေး)
၅) ဒေါ်ကေတုမာလာ (Ph.D ဘွဲ့သင်တန်းသား- ဗုဒ္ဓ တက္ကသိုလ် သီရိလင်္ကာ)
၆) ဦးပညာ သီဟ (သီတဂူကျောင်း)
.
ခရစ်ယာန်ဘာသာ
——————–
၁) ဦးစောပတ်ထရစ်လူနီ (ဥက္ကဌ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် ကောင်စီ)
၂) သိက္ခာတော်ရ ဆရာ မန်းပယ်လ်မာစတန် (အထွေထွေ အတွင်းရေးမှူး ၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် ကောင်စီ)
၃) ရဟန်းအမတ် ချားလ်စ်ဘို (လက်ထောက်ဆရာတော် – (ရန်ကုန်) ကက်သလစ်အသင်းတော်)
၎) သာသနာပိုင်ချူပ် စတီဖန် သန်းမြင့်ဦး (မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော် (အင်္ဂလီကန်))
၅) သိက္ခာတော်ရ စောဆမ်ဆန်လတ် (တွဲဖက် အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချူပ်)
.
အစၥလာမ္ဘာသာ
—————-
၁)- ဦးကျော်ငြိမ်း (ကိုယ်စားလှယ် မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ချူပ်နှင့် အဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစ္စလာမ် အိုလမာသာသနာ့ ပညာရှင်များအဖွဲ့ချူပ်)
၂) ဦးမြင့်ထွန်း (ဥက္ကဌ မြန်မာမွတ်စလင်မ် လူငယ်များအဖွဲ့ချူပ်)
၃) ဦးကိုလေး (ဓမ္မသတ်မှူး)
၎) အလ်ဟဂ်ျဦးအေးလွင်
.
ဟိန္ဒူ ဘာသာ
——————
၁) ဦးမောင်သိန်း (ဥက္ကဌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘာသာရေး အဖွဲ့ချူပ်)
၂) ဒေါက်တာလှထွန်း
၃) ဦးဇော်ဝင်း
.
ဂျူးဘာသာ
————-
၁) ဦးဆယ်မီဆယ်မျူရယ် (မန်နေဂျင်းဒါရိုက်တာ)
.
ဘာဟာအီဘာသာ
—————-
၁) ဦးတင်ကြိုင် (ဥက္ကဌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာဟာအီသာသနာအဖွဲ့ချူပ်)
.
သတင်း- သီဟ (M-Media)
Blog
-
မစ္စတာ ဘန်ကီမွန်း နှင့် တွေ့မည့် ဘာသာရေးခေါင်းဆောင်များ
-
အီတလီငလျင်မှ ရင်ကိုထိမှန်စေသော စာ
သြဂုတ် ၂၈၊ ၂၀၁၆
M-Mediaညီမငယ်ကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် ဂူလီယာ – အခုတစ်ပတ်အတွင်း အီတလီနိုင်ငံအလယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြေငလျင်လှုပ်ခတ်မှုမှာ သေဆုံးသွားသူတွေထဲက အချို့ကို မနေ့က နိုင်ငံတော်အခမ်းအနားနဲ့ သဂြိင်္ုဟ်ခဲ့ပါတယ်။
လူပေါင်း ၂၉၀ လောက်သေဆုံးခဲ့တဲ့ အဲဒီ ဖြစ်ရပ်ဆိုးကြီးမှာ မနေ့က ၃၄ ဦးကို သင်္ဂြိုဟ်ခဲ့ပြီး၊ အသက် ၁၀ နှစ်အရွယ် သမီးငယ် ဂူလီယာ ရီနာလ်ဒိုလေးရဲ့ အခေါင်းဖြူဖြူလေးမှာ တင်ထားတဲ့ မီးသတ်သမားတစ်ဦးရဲ့ စာကတော့ အီတလီနိုင်ငံသားတွေရဲ့ရင်ကို ထိမှန်စေခဲ့ပါတယ်။
ဂူလီယာလေးရဲ့အလောင်းကို ငလျင်လှုပ်ပြီး ၁၆ နာရီအကြာမှာ Pescara del Tronto မြို့က အပျက်အဆီးတွေအောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူမရဲ့ ညီမငယ်လေးဖြစ်သူ ဂျော်ဂျီယာကို အုတ်ကျိုးအုတ်ပဲ့တွေ မပိဖို့ ကာကွယ်ပေးရင်း အသက်ဆုံး ရှုံးခဲ့ရတာဖြစ်ပါတယ်။ ဂျော်ဂျီယာလေးကတော့ အသက်ရှင်ခဲ့ပါတယ်။
မနေ့က ဂူလီယာလေးရဲ့အခေါင်းမှာ တင်ထားခဲ့တဲ့စာဟာ မီးသတ်သမားတစ်ဦးက ရေးထားတာဖြစ်ပြီး နာမည်ကိုတော့ အန်ဒရီယာလို့သာ ရေးထိုးထားပါတယ်။
စာအပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
“သမီးလေးရ- အုတ်ပုံတွေကြားထဲကနေ သမီးကို ကယ်ထုတ်ဖို့ ဦးလေး မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဦးလေးတို့ လာတာ သိပ်နောက်ကျသွားတယ်ဆိုရင် ခွင့်လွှတ်ပါနော်။ ဦးတို့ရောက်တဲ့အချိန်မှာ သမီးလေး အသက်မရှိတော့ပေမယ့် ဦးလေးက သမီးလေးကို ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာကိုတော့ သမီးကို သိစေချင်ပါတယ်ကွယ်။ l’Aquila က ဦးအိမ်ကို ပြန်တဲ့အချိန်မှာ ကောင်းကင်တမန်က ဦးကိုကြည့်နေမယ်ဆိုတာ ဦးသိတယ်”
“သမီးလေးဟာ ညဘက်ကောင်းကင်ယံမှာ တောက်ပတဲ့ကြယ်လေးတစ်လုံး ဖြစ်မှာပါ။ နှုတ်ဆက်ပါတယ် ဂူလီယာ – သမီးလေးက ဦးလေးကို မသိပေမယ့် ဦးလေးကတော့ သမီးလေးကို ချစ်မြတ်နိုးနေမှာပါ”
စာရဲ့အဆုံးမှာတော့ အသဲနှလုံးပုံလေးကို လက်မှတ်အဖြစ် ရေးထိုးထားပါတယ်။
ဘုန်းတော်ကြီး ဂျီယိုဗာနီ ဒီ အာရ်ကိုးလ်က ဂျော်ဂျီယာလေး အသက်ရှင်သန်မှုကိုအတွက် အခုလို တင်စား ပြောကြားခဲ့ပါ
တယ်။“ဂျော်ဂျီယာလေးအတွက် သေခြင်းနဲ့ ရှင်ခြင်းက ဒွန်တွဲလာခဲ့ပြီး အသက်ရှင်သန်မှုက အနိုင်ရရှိခဲ့တာပါ”
Ref: BBC
-
သမ္မတဦးထင်ကျော်၏ ၄ ရက်ကြာ အိန္ဒိယခရီးစဉ် ယနေ့ စတင်
သြဂုတ် ၂၇၊ ၂၀၁၆
M-Mediaမြန်မာသမ္မတ ဦးထင်ကျော်မှာ အိန္ဒိယနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်လည်ပတ်မည်ဖြစ်ပြီး ကီလိုမီတာ ၁၆၀၀ ကျော် ထိစပ်နေသည့် နယ်စပ်အား နှစ်နိုင်ငံပူးပေါင်းကာ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေး အလေးထား ဆွေးနွေးသွားမည်ဟု သိရသည်။
အဆိုပါခရီးစဉ်တွင် ထိပ်တန်းဝန်ကြီးများနှင့် တာဝန်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်မှာ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီနှင့် တနင်္လာနေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် စစ်သွေးကြွလှုပ်ရှားမှုများအား ထိန်းသိမ်းနိုင်ရေး နည်းလမ်းများ စသည်တို့အပါအ၀င် ကိစ္စအများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားရန် ရှိနေသည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးမည်ဖြစ်သည်။
သမ္မတမှာ မနက်ဖြန်တွင် ဗုဒ္ဓဂါယာသို့ ပထမဆုံးသွားရောက်ကာ မဟာဗောဒိဘုရား၊ ဗိသုကာပြတိုက်များသို့ လည်ပတ်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အဂ်ရာသို့ သွားရောက်မည်ဖြစ်ကာ တဂ်ျမဟာလ်သို့ လည်ပတ်မည်ဖြစ်သည်။
ယခုနှစ်နှောင်းပိုင်းတွင်လည်း နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှာ BIMSTEC အစည်းအဝေးသို့ တက်ရောက်ရန်အတွက် အိန္ဒိယသို့ သွားရောက်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရဂ်ျမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် မြန်မာနိုင်ငံသို့ ၁ ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး၊ ယခု သမ္မတဦးထင်ကျော်ကိုမူ အိန္ဒိယသမ္မတ ပရာနဘ် မူခါဂျီက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
Ref: economictimes
-
မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အတိုးနည်းချေးငွေ ယန်း ဘီလီယံ ၁၀၀ ပေးမည်ဟု ဂျပန်ကမ်းလှမ်း
သြဂုတ် ၂၇၊ ၂၀၁၆
M-Media– မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးနှင့် ရေပေးဝေမှုလုပ်ငန်းများကဲ့သို့ စီမံကိန်းများအတွက် ယန်း ဘီလီယံ ၁၀၀ (ကန်ဒေါ်လာ ၉၉၄ သန်း) ကို အတိုးနည်းနည်းဖြင့်ချေးရန် အဆင်သင့်ရှိနေသည်ဟု ဂျပန်နိုင်ငံက ပြောကြားလိုက်ပြီး၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရေး နောက်ဆုံးပေါ်ထွက်လာသည့် ခြေလှမ်းလည်းဖြစ်သည်။
ယခုအစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ မတ်လတွင် အာဏာရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ၏ ပထမဆုံး ဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးကူညီထောက်ပံ့မှုလည်း ဖြစ်သည်။
ယခု ချေးငွေပေးမည့်ကိစ္စကို စက်တင်ဘာ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လာအိုတွင်ပြုလုပ်မည့် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် ကြေငြာဖွယ်ရှိနေသည်။
ထိုငွေကြေးများကို ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းအထိ ဆက်သွယ်ထားသည့် ရထားလမ်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ ရေပေးဝေမှု စနစ်များ၊ ကျေးလက်ဒေသများတွင် လမ်းပမ်းဆက်သွယ်ရေးဖွံ့ဖြိုးမှုနှင့် အခြား ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်ငန်းများ အပါအ၀င် စီမံကိန်း ၅ ခုတွင် သုံးစွဲရမည် ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် အာဘေး၏ အထူးကြံပေးဖြစ်သူ ဟီရိုတို အီဇူမီကလည်း ထိုကဲ့သို့ ချေးငွေထုတ်ပေးရန် ရည်ရွယ်ထားမှုကို ကြာသာပတေးနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အသိပေးခဲ့သည်။
တရုတ်၊ အိန္ဒယနှင့် အရှေ့တောင်အာရှတို့ဆုံရာ အချက်အချာနေရာတွင် တည်ရှိနေသည့် မြန်မာနိုင်ငံအား အခြားသောနိုင်ငံများကလည်း ကူညီရန် အလိုရှိနေပြီး၊ ပြီးခဲ့သည့်တစ်ပတ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် သမ္မတ ဇီဂျင်ပင်းက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးကဏ္ဍတွင် ကူညီပေးရန် ကမ်းလှမ်းခဲ့သည်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ကတည်းက ဂျပန်နိုင်ငံမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ခိုင်မာအောင် ကြိုးစားဆောင်ရွက်နေပြီး၊ ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်တွင် အကြွေး ယန်းငွေ ဘီလီယံ ၅၀၀ ကို လျှော်ပေးခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင်လည်း နိုင်ငံ၏ လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အဦးနှင့် အခြားသော စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယန်း ဘီလီယံ ၁၀၀ နှစ်ရှည်ချေးငွေထုတ်ပေးရန် ကြေငြာခဲ့သည်။
Ref: Asia.nikkei
-
မကြာမီ အကောင်းဆုံးပုံစံဖြင့် ပြန်လာမည်ဟု ရော်နယ်ဒိုပြော
သြဂုတ် ၂၇၊ ၂၀၁၆
M-Media– မိမိအား ထောက်ခံအားပေးကြသည့် ပရိတ်သတ်များကို ကျေးဇူးတင်ပြီး မကြာခင် အကောင်းအဆုံးအနေအထားဖြင့် ပြန်လာမည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူဖြစ်ပြီး၊ ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ရရှိသောဒဏ်ရာကြောင့် ရီးယဲလ်အသင်းတွင် ပါဝင်ကစားနိုင်ခြင်း မရှိသေးပေ။ ရော်နယ်ဒိုကမူ မိမိအနေဖြင့် အမြန်ပြန်လာမည်ဖြစ်ပြီး အသင်းနှင့်အတူ အောင်မြင်မှု ပိုမိုရရှိချင်သည်ဟု ဆိုသည်။
“ကျွန်တော် သိပ်မကြာခင် ပြန်လာမှာပါ။ အသင်းဖော်တွေ၊ ကျွန်တော့်ကို ကူညီခဲ့တဲ့သူတွေ အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တစ်ကယ့်ကို စိတ်ဓာတ်တက်ကြွနေပါတယ်။ အခုအချိန်မှာ ပိုကြိုးစားပြီး ဖလားတွေပိုရဖို့လည်း စိတ်အားထက်သန်နေပါတယ်” ဟု ရီးယဲလ်၏ Instagram စာမျက်နှာတွင် လွှင့်တင်ထားသော ဗီဒီယို၌ ပြောကြားခဲ့သည်။
Ref: Goal