သြဂုတ် ၂၃၊ ၂၀၁၆
M-Media
– ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ပြုလုပ်ခဲ့သည့် အိုလံပစ်ပြိုင်ပွဲအတွင်း ညဘက်အပြင်ထွက်ရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းအား သေနတ်ထောက်၍ ဓားပြတိုက်ခဲ့သည်ဟု လိမ်လည်ပြောကြားမှု၏ နောက်ဆက်တွဲအဖြစ် အမေရိကန် နာမည်ကျော် ရေကူးအားကစားသမား ရိုင်ယန် လော့ခ်ျတေးမှာ စပွန်ဆာများ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
ယမန်နေ့က ရေကူးအားကစားနှင့်သက်ဆိုင်သည့် ပစ္စည်းများ ထုတ်လုပ်သော Speedo ကုမ္ပဏီနှင့် ဖက်ရှင် ကုမ္ပဏီ Ralph Lauren တို့က လော့ခ်ျတေးအား စပွန်ဆာပေးထားမှုကို ရပ်ဆိုင်းသည်ဟု ကြေငြာခဲ့ပြီး စောစောပိုင်းကလည်း အသားအရေ ထိန်းသိမ်းသည့်ပစ္စည်းများ ထုတ်လုပ်သော Syneron-Candela နှင့် ဂျပန်မွေ့ယာလုပ်ငန်း Airweave တို့ကလည်း စပွန်ဆာ ရုပ်သိမ်းခဲ့သည်။
အိုလံပစ် ရွှေတံဆိပ် ၁၂ ဆုရှင် လော့ခ်ျတေးမှာ အဆိုပါ စပွန်ဆာများမှတစ်ဆင့် နှစ်စဉ် ဒေါ်လာသန်းချီ ရရှိနေသူဖြစ်သည်။ ၎င်းနှင့် အသင်းဖော် ၃ ဦးမှာ ရီယိုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ထောက် ဓားပြတိုက်မှုကို ခံခဲ့ရသည်ဟု ပြောကြားခဲ့ပြီး ဘရာဇီးလ်ရဲတပ်ဖွဲ့က အသေးစိတ်စစ်ဆေးရာတွင် လော့ခ်ျတေးက မိမိအနေဖြင့် ထိုစဉ်က အရက်မူးနေကာ ချဲ့ကားပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ၀န်ခံခဲ့သည်။
ရုပ်သိမ်းခဲ့သည့် စပွန်ဆာ ၄ ခုတွင် Speedo က အကြီးဆုံးဖြစ်ပြီး အသက် ၃၂ အရွယ်ရှိ လော့ခ်ျတေးကလည်း ထိုဆုံးဖြတ်ချက်ကို အလေးထားပြီး ထောက်ပံ့ခဲ့မှုများကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
Ralph Lauren ကမူ လော့ခ်ျတေး၏ ဓာတ်ပုံများကို ၎င်းတို့၏ ၀ဘ်ဆိုက်မှ ဖယ်ရှားခဲ့ပြီး မိမိတို့၏စပွန်ဆာမှာ ရီယိုအိုလံ ပစ်အတွက်သာဖြစ်ပြီး ပြိုင်ပွဲနောက်ပိုင်း သက်တမ်းတိုးမည်မဟုတ်ဟု ပြောကြားခဲ့သည်။
Ref: BBC