News @ M-Media

အမေရိကန် ဒရုန်းလက်ချက်ကြောင့် အာဖဂန်တွင် စစ်သား ၂၂ ဦး သေဆုံး

သြဂုတ် ၂၈၊ ၂၀၁၆
M-Media

drone

– အာဖဂန်နစ္စတန်တောင်ပိုင်း ဟဲလ်မန်းပြည်နယ်တွင် အမေရိကန်က ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန်စစ်သွေးကြွများ ဖမ်းဆီးထားသည့် အာဖဂန်စစ်သား ၂၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးမှုစာရင်းကို ပြည်နယ်အာဏာပိုင်များ ယမန်နေ့တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း နာဒေအလီခရိုင်တွင် တာလီဘန်အဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ကြောင်း တာလီဘန်က အတည်ပြုခဲ့သည်။

ဟဲလ်မန်းပြည်နယ်မှာ အာဖဂန်အစိုးရနှင့် တာလီဘန်စစ်သွေးကြွများအတွက်ပါ မဟာဗျူဟာမြောက် အရေးပါသည့် ပြည်နယ်ဖြစ်ပြီး တာလီဘန်များက ဘိန်းပေါသည့် ယင်းဒေသရှိ ခရိုင် ၁၄ ခုအနက် ၁၀ ခုကို ထိန်းချုပ်ထားဆဲဖြစ်သည်။

ယမန်နေ့ကလည်း တာလီဘန်များမှာ နိုင်ငံအရှေ့ပိုင်း ပက်တီယာပြည်နယ်ရှိ မဟာဗျူဟာကျသော ခရိုင်တစ်ခုကို သိမ်းပိုက်ခဲ့ပြီး အခြားသော ပြည်နယ်များကိုလည်း ဆက်လက်သိမ်းပိုက်သွားရန် အစီအစဉ်ရှိနေသည်။ ခရိုင် ၈ ခု လမ်းဆုံတွင် တည်ရှိသည့် ဂျနီးခဲလ်ခရိုင်ကို ငါးရက်တာဝိုင်းထားပြီးနောက် စစ်သွေးကြွများက သိမ်းဆည်းရာတွင် ရဲနှင့် စစ်သားများစွာ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တာလီဘန်များမှာ ခေါင်းဆောင်ဟောင်း မွလ္လာ အခ်တာရန် မန်ဆူရ် သေဆုံးခဲ့ပြီးနောက် ခေါင်းဆောင်သစ်လက်အောက်တွင် ပြန်လည်စုစည်းကာ အာဖဂန်နစ္စတန်တစ်ဝှမ်း တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။

ကုလသမဂ္ဂ၏ အာဖဂန်နစ္စတန် ကူညီရေးအဖွဲ့ UNAMA က ယခုနှစ်အစမှ နှစ်ဝက်အထိ အာဖဂန်တွင် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် အရပ်သားအရေအတွက်မှာ ၁၆၀၁ ဦးရှိနေပြီး ဒဏ်ရာရရှိသူ ၃၅၆၅ ဦး ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

Ref : Presstv

Comments

Leave a Reply