သြဂုတ် ၂၅၊ ၂၀၁၆
M-Media
– ဂျပန်နိုင်ငံတွင် Pokemon Go ဂိမ်းကစားရင်း ကားမောင်းလာသူတစ်ဦးမှာ အမျိုးသမီးတစ်ဦးကို တိုက်မိ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဂျပန်ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဂျပန်သတင်းမီဒီယာများကမူ လက်ရှိတွင် နာမည်ကျော်နေသော ဂိမ်းတစ်ခုကြောင့် ဂျပန်နိုင်ငံတွင်ဖြစ်ပွားသည့် ပထမဆုံးယာဉ်တိုက်မှုအဖြစ် ရေးသားဖော်ပြခဲ့ကြသည်။
ထိုအဖြစ်အပျက်တွင် အသက် ၃၉ နှစ်အရွယ် လယ်သမား ကေဂျီဂူးမှာ နိုင်ငံအနောက်ပိုင်း တိုကူရှီမားမြို့ လမ်းပေါ်တွင် အင်္ဂါနေ့ညနေက အမျိုးသမီးနှစ်ဦးကို ကားဖြင့်တိုက်မိခဲ့ပြီး၊ အခင်းဖြစ်ပွားချိန်တွင် ၎င်းမှာ ပိုကီမွန်ဂိမ်းကစားနေသည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမျိုးသမီးနှစ်ဦးအနက် အသက် ၇၂ နှစ်အရွယ်ရှိသူမှာ နေရာတွင်သေဆုံးခဲ့ပြီး အသက် ၆၀ အရွယ်ရှိ ကျန်တစ်ယောက်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင်လက စတင်ထွက်ရှိခဲ့ပြီးနောက် Pokemon Go ဂိမ်းမှာ ကမ္ဘာတစ်ဝှမ်းတွင် အလျင်အမြန် လူကြိုက်များလာခဲ့ပြီး၊ နေရာအနှံသွားကာ အကောင်ဖမ်းအမှတ်ယူ၍ ကစားရသည့် ထိုဂိမ်းကြောင့် ရာဇ၀တ်မှုများ၊ လမ်းစည်းကမ်းချိုးဖောက်မှုများ ဖြစ်ပွားသည့်အသံများလည်း ထွက်လာခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်တော်များများမှ အာဏာပိုင်များက ထိုဂိမ်းကစားမှုအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
Ref : Channelnewsasia