News @ M-Media

Blog

  • အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    အမုန်းစကား ပြောဆို၊ ရေးသားသူများကို အရေးယူမည့် ဥပဒေကြမ်း ရေးဆွဲပြီးပြီ

    IMG_6787
    နေပြည်တော်(ဩဂုတ် ၁၉၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးတစ်ခုနှင့်တစ်ခုအကြား၊ ကိုးကွယ်ရာဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းပွား(Hate Speech)စေသည့် ရေးသား၊ ပြောဆို၊ ဖြန့်ဖြူးသူများအား အရေးယူမည့် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲပြီးပြီဖြစ်ပြီး ယင်းဥပဒေကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ကာ အကြံပြုချက်များ တောင်းခံထားည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောသည်။
    .
    ယင်းဥပဒေကြမ်းအား ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တို့က ရေးဆွဲထားခြင်းဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်တည်းဖြတ်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဆက်လက်ပေးပို့ထားခြင်းဖြစ်သည်။
    .
    “ကျွန်တော်တို့က နိုင်ငံတော်သမ္မတရုံးကို ဆက်ပြီးတော့ တင်ပြပါ့မယ်။ ပြီးရင် လွှတ်တော်အသီးသီးကို ပေးပို့ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေအပေါ်မှာ ပြင်ဆင်ချက်တွေနဲ့ ဒီ Hate Speech ဥပဒေကို ပြဌာန်းလိုက်မယ်ဆိုရင်တော့ ဒီပဋိပက္ခမှုတွေနဲ့ ပွတ်တိုက်မှုတွေဟာ တော်တော်လေးလျှော့ကျမှာဖြစ်ပါတယ်” ဟု ဦးဇာနည်ဝင်းက ပြောသည်။
    .
    ၂၀၁၆ခုနှစ်၊ ဩဂုတ် ၁၉ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော အစိုးရသစ်၏ ရက်(၁၀၀)စီမံချက် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းချက်အပေါ် ဦးဇာနည်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
    .
    သို့သော် ဥပဒေကြမ်းတွင်ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍မူ အသေးစိတ် ပြောဆိုသွားခဲ့ခြင်း မရှိသေးပေ။
    .
    “အမုန်းစကားဖြန့်ဖြူးတဲ့ကိစ္စတွေက ဘာသာရေးနဲ့ပတ်သက်ပြီးတော့၊ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ ထိလွယ်၊ ရှလွယ်တဲ့ကိစ္စတွေ အများကြီးဖြစ်ပေါ်ပါတယ်” ဟုလည်း ဦးဇာနည်ဝင်းက ဆိုသည်။
    .
    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်နန္ဒာမွန်းကလည်း “သာသနာရေးနဲ့ပတ်သက်လို့ နိုင်ငံတစ်ကာကအတိုင်း ဖွဲ့စည်းပုံအခြေခံနဲ့အညီ လွတ်လပ်စွာ ယုံကြည်၊ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို ကျွန်မတို့က မူဝါဒအနေနဲ့ လက်ခံပြီးသားပါ” ဟု ပြောဆိုသည်။

    ဓါတ်ပုံအညွှန်း- သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်း(အလယ်) (ဓာတ်ပုံ- အောင်ကျော်/မဇ္ဈိမ)

    မဇ္ဈိမ မှ ကူးယူဖော်ပြသည်။

    http://mizzimaburmese.com/article/17139

  • အိုမရန် ဒက်နီးရှ် သို့မဟုတ် ဆီးရီးယားမှ မျှော်လင့်ချက်ကင်းမဲ့မှု၏ ပြယုဂ်တစ်ခု

    အိုမရန် ဒက်နီးရှ် သို့မဟုတ် ဆီးရီးယားမှ မျှော်လင့်ချက်ကင်းမဲ့မှု၏ ပြယုဂ်တစ်ခု

    သြဂုတ် ၁၉၊ ၂၀၁၆
    M-Media

    omran

    – သူ့နာမည်က အိုမရန် ဒက်နီးရှ်ပါ။ သွေးအလိမ်းလိမ်း ဖုန်အထပ်ထပ်နဲ့ လူနာတင်ယာဉ်ထဲမှာထိုင်ပြီး အကူအညီစောင့်နေတဲ့ သူ့ရဲ့ပုံဟာ ဆီးရီးယားမှာဖြစ်နေတဲ့ စစ်ပွဲရဲ့ အနိဌာရုံတွေကို သတိပေးနေတဲ့ နောက်ထပ် အမှတ်အသား တစ်ခုပါပဲ။

    မျက်မြင်သက်သေတွေကတော့ ဒီကလေးငယ်ရဲ့အသက်ဟာ ၅ နှစ်လောက်သာရှိသေးပြီး ဆီးရီးယားပြည်တွင်းစစ်သက်တမ်းနဲ့ မတိမ်းမယိမ်းပါပဲ။ ဒါပေမယ့် သူ့ရဲ့ ၀ဖြိုးတဲ့ ခြေလက်တွေ၊ ဗုံးကြံခဲရတဲ့ အိမ်ကနေ သူ့ကို ဆွဲထုတ်လာသူရဲ့ ခန္ဓာကိုယ်မှာ တွဲခိုလာတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ ဒီထက်ပိုငယ်နိုင်ပြီး တောက်တောက်သွားတတ်တဲ့ အရွယ်လောက်သာ ရှိမယ့်ပုံပါပဲ။

    အိုမရန်လေးဟာ မိခင် ဖခင်၊ အစ်ကိုတစ်ယောက်၊ အမတစ်ယောက်တို့နဲ့အတူ အဲလစ်ပိုမြို့မှာ နေထိုင်တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က သူတို့အိမ်ကို လေကြောင်းကတိုက်ခိုက်မှုမှာ တစ်မိသားစုလုံး ဒဏ်ရာရသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ တစ်ယောက်မှ အသက်ဆုံးရှုံးခြင်း မရှိခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရနဲ့ ရုရှားတို့က ဆောင်ရွက်တာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

    နိုင်ငံမြောက်ပိုင်းက အဲလစ်ပိုမြို့ဟာ နှစ်တော်တော်ကြာ ပိတ်ဆို့ခံထားရပြီး ကလေးငယ် ၄၅၀၀ အပါအ၀င် လူသောင်းနဲ့ချီ သေဆုံးခဲ့ပြီးပါပြီ။

    ကလေးငယ်ရဲ့ ဘ၀အကြောင်း

    အိုမရန်လေးရဲ့ ကြောက်စရာ၊ ကြေကွဲဖွယ်ရာ ဗီဒီယိုကို ‘အဲလစ်ပိုမီဒီယာစင်တာ’က လွှင့်တင်ခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပဲ ပြန့်နှံ့သွားခဲ့ပါတယ်။

    တိုက်ခိုက်မှုအပြီး သွေးအလိမ်းလိမ်း၊ ဖုန်အထပ်ထပ်ပေးနေတဲ့ အိုမရန်လေးကို ကယ်ဆယ်ရေးလုပ်သားတစ်ဦးက အပျက်အဆီးတွေထဲက ဆွဲထုတ်ကာ ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။ လူနာတင်ယာဉ်ထဲမှာ ထိုင်နေပေမယ့် သူ ဘာဖြစ်နေတယ်ဆိုတာ အိုမရန်တစ်ယောက် မသိပါဘူး။

    “သူ တုန်လှုပ်ချောက်ခြားသွားတာပါ” ပါလို့ အဲလစ်ပို မီဒီယာစင်တာက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    အိုမရန်လေးဟာ ကံကောင်းသွားခဲ့တာလည်းပါပြီး သူတို့မိသားစုထဲမှာ သူ့ကို ပထမဆုံး ကယ်ဆယ်နိုင်ခဲ့ကာ နောက်ပိုင်းကျမှ ကျန်တဲ့လူတွေကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

    နေ့စဉ်ဖြစ်နေ

    “ခင်ဗျားတို့ မြင်နေရတဲ့ ဒီပုံရိပ်မျိုး အဲလစ်ပိုမှာ နေ့စဉ်ဖြစ်နေတာပါ။ အဲလစ်ပိုမှာ နေ့တိုင်း ဒီလို ကြောက်စရာအဖြစ်အပျက်တွေ၊ စစ်ရာဇ၀တ်မှုတွေကို ကျွန်တော်တို့ ရိုက်ကူးနေရပါတယ်။ ဗုံးကြဲခံရတဲ့နေရာကို ကျွန်တော်တို့ သွားတဲ့အခါ အစိုးရတပ်က လေယာဉ်တွေက အဲဒီနေရာမှာ တစ်ဝဲလည်လည်လုပ်နေပြီး အရပ်သားတွေကို ကယ်ဆယ်တဲ့ သူတွေကိုသေအောင် ဗုံးထပ်ကြဲချတတ်ပါတယ်” လို့ မီဒီယာစင်တာက ကင်မရာဆရာ မွတ်စ်တာဖာ အလ် ဆာရူက်က ပြောကြားခဲ့ပါတယ်။

    အိုမရန်လေးကတော့ အဲဒီတိုက်ခိုက်မှုအတွင်းက အခြားလူတွေထက်စာရင် ဒဏ်ရာအနည်းငယ်သာရခဲ့ပြီး လက်ရှိမှာ ဆေးရုံးကဆင်းသွားပြီလို့ သူ့ကိုကုသပေးတဲ့ ဒေါက်တာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။

    အဲဒီနေ့တစ်နေ့တည်းမှာပဲ အဲလစ်ပိုအရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ကွာတာချီရပ်ကွက်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၃ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲက သေဆုံးသူတစ်ဦးဟာ အိုမရန်လေးရဲ့ ဆွေမျိုးထဲကဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

    ၂၀၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့ကစလို့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့အထိ အဲလစ်ပိုပြည်နယ်မှာ သေဆုံးခဲ့တဲ့ အရပ်သားအရေအတွက်ဟာ ၁၈၀၀၀ ကျော်ရှိတယ်လို့ ယူကေအခြေစိုက် ‘ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့’ က ပြောကြားခဲ့ပါတယ်။

    သေဆုံးသူတွေထဲက ၄၅၀၀ ကျော်ကတော့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ဖြစ်ကြပါတယ်။

    “အဲလစ်ပိုမှာ အမျိုးသမီးတွေ၊ ကလေးတွေအပေါ် ဖြစ်နေတဲ့ ဒီရာဇ၀တ်မှုတွေအတွက် တစ်ကမ္ဘာလုံးက နှုတ်ဆိတ်နေကြတယ်။ အိုမရန်လို ဗုံးကြံခံရတဲ့ကလေးမျိုး အဲလစ်ပို့မှာ နေ့စဉ် ထောင်နဲ့ချီရှိပါတယ်။ နေ့စဉ်နေ့တိုင်း မြို့ထဲကို လက်နက်ပေါင်းစုံနဲ့ ပစ်ခတ်ပြီး ရာဇ၀တ်မှု ပုံစံပေါင်းစုံကို ကျူးလွန်ကြပါတယ်။ နေရထိုင်ရတဲ့ဘ၀တွေဟာ တော်တော်လေး ဆိုးရွားပါတယ်။ မြို့အပြင်ထွက်ပေါက်ဟာလည်း စိတ်မချရလို့ ပိတ်ထားတယ်။ ဒီအစိုးရနဲ့ ပြည်သူ့စစ်တွေဟာ ကလေးတွေ၊ အထူးသဖြင့် အဲလစ်ပိုက ကလေးတွေကို သတ်ဖြတ်နေတယ်လို့ ကျွန်တော်တို့ ကမ္ဘာကြီးကို အသိပေးချင်ပါတယ်။ အဲလစ်ပိုက ဒီရာဇ၀တ်မှုတွေကို မဖြစ်မနေ ရပ်တန့်ရမှာပါ” လို့ ဆာရူက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    ရွေးစရာလမ်းမရှိ

    တစ်ချိန်က ဆီးရီးယားရဲ့ အကြီးဆုံးမြို့ ဖြစ်ခဲ့တဲ့ အဲလစ်ပိုမှာ ပိတ်မိနေသူအရေအတွက်ဟာ တစ်သန်းခွဲကနေ နှစ်သန်းလောက်ရှိနေပြီး၊ မြို့ကလည်း အစိုးရထိန်းချုပ်တဲ့အပိုင်းနဲ့ သူပုန်ထိန်းချုပ်တဲ့အပိုင်းဆိုပြီး ၂ ပိုင်းကွဲနေပါတယ်။

    ပြည်သူတွေကတော့ အတောမသတ်နိုင်တဲ့ဗုံးကြဲမှုတွေကြားမှာနေပြီး သူတို့အသက်၊ အထူးသဖြင့် ကလေးတွေရဲ့အသက်ကိုရင်းရမလား။ ဒါမှမဟုတ် ပြန်လမ်းမရှိနိုင်တဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ဒုက္ခဆင်းရဲတွင်းကနေ လွတ်အောင် ပြေးရမလား – ဆိုတဲ့ ရွေးချယ်မှု ၂ ခုသာ ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း လွတ်မြောက်ရာထွက်ပြေးရင် ပင်လယ်ပြင်မှာ မိသားစုလိုက် လှေနစ်သေဆုံးလို့ တူရကီမှာ လာတင်တဲ့ အသက် ၂ နှစ်အရွယ် အလန်ကာဒီလေးရဲ့ ဓာတ်ပုံကလည်း ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပါတယ်။

    အကူအညီတွေ ရပ်တန့်

    တိုက်ခိုက်မှုတွေ မြင့်တက်နေလို့ ဆီးရီးယားကို ပို့ပေးနေတဲ့ အကူအညီတွေအားလုံးကို ကုလက ရပ်တန့်လိုက်ပါတယ်။

    “ဆီးရီးယားမှာ ကျွန်တော်တို့ဟာ တိုက်ပွဲတွေ၊ ထိုးစစ်တွေ၊ ခံစစ်တွေ၊ အမြောက်တွေ၊ ဗုံးတွေ၊ မော်တာတွေ၊ အမြောက်ဆံတွေ၊ ကလိုရင်းဓာတ်ငွေ့တွ၊ စနိုက်ပါ၊ လေကြောင်းတိုက်ခိုက်မှု၊ အသေခံဗုံးခွဲသမား- ဒါတွေကိုပဲ မြင်နေ၊ ကြားနေရပါတယ်။ ပိတ်ဆို့ထားတဲ့ အဲဒီမြို့ကို ဒီတစ်လအတွင်းမှာ အကူအညီပေးရေးယာဉ်တန်း တစ်ခုတောင် မရောက်သေးပါဘူး။ တစ်ခုတောင် မရောက်သေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခိုက်မှုတွေကြောင့်ပါပဲ” လို့ ဆီးရီးယားဆိုင်ရာ ကုလသံအမတ် စတာဖင် ဒီ မစ်တူရာက ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အလဲစ်ပိုမှာ ၄၈ နာရီအပစ်ရပ်ရေး အကောင်အထည်ဖော်ဖို့ကိုလည်း မစ်တူရာက အမေရိကန်ရဲ့ ရုရှားတို့ကို ဖိအားပေးခဲ့ပါတယ်။

    ခံစားရမှု များလွန်း

    နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty က လွတ်မြောက်လာသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး အစီရင်ခံစာကို ထုတ်ပြန်ရာမှာ ဖမ်းဆီးခံထားရသူတွေရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ၊ အဓမ္မကျင့်မှု၊ လိင်အကြမ်းဖက်မှု၊ ရိုက်နှက်မှု၊ မီးရှို့မှု၊ မီးမြှိုက်မှု စတဲ့ ရက်စက်တဲ့ နှိပ်စက်ငြှင်းပမ်းမှု နည်းလမ်းတွေကို အသေးစိတ် ဖော်ထုတ်ခဲ့ပါတယ်။

    ယူနီဆက်ဖ်ကတော့ ဆီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူ ကလေးငယ် ၈.၄ သန်း ရှိနေတယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။

    ကုလသမဂ္ဂရဲ့ ဒုတိယအတွင်းရေးမှူး ဂျန် အဲလီယက်ဆန်က အိုမရန်လေးရဲ့ ဇာတ်ကြောင်းနဲ့ သူ့ရဲ့ပုံရိပ်ဟာလူသားတွေနဲ့ နှလုံးသားနဲ့ ဦးနှောက်ကို စိုးမိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

    “တစ်ကမ္ဘာလုံးက ဆီးရီးယားပြည်သူတွေအတွက် မလုပ်ပေးနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ အိုမရန်လေးရဲ့ အဖြစ်အပျက် ဆီးရီးယားပြည်သူတွေ ဖြတ်သန်းနေရတဲ့ ဆိုးရွားတဲ့ ကပ်ဆိုးကို ဖော်ပြနေပါတယ်။ ဒါတွေကို ကျွန်တော်တို့က တစ်ခါတစ်ရံမှာ အိပ်မက်ဆိုးအဖြစ် ဖော်ပြကြတယ်။ ဒါပေမယ့် ဒါဟာ အိပ်မက်ဆိုးတစ်ခုထက်ကိုပိုပါတယ်။ အိပ်မက်ဆိုးက နိုးထနိုင်သေးတယ်လေ။ ဒါပေမယ့် ဆီးရီးယားမှာတော့ အိပ်မက်ဆိုးတွေထဲက နိုးထရဖို့ လမ်းမမြင်ပါဘူး” လို့ အဲလီယက်ဆန်က ပြာကြားခဲ့ပါတယ်။

    Ref: CNN

    (CNN သတင်းဌာနတွင် ဖော်ပြထားသည့် Little boy in Aleppo a vivid reminder of war’s horror ဆောင်းပါးကို
    လေးမောင်မှ ကောက်နှုတ်ပြန်ဆိုသည်။)

  • ဆော်ဒီမှ မြန်မာနွယ်ဖွား မျက်မမြင်ကလေးငယ် ကုရ်အာန်တစ်အုပ်လုံး ရေဒီယိုမှနားထောင်ကာ အာဂုံဆောင်နိုင်ခဲ့

    ဆော်ဒီမှ မြန်မာနွယ်ဖွား မျက်မမြင်ကလေးငယ် ကုရ်အာန်တစ်အုပ်လုံး ရေဒီယိုမှနားထောင်ကာ အာဂုံဆောင်နိုင်ခဲ့

    သြဂုတ် ၁၉၊ ၂၀၁၆
    M-Media

    child

    – ဆော်ဒီအာရေဗျရောက် မြန်မာနွယ်ဖွား အသက် ၅ နှစ်အရွယ် အမြင်အာရုံချို့တဲ့နေတဲ့ ကလေးငယ်တစ်ဦးဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ရေဒီယိုကနေ နားထောင်ပြီး အာဂုံဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

    ဂျစ်ဒါမြို့မှာနေထိုင်တဲ့ ဟူစိန် မိုဟာမက် တာဟီရ်ဖြစ်ပြီး သားဖြစ်သူ အမြင်အာရုံချို့တဲ့တာကို သိရှိပြီးနောက်မှာ သူ့ရဲ့ဖခင် မိုဟာမက်တာဟီရ်က ရေဒီယိုတစ်လုံး ၀ယ်ပေးခဲ့တာပါ။ အဲဒီနောက်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမှုတွေကို နားထောင်နိုင်စေဖို့အတွက် တစ်နေ့လုံး ကုရ်အာန်ကျမ်းတော်မြတ် ထုတ်လွှင့်ပေးတဲ့ ရေဒီယိုလှိုင်းကို ချိန်ပေးခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်တော့်သား ရေဒီယိုနားထောင်ပြီး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်မယ်လို့ ထင်မထားခဲ့ပါဘူး” လို့ မိုဟာမက် တာဟီရ်က ပြောကြားခဲ့ပါတယ်။

    ဟူစိန်လေး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်တာကို ၃ နစ်ကြာတဲ့အထိ ဖခင်က မသိရှိခဲ့ပါဘူး။ ဂျစ်ဒါကနေ မဒီနာကို ပြောင်းသွားတဲ့နောက်ပိုင်း သားငယ်လေးက တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်ကို ပို့ပေးဖို့ ပူဆာတာကြောင့် ပို့ပေးခဲ့ပြီး အဲဒီအချိန်မှာ ကုရ်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၂ က ပါဒတော်တစ်ချို့ကို ရွတ်ဖတ်တာ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

    စာမျက်နှာ ၃၀ နီးပါးရှိတဲ့ ကဏ္ဍတစ်ခုလုံးကို ဟူစိန်လေးက အလွတ်ရွတ်ဖတ်ခဲ့ပြီးတဲ့နောက်မှာတော့ မိုဟာမက်ဟီရ်တစ်ယောက် အံ့သြမှင်သက်ခဲ့ရပြီး နားလည်တတ်ကျွမ်းသူတွေ၊ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်ထားသူတွေထံ သွားရောက်ချဉ်းကပ် မေးမြန်းခဲ့ပါတော့တယ်။

    အဲဒီပညာရှင်တွေကလည်း ဟူစိန်လေးဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်တာ မှန်ကန်တယ်လို့ အတည်ပြုခဲ့ပြီး အချို့နည်းစနစ်လေးတွေသာ လိုအပ်တယ်လို့ ပြောခဲ့ကြပါတယ်။

    နောက်ပိုင်းမှာတော့ ဟူစိန်လေးကို တမန်တော်မြတ်ဗလီဝတ်ကျောင်းတော်က အမြင်အာရုံချို့တဲ့သူ ဟာဖစ်ဇ် (ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်သူ) တွေရဲ့ အတန်းမှာ အပ်နှံခဲ့ပါတယ်။

    “မျက်လုံးကမမြင်၊ လက်တစ်ဖက်က မသန်ဖြစ်နေတဲ့ ကလေးငယ်လေးကို မွေးခဲ့တဲ့နောက် ဒီနှစ်တွေအတွင်း ကြုံတွေ့ရတဲ့ ဒုက္ခသုက္ခတွေအားလုံး အဖိုးတန်ခဲ့ပြီးပေါ့ဗျာ” လို့ နှလုံးပီတိ ဂွမ်းဆီထိနေတဲ့ မိုဟာမက် တာဟီရ်က ဖွင့်ဟခဲ့ပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်မှာ ကဏ္ဍစုစုပေါင်း ၁၁၄ ခုရှိပြီး၊ ပါဒတော်ပေါင်း ၆၆၀၀ ကျော် ရှိပါတယ်။

    Ref: Arabnews

  • စစ်တွေရှိ ကမန်တိုင်းရင်းသားများ နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ရရှိ

    စစ်တွေရှိ ကမန်တိုင်းရင်းသားများ နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ရရှိ

    သြဂုတ် ၁၉၊ ၂၀၁၆
    M-Media

    kaman
    ကမန်တိုင်းရင်းသား မိသားစုတစ်ခု

    – ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ထောင်ပေါင်းများစွာသော ကမန်တိုင်းရင်းသားများမှာ ယခုတစ်ပတ်အတွင်း နိုင်ငံသား စီစစ်ရေးကဒ်များ ရရှိခဲ့ပြီး ထိုအထဲတွင် အချို့မှာ လျှောက်ထားပြီး ၂ နှစ် ကြာမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    “အခု ပြဿနာက ပြေလည်သွားပါပြီ။ ကမန်တိုင်းရင်းသားတွေ နိုင်ငံသားစီစစ်ရေးကဒ်ပြား ရပါတယ်။ ကမန်တွေကို နိုင်ငံသားစီစစ်ရေးကဒ်ပြားပေးဖို့ ကျွန်တော်တို့ဟာ အစိုးရနဲ့ လူဝင်မှုကြီးကြပ်ရေးကို တင်ပြခဲ့တာ ဖြစ်ပါတယ်” ဟု ကမန်အမျိုးအသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ KNDP ၏ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် အလိုအလျောက် နိုင်ငံသားအဖြစ် သတ်မှတ်ခံရသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် ကမန်လူမျိုးများလည်း ပါဝင်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်သူများဖြစ်သောကြောင့် ယခင်က နိုင်ငံသားကဒ်ရရှိရန် ရုန်းကန်ခဲ့ရကာ ဒေသတွင်း လူဝင်မှူးကြီးကြပ်ရေး တာဝန်ရှိသူများက နိုင်ငံသားကဒ်ထုတ်ပေးရန် ငြင်းပယ်မှုများ၊ နိုင်ငံသားစီစစ်မှုကို ခံယူရမည့်သူများအတွက် သတ်မှတ်ထားသော ကဒ်ပြားများ ထုတ်ပေးမှုများလည်း ရှိခဲ့သည်။

    ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ကမန်တိုင်းရင်းသားများလည်း တိုက်ခိုက်ခံခဲ့ရပြီး ဦးတင်လှိုင်ဝင်းကမူ ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ကမန်တိုင်းရင်းသားများမှာ မကြာသေးမီက နိုင်ငံသားကဒ် ရရှိခဲ့သည်ဟု ဆိုသည်။

    ၂၀၁၄ ခုနှစ်တွင် နိုင်ငံသားကဒ်ရရှိရန် လျှောက်ထားသည့် ကမန်တိုင်းရင်းသားအရေအတွက်ပေါင်း ၂၀၀၀ ၀န်းကျင်ခန့်ရှိပြီး ၃၈ ဦးသာ ရရှိခဲ့ကြသည်။ အခြားသူများကမူ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက ‘ကမန်အတု’ ရှိသည့်အတွက် မထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခံခဲ့ရသည်ဟု ဆိုသည်။

    Ref: mmtimes

    မှတ်ချက် – ဓာတ်ပုံမှာ ယခုတစ်ပတ်အတွင်း နိုင်ငံသားကဒ်ရရှိခဲ့သူများ မဟုတ်ပါ။

  • အကြီးကျယ်ဆုံး ကစားသမားအဖြစ် ကင်ပွန်းတပ်ခံချင်သည့် အူစိန်ဘော့

    အကြီးကျယ်ဆုံး ကစားသမားအဖြစ် ကင်ပွန်းတပ်ခံချင်သည့် အူစိန်ဘော့

    သြဂုတ် ၁၉၊ ၂၀၁၆
    M-Meida

    bolt

    – ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးတွင် ကျင်းပပြုလုပ်နေသော အိုလံပစ်ပြိုင်ပွဲတွင် သမိုင်းသစ် ရေးထိုးနိုင်ခဲ့သည့် ဂျမေကာအပြေးသမား အူစိန်ဘော့က ၎င်းအနေဖြင့် မိုဟာမက်အလီ၊ ပီလီတို့ကဲ့သို့ အကြီးကျယ်ဆုံးကစားသမား ဖြစ်ချင်သည်ဟု ပြောကြားလိုက်သည်။

    အူစိန်ဘော့မှာ မီတာ ၁၀၀၊ မီတာ ၂၀၀ နှင့် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုများ ရရှိခဲ့ပြီး အိုလံပစ် ၃ကြိမ်ဆက် ကစားနည်း ၃ မျိုးစလုံးတွင် ရွှေဆုများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းကမူ ပီလီ၊ မိုဟာမက်အလီနှင့် အမေရိကန် ရေကူးသမား မိုက်ကယ် ဖဲလ်ပ်ကဲ့သို့ ဖြစ်ချင်သည်ဟု ဆိုသည်။

    “အကြီးကျယ်ဆုံးကစားသမားဖြစ်အောင် ကြိုးစားနေပါတယ်။ အလီနဲ့ ပီလီတို့လိုပါ” ဟု မီတာ ၂၀၀ ပြိုင်ပွဲတွင် ပန်းဝင်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ပြောကြားခဲ့သည်။

    ထို့ပြင် နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင်လည်း အူစိန်ဘော့က မိမိအနေဖြင့် မီဒီယာများက မည်သို့ရေးမည်ကို စောင့်ကြည့်နေသည်ဟု ပြောကြားခဲ့သည်။

    “မီဒီယာက ဘာရေးမလဲ။ သူတို့ကျွန်တော့်ကို ဘယ်လိုအဆင့်မျိုးထားပြီး ရေးမလဲဆိုတာ စောင့်ကြည့်နေပါတယ်။ ဒီအချိန်ရောက်ရှိလာဖို့အတွက် ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက်လုံး၊ ကျွန်တော့်တစ်ဘ၀လုံး ကြိုးစားခဲ့ရတာပါ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို အားကစားလောကမှာ အကြီးကျယ်ဆုံးသူတစ်ယောက်အဖြစ် ရေးသားမယ်လို့ မျှော်လင့်ပါတယ်” ဟု အူစိန်ဘော့က ပြောကြားခဲ့သည်။

    အူစိန်ဘော့မှာ အိုလံပစ်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်း ၁၉ ခုကို သိမ်းပိုက်ထားပြီး ယခုအိုလံပစ်က ၎င်း၏ နောက်ဆုံးအိုလံပစ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်ဟာ အကြီးကျယ်ဆုံး အားကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ဒီအတွက်ပဲ ကျွန်တော် ဒီကိုလာခဲ့တာပါ။ ဒ့ါကြောင့်ပဲ ကျွန်တော့်ရဲ့ နောက်ဆုံး အိုလံပစ်လို့ ပြောခဲ့တာပါ”

    Ref : Aljazeera