သြဂုတ် ၂၆၊ ၂၀၁၆
M-Media
– သြဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်သွားသော ငလျင်ကြောင့် ပြိုကျပျက်ဆီးသွားသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များ ပြည်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် မိမိတို့အနေဖြင့် ကူညီပေးသွားမည်ဟု ကုလသမဂ္ဂ ပညာရး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ပြောကြားလိုက်သည်။
ပြင်းအား ၆.၈ ရှိပြီး မြေအောက်အနက် ကီလိုမီတာ ၈၀ ကျော်တွင် လှုပ်ခတ်သွားခဲ့သည့် အဆိုပါငလျင်ကြောင့် ရှေးဟောင်းသမိုင်းဝင် ပုဂံဒေသမှ စေတီပုထိုးပေါင်း ၁၈၄ ဆူ ထိခိုက်ပျက်ဆီးခဲ့ပြီး နိုင်ငံအလယ်ပိုင်း အချို့ဒေသများမှ စေတီအချို့နှင့် အဆောက်အဦးအချို့လည်း ပျက်ဆီးခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။
ယူနက်စကို၏ အာရှပစိဖိတ်ဆိုင်ရာ Facebook စာမျက်နှာဖြစ်သော UNESCO Asia-Pacific တွင် ငလျင်ကြောင့် သေဆုံးမှုများ၊ သမိုင်းအမွေအနှစ် ပျက်ဆီးဆုံးရှုံးမှုများအတွက် အလွန်အမင်းစိတ်ထိခိုက်ရကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ငလျင်ကြောင့် ထိခိုက်ခဲ့သည့် နေရာများအား ဇုန် ၁၁ ခုခွဲကာ အဖွဲ့ ၁၁ ခုစေလွှတ်၍ စစ်ဆန်းမှုပြုလုပ်ရန် တာဝန်ပေးထားပြီး၊ မြန်မာအစိုးရ၏ ထိုဆောင်ရွက်မှုတွင် ပံ့ပိုးကူညီရန်အတွက် မိမိတို့ထံမှ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ထားသည်ဟု ယူနက်စကိုက ထည့်သွင်းဖော်ပြခဲ့သည်။
ယူနက်စကိုမှာ လက်ရှိတွင် ပုဂံရှေးဟောင်းဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် စာရင်းသွင်းနိုင်ရေး အဆိုပြုတင်ပြရန်အတွက် အချက်အလက်များစုဆောင်းကာ အစီရင်ခံစာရေးသားမှုတွင် မြန်မာအစိုးရနှင့်အတူ အနီးကပ်ဆောင်ရွက်နေကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းဝင် အမွေအနှစ်များကို ပြန်လည်ပြင်ဆင်ထန်းသိမ်းရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းများတွင် မြန်မာအစိုးရနှင့် မိတ်ဖက်အဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်း ကတိပြုခဲ့သည်။
Ref: Facbook page of UNESCO Asia-Pacific


Leave a Reply
You must be logged in to post a comment.