ကမန်တိုင်းရင်းသားတွေအနေနဲ့ ပြည်တွင်းမှာ အထောက်အထားမလိုဘဲ လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန တာဝန်ရှိသူတွေက ကမန်အမျိုးသား တိုးတက်ရေး ပါတီနဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေရဲ့ ညွန်ကြားချက်နဲ့ မြို့နယ်တိုင်းကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ တွေ့ဆုံခဲ့တဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။
အရင်က ကမန်တိုင်းရင်းသားတွေဟာ ပြည်နယ် အစိုးရနဲ့ သက်ဆိုင်ရာမြို့နယ်လဝကရုံးတွေမှာ ထောက်ခံချက်ရယူရပြီးမှသာ ရက်အကန့်အသတ်နဲ့ သွားလာခွင့်ရရှိတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ ကမန်တိုင်းရင်း သားတွေရဲ့ နေအိမ်တွေပြန်လည် တည်ဆောက်ပေးဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကို တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ ကမန်တိုင်းရင်းသား ကလေး ငယ်တွေရဲ့ ပညာရေးကိစ္စတွေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေးကိစ္စတွေကိုလည်း ဝန်ကြီးချုပ် ဦးညီပုနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တာဝန်ရှိသူတွေကို တွေ့ဆုံတင်ပြသွားဖို့ရှိပါတယ်။
တစ်နိုင်ငံလုံးမှာ ကမန်တိုင်းရင်းသား အရေအတွက် ငါးသောင်းဝန်းကျင်ရှိပြီး ကမန်တိုင်းရင်းသား တွေဟာ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ အများဆုံးနေထိုင်ကြတာဖြစ်ပါတယ်။
ဓါတ်ပုံအညွှန်း- ( ကမန်အမျိုးသားတိုးတက်ရေးပါတီ(ဗဟို)မှ ပါတီခေါင်းဆောင်များကို သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် )
Photo: ကမန်အမျိးသားတိုးတက်ရေးပါတီ/ Facebook