News @ M-Media

Blog

  • အီရတ်ရှိ IS ၏ နောက်ဆုံးခံတပ်မြို့ကို ထိုးစစ်ဆင်မှု အောင်မြင်မှု ရနေ

    အီရတ်ရှိ IS ၏ နောက်ဆုံးခံတပ်မြို့ကို ထိုးစစ်ဆင်မှု အောင်မြင်မှု ရနေ

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media

    kurd

    – IS အကြမ်းဖက်အဖွဲ့က သိမ်းဆည်းထားပြီး အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မူဆိုးလ်မြို့အနီးမှ ရွာ ၅ ရွာကို ကာ့ဒ်တပ်ဖွဲ့များက ယမန်နေ့တွင် လွတ်မြောက်စေခဲ့ပြီး၊ မြို့တစ်ခုလုံး လွတ်မြောက်ရေးအတွက် မဟာမိတ်တပ်များက ကြိုးပမ်းနေသည်ဟု သိရသည်။

    တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၅ နာရီခွဲဝန်းကျင်၌ မိုဆူးလ်မြို့အရှေ့ဘက် ခဇားရ်ဒေသတွင် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး IS စစ်သွေးကြွများနှင့် အကြီးအကျယ် တိုက်ပွဲဖြစ်ကာ Tal Hamid ရွာ၊ Qarqasha ရွာ၊ Abzakh ရွာ၊ Dasht Takh ရွာတို့ကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    စစ်ဆင်ရေးများ ပြုလုပ်နေစဉ်အတွင်း ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ယာဉ်နှစ်စီးကို ဖျက်စီးပစ်ခဲ့ကြောင်း သိရသည်။ ကာ့ဒ်သတင်းရင်းမြစ်များကမူ ကာ့ဒ်တပ်ဖွဲ့များမှာ တနင်္ဂနွေနေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ IS လက်ထဲမှ အနည်းဆုံးရွာ ၁၁ ရွာခန့်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    မိုဆူးလ်မြို့အနီး စစ်မြေပြင်၌ အလွန်အမင်း ထိခိုက်ခံစားခဲ့ရသောကြောင့် IS အကြမ်းဖက်သမားများမှာ ယင်းအရပ်၌ ရှိသော အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့များကို အကြမ်းဖက်မှုများ တိုးမြှင့်ပြုလုပ်ခဲ့သည်။

    Ref : Presstv

  • ချို့တဲ့သူများကို ပျော်ရွှင်စေမည့် အိုလံပစ်စားဖိုမှူးများ၏ ဒါန

    ချို့တဲ့သူများကို ပျော်ရွှင်စေမည့် အိုလံပစ်စားဖိုမှူးများ၏ ဒါန

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media

    chef

    – ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမှာ ကျင်းပပြုလုပ်နေတဲ့ အိုလံပစ်ပြိုင်ပွဲက ပိုလျှံတဲ့အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ကာ ချို့တဲ့သူတွေကို ဝေငှလှူဒါန်းမယ့် အစီအစဉ်တစ်ခုကို နိုင်ငံတကာ စားဖိုမှူးတွေက စတင်လိုက်တယ်လို့ သိရပါတယ်။

    စီးပွားရေး အကျပ်ရိုက်မှု ကြီးကြီးမားမားရှိနေတဲ့ ဘရာဇီလ်းနိုင်ငံဟာ ၃၁ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲကို အခက်အခဲတွေကြားက ကျင်းပရတာဖြစ်ပြီး ဝေဖန်မှုတွေကိုလည်း တော်တော်များများ ရင်ဆိုင်ခဲ့ရပါတယ်။

    အီတလီစားဖိုမှူး မက်ဆီမို ဘိုတူရာနဲ့ ဘရာဇီးလ်စားဖိုမှူး ဒေးဗစ်ဟာ့ဇ်တို့ စတင်တဲ့ အစားသောက်ဝေငှမယ့် ဒီလှုပ်ရှားမှုကို RefettoRio Gastromotiva လို့ အမည်ပေးထားပြီး ကစားသမားတွေနဲ့ ပရိတ်သတ်တွေ နားခိုဖို့ စီစဉ်ပေးထားတဲ့ ‘အိုလံပစ်ရွာ’ က စားကြွင်းစားကျန်တွေနဲ့ တစ်နေ့ကို အပွဲ ၅၀၀၀ လောက် ပြင်ဆင်ချက်ပြုတ်ပေးတာ ဖြစ်ပါတယ်။

    “RefettoRio Gastromotiva အစီအစဉ်မှာ ရောင်းပန်းမလှတဲ့ အသီးအနှံတွေ၊ အရွက်တွေ၊ မကြာခင်ရက်လွန်တော့မယ့် ဒိန်ချဉ်တွေလို အလဟသဖြစ်တော့မယ့် အစားအသောက်တွေနဲ့ စီစဉ်ချက်ပြုတ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဆာလောင်မှုကို တိုက်ဖျက်ချင်ပြီး ကောင်းမွန်တဲ့ အစားအစာတွေကို ပေးချင်ပါတယ်” လို့ ဟာ့ဇ်က ဆိုပါတယ်။

    ဒီလှုပ်ရှားမှုကို အိုလံပစ်အလွန် ပါရာလမ်ပစ်မှာလည်း ဆက်လက်ဆောင်ရွက်ဖို့ရှိနေပြီး နောက်ပိုင်းမှာတော့ ‘လူမှု ၀န်ဆောင်မှု’ အစီအစဉ်အဖြစ် အသွင်ပြောင်းသွားမယ်လို့ ဟာ့ဇ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    စားဖိုမှူး၊ မုန့်ဖုတ်သူနဲ့ စားပွဲထိုးတွေအပါအ၀င် ထိုလှုပ်ရှားမှုမှာ ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ စားသောက်ဆိုင်ဝန်ထမ်းတွေကိုလည်း စနစ်တကျ သင်တန်းတွေပေးသွားဖို့ ရှိနေပါတယ်။

    အခု ဒီလှုပ်ရှားမှုကို ၂၀၁၅ ခုနှစ် Milan World Expo ကုန်စည်ပြပွဲမှာ စားဖိုမှူး ၆၅ ဦးပါဝင်ကာ ဆောင်ရွက်ခဲ့တဲ့ Refetterio Ambrosiano လှုပ်ရှားမှုကို အာကျပြီး ဆောင်ရွက်တာဖြစ်တယ်လို့ စားဖိုမှူး ဘိုတူရာက ပြောကြားခဲ့ပါတယ်။

    Ref: independent

  • ရော်နယ်ဒို၏ စွမ်းဆောင်ရည်က မယုံနိုင်စရာကောင်းသည်ဟု ကာကာပြော

    ရော်နယ်ဒို၏ စွမ်းဆောင်ရည်က မယုံနိုင်စရာကောင်းသည်ဟု ကာကာပြော

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media

    kaka

    – ရီးယဲလ်မက်ဒရစ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို၏ စိတ်ဓာတ်လှုံ့ဆော်မှုနှင့် စွမ်းရည်တို့ကို မိမိအနေဖြင့် ထိတ်လန့်မိသည်ဟု ရီးယဲလ်တိုက်စစ်မှူးဟောင်း ကာကာက ၀န်ခံခဲ့ပြီး ရော်နယ်ဒိုမှာ စွမ်းရည်ကျဆင်းမည်မဟုတ်ဟု ပြောကြားလိုက်သည်။

    မေလက ရီးယဲလ်မက်ဒရစ်အား ချန်ပီယံလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သည့် ရော်နယ်ဒိုမှာ ဇူလိုင်လက ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင်လည်း ပေါ်တူဂီအသင်းအား ပထမဆုံး နိုင်ငံတကာဆုဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ၎င်း၏ အောင်မြင်မှုအမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

    ၂၀၀၉ ခုနှစ်မှာ ၂၀၁၃ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်တွင် ရော်နယ်ဒိုနှင့်အတူ တွဲကစားခဲ့ဖူးသည့် ကာကာက ရော်နယ်ဒို၏ မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်မှုအတွက် ချီးကျူးခဲ့သည်။

    “မယုံနိုင်စရာပါပဲ။ သူ့ဟာ ပိုပိုကောင်းလောနိုင်တယ်ဆိုတာ နှစ်တိုင်း သက်သေပြခဲ့ပါတယ်။ နှစ်တိုင်း သူဟာ ရှေ့ဆက်ဖို့၊ ဂိုးတွေသွင်းဖို့၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ဖို့ လှုံ့ဆော်မှုတွေ ရှိပါတယ်။ တစ်ခါတစ်ရံ ခင်ဗျားရဲ့ ကစားသမားဘ၀မှာ အောင်မြင်မှုတွေအများကြီး ရတဲ့အခါ ကြိုးစားအားထုတ်မှု နည်းနည်း လျော့နည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူကတော့ မက်ဆီလို မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ ၂ ယောက်ဟာ ဖလားအားလုံးရခဲ့ပြီး နောက်ထပ် ရလိုစိတ်ရှိသူတွေပါ။ သူတို့ဟာ အကောင်းဆုံး ကစားသမားတွေ ဆက်ဖြစ်ချင်နေကြတာပါ။ မယုံနိုင်စရာပါပဲ” ဟု ကာကာက ပြောကြားခဲ့သည်။

    Ref : Goal

  • တိုက်ပွဲများကြောင့် ဆီးရီးယားတွင် ၂ ရက်အတွင်း သေဆုံးသူ အရပ်သား ၂၀၀ နီးပါးရှိ

    တိုက်ပွဲများကြောင့် ဆီးရီးယားတွင် ၂ ရက်အတွင်း သေဆုံးသူ အရပ်သား ၂၀၀ နီးပါးရှိ

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media

    syria

    – ပြည်းတွင်းစစ်အရှိန် ပြင်းထန်နေသည့် ဆီးရီးယားနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့သည်ဟု ပြည်တွင်း တက်ကြွလှုပ်ရှားသူ အဖွဲ့များက ပြောကြားလိုက်သည်။

    သောကြာနေ့ကတည်းကစ၍ သေဆုံးသူ ပြည်သူအရေအတွက်မှာ ၁၈၀ ကျော်ရှိပြီး ကလေးငယ် ၂၂ ဦး၊ အမျိုးသမီး ၂၃ ဦး ပါဝင်သည်ဟု Local Coordination Committees က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့တွင် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၉၀ ရှိခဲ့ပြီး၊ စနေနေ့ညက သေဆုံးမှုမှာ ၈၃ ဦးရှိကာ အများစုမှာ အဲလစ်ပိုပြည်နယ်တွင်ဖြစ်သည်။

    ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ SOHR ကမူ လွန်ခဲ့သည့် ၁၅ ရက်အတွင်း အဲလစ်ပို၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် သေဆုံးသူ အရပ်သားအရေအတွက်မှာ ၃၂၇ ဦးရှိပြီး ကလေးငယ် ၇၆ ဦးနှင့် အမျိုးသမီး ၄၁ ဦး ပါဝင်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သော စာရင်း၌ ဖော်ပြထားသည်။

    ထိုအထဲမှ ၁၀၀ ကျော်မှာ ဆီးရီးယားအစိုးတပ်များ၏ တိုက်လေယာဉ်များမှ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၁၂၆ ဦးမှာ အစိုးရက ထိန်းချုပ်ထားသည့် အဲလစ်ပိုအစိတ်အပိုင်းများအား သူပုန်များက တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ မြို့ဆင်ခြေဖုံးတွင် အစိုးရ၏ ဗုံးကြဲမှုကြောင့် နောက်ထပ် ၉၄ ဦး သေဆုံးခဲ့သည်။

    Ref: Aljzeera

  • ချန်ပီယံ အရှုံးနဲ့စဖွင့်ပြီး နည်းပြသစ်များ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ

    ချန်ပီယံ အရှုံးနဲ့စဖွင့်ပြီး နည်းပြသစ်များ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲ

    သြဂုတ် ၁၅၊ ၂၀၁၆
    M-Media

    epl 1

    – ကမ္ဘာ့အကောင်းဆုံးနည်းပြသစ်တွေစုဝေးရာ ၂၀၁၆-၁၇ ပရီးရီးယားလိဂ် ရာသီသစ်ကို အခုတစ်ပတ်မှာ စတင်ခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာကတော့ တန်းတက် ဟားလ်စီးတီးအသင်းကို ကစားကွက်အသာ ဂိုးသွင်းခွင့်အသာ ရခဲ့ပေမယ့် အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပထမပိုင်း နာကျင်အချိန်ပိုမှာ ဂိုးပေးလိုက်ရတဲ့ လက်စတာ ဒုတိယပိုင်းအစမှာပဲ မဟ်ရက်ဇ်ရဲ့ ပင်နယ်တီနဲ့ ချေပဂိုးရခဲ့ပေမယ့် ၅၇ မိနစ်မှာ အဘဲလ် ဟာနန်ဒက်ဇ်ရဲ့ သွင်းဂိုးကိုတော့ ချေပနိုင်ခြင်း မရှိခဲ့ပါဘူး။

    epl 2

    မော်ရင်ဟိုရဲ့ မန်ယူကလည်း အဖွင့်ပွဲမှာ မျက်နှာပန်းလှခဲ့ပြီး ဘုန်းမောက်ကို အဝေးကွင်းမှာ သက်တောင့်သက်သာ ကစားကာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူအတွက် ဂိုးတွေကိုတော့ မာတာ၊ ရူနီနဲ့ အီဗရာဟီမိုဗစ်တို့က သွင်းယူပေးခဲ့တာပါ။

    epl 3

    မန်စီးတီးနဲ့ ဂွါဒီယိုလာရဲ့ အဖွင့်ပွဲစဉ်မှာတော့ အိမ်ကွင်းမှာ ဆန်းဒါးလန်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းနီးပါးလောက်အထိရှိခဲ့တဲ့ မန်စီးတီး ဂိုးတွေကိုတော့ ပင်နယ်တီနဲ့ ဆန်းဒါးလန်းကစားသမားရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။

    အာဆင်နယ်နဲ့ လီဗာပူးလ်တို့ပွဲကတော့ ဒီတစ်ပတ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲဖြစ်ခဲ့ပြီး ကလော့ပ်လက်အောက်မှာ လီဗာပူးလ်အသင်းရဲ့ တစ်စတစ်စတိုးတက်လာမှုကို မြင်တွေ့ခဲ့ရပါတယ်။ ၂၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ၀င်အောင်မသွင်းနိုင်တဲ့ ဝေါလ်ကော့ ၃၁ မိနစ်မှာ အာဆင်နယ်အတွက် အဖွင့်ဂိုး သွင်းခဲ့ပေမယ့် ၄၅၊ ၄၉၊ ၅၆၊ နဲ့ ၆၃ မိနစ်တွေမှာ လီဗာပူးလ်အသင်းက ၄ ဂိုးဆက်တိုက် သွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ပွဲပြီးသလောက် ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ချိန်ဘာလိန်နဲ့ ကော်လန်ချိန်ဘာတို့က အိမ်ရှင်အတွက် ချေပဂိုးတွေ ပြန်သွင်းခဲ့ပေမယ့် ပွဲအဖြေကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။

    epl 4ပရီးမီးယားလိဂ်အဖွဲ့ပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဟားလ်စီးတီး ၂-၁ လက်စတာ
    ဘန်လေ ၀-၁ ဆွမ်ဆီး
    ခရစ္စတယ်ပဲလေ့စ် ၀-၁ ၀က်စ်ဘရွန်း
    အဲဗာတန် ၁-၁ စပါး
    မစ်ဒယ်ဘရော့ ၁-၁ စတုတ်
    ဆောက်သက်တမ် ၁-၁ ၀က်ဖို့ဒ်
    မန်စီးတီး ၂-၁ ဆန်းဒါးလန်း
    ဘုန်းမောက် ၁-၃ မန်ယူ
    အာဆင်နယ် ၃-၄ လီဗာပူးလ်