သြဂုတ် ၈၊ ၂၀၁၆
M-Media

– ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေသော ပလက်ဝဒေသမှာ ရခိုင်ပြည်နယ်က ပိုင်ဆိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဦးအေးမောင်၏ ပြောကြားမှုကို ချင်းတိုင်းရင်းသားလူငယ်များနှင့် ချင်းနိုင်ငံရေးသမားများက ကန့်ကွက်လိုက်ပြီး တိုင်းရင်းသားများအကြား ပဋိပက္ခများ ဖြစ်ပွားနိုင်သည့် မှတ်ချက်မျိုးဖြစ်သည်ဟု သတိပေးခဲ့သည်။
ကလားတန်မြစ်ပေါ်တွင်ရှိသည့် အဆိုပါပလက်ဝဒေသမှာ ချင်းခေါင်းဆောင်များနှင့် ရခိုင်ခေါင်းဆောင်များက ၎င်းတို့ပြည်နယ်များ၏ ပိုင်နက်ဖြစ်သည်ဟု ကာလကြာရှည်အငြင်းပွားခဲ့သည့် ဒေသဖြစ်သည်။
ဇူလိုင်လနှောင်းပိုင်းက ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလူငယ်များ ညီလာခံတွင် ဦးအေးမောင်က ထိုပလက်ဝဒေသမှာ မိမိတို့ ရခိုင်ပြည်နယ်က ပိုင်ဆိုင်သည့် အစိတ်အပိုင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ချင်းပြည်နယ်ထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ တောင်ပေါ်ဒေသဖြစ်တဲ့ ပလက်ဝဟာ ဖဆပလအစိုးရလက်ထက် ၁၉၅၃-၅၄ မှာမှ ချင်းပိုင်နက်ထဲ ရောက်ခဲ့တာပါ” ဟု ဦးအေးမောင်က ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထိုမှတ်ချက်နှင့်ပတ်သက်၍ ချင်းလူငယ်များက ဇူလိုင်လ ၃၁ ရက်နေ့တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဦးအေးမောင်၏ မှတ်ချက်ကို ရှုတ်ချကြောင်း၊ ထိုပြောကြားမှုက ကာလရှည်ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကို မီးလောင်ရာလေပင့်စေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။
“သူ့ရဲ့ပြောဆိုမှုတွအတွက် သူ့ကို တာဝန်ယူစေချင်ပါတယ်။ အငြင်းပွားပိုင်နက်ကိစ္စကို အစဖော်တာဟာ တိုင်းရင်းသား လူမျိုးစုနှစ်ခုကြားမှာ ပဋိပက္ခတွေ ဖြစ်လာစေနိုင်ပါတယ်” ဟု ညီလာခံသို့ တက်ရောက်ခဲ့သည့် ချင်းလူငယ်တစ်ဦးဖြစ်သူ Salai Robert Thawng Ling က ပြောကြားခဲ့သည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအေးမောင်၏ ထိုမှတ်ချက်အား ဆိုရှယ်မီဒီယာအသုံးပြုသူများကလည်း ရှုတ်ချခဲ့ကြပြီး သြဂုတ်လ ၂ ရက်နေ့က ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပလက်ဝဒေသနှင့် ချင်းပြည်နယ်တို့၏ သမိုင်းကြောင်းနှင့်ယှဉ်၍ ဆက်နွယ်နေမှုကို ဖော်ပြထားသော ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
ထိုကြေငြာချက်တွင် ချင်းလူမျိုးများမှာ ပလက်ဝဟုခေါ်သည့် ဒေသတွင် ဗြိတိသျှ ကိုလိုနီမဖြစ်ခင်ကတည်း အခြေချနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗြိတိသျှအုပ်စိုးမှုအောက် ၁၈၉၆ တွင် ပလက်ဝဒေသကို ချင်းတောင်တန်းဒေသတွင် ထည့်သွင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ပလက်ဝဒေသအား ရခိုင်ပြည်နယ်၏ အစိတ်အပိုင်းဖြစ်သည် သို့မဟုတ် ယခင်ကဖြစ်ခဲ့သည်ဟု ပြောဆိုသည့် မည်သူကိုမဆို ကန့်ကွက်ရှုတ်ချသွားမည်ဖြစ်ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောကြားခဲ့သည်။
“၁၈၉၆၊ ၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈ ခုနှစ် ဥပဒေတွေအရ ချင်းလူမျိုးတွေကသာ ပလက်ဝရဲ့ မူလပိုင်ရှင်တွေပါ။ အခုအချိန်ဟာ စည်းလုံးဖို့ ကြိုးစားရမယ့်အချိန်ပါ။ နောက်ဆက်တွဲအကျိုးဆက်တွေကို အရင်မစဉ်းစားဘဲ ထင်ရာမပြောသင့်ပါဘူး။ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ နားလည်မှုလွဲမှားတာတွေ ဖြစ်လာနိုင်ပါတယ်” ဟု ပါတီဥက္ကဌ Ngai Sak က ပြောကြားခဲ့ပြီး ရခိုင်အမျိုးသားပါတီအနေဖြင့် ၀ါဒဖြန်မှုများကို ရပ်တန့်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
Ref: mmtimes