News @ M-Media

Blog

  • အိန္ဒိယ၏ သံမဏိအမျိုးသမီး ၁၆ နှစ်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်

    အိန္ဒိယ၏ သံမဏိအမျိုးသမီး ၁၆ နှစ်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်

    သြဂုတ် ၁၁၊ ၂၀၁၆
    M-Media

    india

    – အိန္ဒိယ၏ လူ့အခွင့်အရေး ဗိသုကာများအနက်မှ ကျော်ကြားသူတစ်ဦးဖြစ်သော အိုင်းရွန်း ရှာမီလာမှာ ၁၆ နှစ်ကြာ အစာငတ်ခံ ဆန္ဒပြခြင်းကို အင်္ဂါနေ့က အဆုံးသတ်ခဲ့သည်ဟု သိရသည်။

    အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့များကို အာဏာအလွဲသုံးစား ပြုလုပ်ခွင့်ရှိစေမည့် အငြင်းပွားဖွယ်ရာ ‘လက်နက်ကိုင်တပ်ဖွဲ့များ အထူးအာဏာဆိုင်ရာအက်ဥပဒေ’ (AFSPA) ပြဌာန်းခဲ့မှုအပေါ် သူမက ဆန့်ကျင်ကာ ၂၀၀၀ ခုနှစ်ကတည်းက အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ပလက်စတစ်ပြွန်တစ်ခုဖြင့်သာ အစာကျွေးခဲ့ရသည်။

    ‘မဏိပူရ၏ သံမဏိအမျိုးသမီး’ ဟု ထင်ရှားသည့် ရှာမီလာမှာ သူမ၏ ဇာတိမြို့ အင်ဖာတွင် အင်္ဂါနေ့က သတင်းထောက်များရှေ့၌ ပျားရည်သောက်သုံးပြခြင်းဖြင့် ဆန္ဒပြမှုကို အဆုံးသတ်ခဲ့သည်။

    “အဲ့ဒါကို ပြောင်းလဲနိုင်တဲ့ စွမ်းအား ကျွန်မ လိုချင်ပါတယ်၊ ကျွန်မ မဏိပူရပြည်နယ် ၀န်ကြီးချုပ် ဖြစ်ချင်ပါတယ်” ဟု အသက် ၄၄ နှစ်အရွယ် ရှိပြီဖြစ်သည့် ရှာမီလာက သတင်းထောက်များအား ပြောကြားခဲ့ပြီး သူမ၏ဆန္ဒပြည့်ဝရန် ၂၀၁၇ အစောပိုင်းတွင် ပြုလုပ်ရန်ရှိနေသည့် ပြည်နယ်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုသည်။

    AFSPA အက်ဥပဒေမှာ နိုင်ငံအရှေ့မြောက်ပိုင်း ဒေသကဲ့သို့သော မတည်မငြိမ်ဖြစ်နေသည့် သေတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထူးလုပ်ပိုင်ခွင့်များပေးထားသည့် ဥပဒေဖြစ်ပြီး ရှာမီလာကမူ ထိုဥပဒေကို တိုက်ဖျက်ရန်အတွက် သူမ၏ အစာငတ်ခံ ဆန္ဒပြမှုက အရာရောက်မည်ဟု မယုံကြည်တော့ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကလည်း ထိုဥပဒေရုပ်သိမ်းရန်အတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှု စတင်သင့်သည်ဟုလည်း အကြံပြုခဲ့ကြသည်။

    Ref : IINA

  • အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး ညီလာခံတစ်ခု အင်ဒိုတွင် ကျင်းပ

    အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး ညီလာခံတစ်ခု အင်ဒိုတွင် ကျင်းပ

    သြဂုတ် ၁၁၊ ၂၀၁၆
    M-Media

    counter

    – ကြီးထွားလာနေသော အကြမ်းဖက်ဝါဒ၏ ခြိမ်းခြောက်မှုကို တိုက်ထုတ်ရာတွင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခုကို အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည်ဟု သိရသည်။

    အဆိုပါ ညီလာခံကို ဗုဒ္ဓဟူးနေ့ ဘာလီအပန်းဖြေကျွန်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်တာ ကြာမြင့်ခဲ့ကာ နိုင်ငံပေါင်း ၂၀ မှ အစိုးရနှင့် လုံခြုံရေးပညာရှင်များ တက်ရောက်ခဲ့ကြသည်။

    တက်ရောက်လာသူများမှာ မကြာသေးမီက ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများအား တန်ပြန်တိုက်ထုတ်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး၊ အကြမ်းဖက်ဝါဒထံ ငွေကြေးများ စီးဆင်းနေမှုကို ဟန့်တားနိုင်ရေးအတွက် သတင်းအချက်များမျှဝေရေး၊ ထိရောက်သည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆော်သြခဲ့ကြသည်။

    “အကြမ်းဖက်သမားတွေအနေနဲ့ အင်တာနက်ပေါ်မှာ ၀ါဒဖြန့်လှုံ့ဆော်တာ၊ လူသစ်စုဆောင်းတာ၊ အွန်လိုင်းတိုက်ခိုက်မှုနဲ့ အွန်လိုင်းရာဇ၀တ်မှုတွေ မပြုလုပ်နိုင်အောင် ဆိုက်ဘာနည်းပညာကို အသုံးချသင့်ပါတယ်” ဟု ယင်းဆွေးနွေးပွဲ၌ ဥက္ကဌအဖြစ် တာဝန်ယူသည့် အင်ဒိုနီးရှား လုံခြုံရေးဆိုင်ရာဝန်ကြီး ၀ီရန်တိုက ပြောကြားခဲ့သည်။

    အစည်းအဝေးသို့ တက်ရောက်လာကြသူများကသတင်းအချက်အလက် မျှဝေခြင်းနှင့် နယ်စပ်ဒေသများ အကောင်းဆုံးထိန်းချုပ်ခြင်း စသည့် နည်းလမ်းများမှတစ်ဆင့် နိုင်ငံရပ်ခြားမှ ပြန်ရောက်လာသည့် အကြမ်းဖက်သမားများကို စောင့်ကြည့်ရေး လိုအပ်ချက်၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြခဲ့သည်။

    ကုလ၏ အကြမ်းဖက်တိုက်ဖျက်ရေးကော်မတီ အမှုဆောင်ဒါရိုက်တာအဖွဲ့ CTED မှ လက်ထောက်အမှုဆောင်ဒါရိုက်တာ ချန်ဝေဇွန်းလည်း ထိုညီလာခံကို တက်ရောက်ခဲ့ပြီး မိမိတို့အဖွဲ့မှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်နှင့် အစွန်းရောက်ဝါဒ၏ မောင်းနှင်များအားကို ဖြေရှင်းရန်အတွက် အဖွဲ့ဝင်နိုင်ငံများကို ထောက်ခံအားပေးသည်ဟု ပြောကြားခဲ့သည်။

    Ref : Presstv

  • ဘာလ်တီမိုးရဲတပ်ဖွဲ့ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ကန်တရားရေးဌာန ပြော

    ဘာလ်တီမိုးရဲတပ်ဖွဲ့ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ကန်တရားရေးဌာန ပြော

    သြဂုတ် ၁၁၊ ၂၀၁၆
    M-Media

    baltimore

    – ယမန်နှစ်က လူမည်းအကျဉ်းသားတစ်ဦးဖြစ်သူ ဖရက်ဒီဂရေး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲစုံစမ်းစစ်ဆေးရာတွင် ဘာလ်တီမိုးရဲတပ်ဖွဲ့မှာ အခြေခံဥပဒေက ပြဌာန်းထားသော ခံစားခွင့်များကို အမြဲလိုလို ချိုးဖောက်လေ့ရှိကြောင်း တွေ့ရှိခဲ့သည်ဟု အမေရိကန် တရားရေးဌာနက ပြောကြားလိုက်သည်။

    ၂၀၁၅ ခုနှစ် ဧပြီလက ဂရေးသေဆုံးပြီး သိပ်မကြာခင် စတင်ခဲ့သည့် အဆိုပါစုံစမ်းစစ်ဆေးမှု၏ ရလဒ်ကို ယမန်နေ့ မနက်ပိုင်းက ဘာလ်တီမိုးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ဂရေး၏သေဆုံးမှုကြောင့် ဘာလ်တီမိုးတွင် အဓိကရုဏ်းများ၊ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့၏ အပြုအမူနှင့်ပတ်သက်၍ ဝေဖန်မှုများ နိုင်ငံတစ်ဝှမ်း ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် လူမည်းများအား လူမျိုးရေးခွဲခြားက ပစ်မှတ်ထားသည့် ရဲတပ်ဖွဲ့၏လုပ်ရပ်ကို ဆန့်ကျင်သည့် Black Lives Matter လှုပ်ရှားမှုလည်း ပေါ်ပေါ်လာခဲ့သည်။

    ယခုတရားရေးဌာန၏ စာမျက်နှာ ၁၆၃ မျက်နှာပါဝင်သော အစီရင်ခံစာတွင် ဘာလ်တီမိုးရဲတပ်ဖွဲ့မှာ မြို့အတွင်းနေထိုင်သော လူမည်းများကို ဦးတည်သည့် ဥပဒေပ ရပ်တန့်စစ်ဆေးမှုများ၊ ရှာဖွေမှုများနှင့် ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ရဲတပ်ဖွဲ့မှာ အင်အားအလွန်အကျွံသုံးခြင်း၊ ဥပဒေဘောင်အတွင်းမှ ဆန္ဒပြသူများကို ပြန်လည်လက်စားချေခြင်း စသည်တို့လည်း ပြုလုပ်ခဲ့သည်ဟု တရားရေးဌာနက ပြောကြားခဲ့သည်။

    ဂရေးသေဆုံးမှုအတွက် ဘာလ်တီမိုးရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင် ၆ ဦးကို တရားစွဲဆိုခဲ့သော်လည်း ၄ ယောက်မှာ တရားသေ လွတ်မြောက်ခဲ့သည်။

    Ref; Aljazeera

  • ဆန္ဒပြသူများအား အီသီယိုးပီးယားအစိုးရက ပစ်သတ်မှု ကုလရှုတ်ချ

    ဆန္ဒပြသူများအား အီသီယိုးပီးယားအစိုးရက ပစ်သတ်မှု ကုလရှုတ်ချ

    သြဂုတ် ၁၁၊ ၂၀၁၁
    M-Media

    ethiopia

    – အစိုးရ၏ ဒေသဖွံ့ဖြိုးရေးစီမံကိန်းကို မကျေနပ်၍ ဆန္ဒပြသူ ပြည်သူများအား အီသီိုးပီးယား အစိုးရက သတ်ဖြတ်မှုကို ကုလသမ္မက လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဖီအစ်ဒ် ရာအဒ် အလ် ဟူစိန်က ရှုတ်ခလိုက်ပြီး ထိုကိစ္စကို စုံစမ်းစစ်ဆေးနိုင်ရေး နိုင်ငံတကာ စူးစမ်းလေ့လာသူများကို ၀င်ရောက်ခွင့်ပေးရန်လည်း တိုက်တွန်းလိုက်သည်။

    ယခုနှစ်ဇန်န၀ါရီလက အိုရိုမီယာနှင့် အမ်ဟာရာဒေသများရှိ လယ်ယာမြေများကို အီသီယိုးပီားးအစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ခဲ့ပြီးကတည်းကစ၍ ထိုဒေသရှိ ပြည်သူများက ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အစိုးရက ဆန္ဒပြခေါင်းဆောင်များကို ဖမ်းဆီးခဲ့မှုကြောင့် လူထုအုံကြွမှုမှာ အရှိန်မြင့်လာခဲ့သည်။

    ပြီးခဲ့သည့်သီတင်းပတ်အဆုံးတွင် ဆန္ဒပြသူများကို အစိုးရတပ်များက နှိမ်နင်းရာအတွင် လူ ၉၀ ခန့်သေဆုံးခဲ့ပြီး အလ်ဟူစိန်ကမူ ထိုကဲ့သို့ အင်အားအလွန်အကျွံသုံးစွဲမှုကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး မိမိတို့ရုံးမှာ အီသီယိုးပီးယား အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဆန္ဒပြသူများ စတင်အသတ်ခံရသည့် ဇန်န၀ါရီလကတည်းက အီသီယိုးပီးယားအစိုးရမှာ စုံးစမ်းစစ်ဆေးမှု ပြုလုပ်ရန်နှင့် တာဝန်ခံရန်အတွက် စစ်မှန်သည့် ကြိုးစားမှုမျိုး မတွေ့ရသေးဟုလည်း ၎င်းက ထည့်သွင်းပြောကြးခဲ့သည်။

    Ref: Aljazeera

  • အဲလစ်ပိုတွင် နေ့စဉ် ၃ နာရီ အပစ်ရပ်ပေးမည်ဟု ရုရှားကြေငြာ

    အဲလစ်ပိုတွင် နေ့စဉ် ၃ နာရီ အပစ်ရပ်ပေးမည်ဟု ရုရှားကြေငြာ

    သြဂုတ် ၁၁၊ ၂၀၁၆
    M-Media

    al

    – ဆီးရီးယားအစိုးရတပ်နှင့် သူပုန်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည့် အဲလစ်ပိုမြို့တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မြို့တွင်းသို့ ၀င်ရောက်နိုင်ရန်အတွက် ရုရှားစစ်တပ်က နေ့စဉ် ၃ နာရီကြာ အပစ်ရပ်ပေးမည်ဟု ကြေငြာခဲ့သည်။

    သူပုန်များ ထိန်းချုပ်ထားရာ ထိုမြို့အား အစိုးရတပ်များက ပိတ်ဆို့ထားမှုကို ပြီးခဲ့သည့်တစ်ပတ်က ဖောက်ထွက်ရင်း တိုက်ပွဲများပြင်းထန်လာခြင်းဖြစ်ပြီး ဒေသခံပြည်သူများမှာလည်း မြို့တွင်းတွင် ပိတ်မိနေသည်။ ရုရှား၏ ယခုအပစ်ရပ်မှုမှာ နေ့စဉ် မနက် ၁၀ နာရီမှ နေ့လည့် ၁ နာရီအထိဖြစ်ပြီး ကြာသာပတေးနေ့ (ယနေ့) တွင် စတင်မည်ဖြစ်ကာ မြေပြင်တိုက်ခိုက်မှု၊ လေကြောင်းမှ တိုက်ခိုက်မှု၊ အမြောက်များဖြင့် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်သွားမည်ဟု ဆိုသည်။

    ကုလသမဂ္ဂကမူ တစ်ပတ်လျှင် ၄၈ နာရီ အပစ်ရပ်ပေးရန် စောစောပိုင်းက တောင်းဆိုခဲ့ပြီး ယခု တစ်နေ့ ၃ နာရီ အပစ်ရပ်ပေးမှုမှာ ပြည်သူများ၏ လိုအပ်ချက်များအတွက် မလုံလောက်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့သာ ၃ နာရီအပစ်ရပ်ရေးကမ်းလှမ်းရင် ခင်ဗျားတို့က ဒီ ၃ နာရီနဲ့ ဘာလုပ်လို့ရမှာလဲလို့ မေးလိမ့်မယ်။ ဒီအချိန်က လုံလောက်ပါ့မလား။ အကူအညီနည်းနည်းလေးပေးဖို့တောင် လုံလောက်ပါ့မလား” ဟု ကုလမှ ထိပ်တန်းတာဝန်ရှိသူ စတီဖင် အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

    Ref: Aljazeera