News @ M-Media

သြဂုတ်လအကုန်ထိ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန် ကြေညာထား

သြဂုတ် ၁၃ ၊ ၂၀၁၆
M-Media
သတင်း- သူရိန်
14030754_10202258875549526_1429514587_n

၂၀၁၆ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအနေဖြင့် ၎င်းတို့ ရရှိသည့် အမှတ်စာရင်းဖြင့် မိမိတို့ ရွေးချယ်လိုသော တက္ကသိုလ်များကို လျှောက်ထားကြရန် သက်ဆိုင်ရာက ကြေညာထားသည်။

ဝင်ခွင့်လျှောက်ထားမည့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ အနေဖြင့် သြဂုတ်လ ၁၇ ရက်နေ့မှ စ၍ သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများ ဖြစ်သည့် အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများထံတွင် မိမိတို့ အောင်မြင်ခဲ့သည့် အမှတ်စာရင်း အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်နှင့် လျှောက်လွှာပုံစံအိတ်များကို ကျပ်ရှစ်ရာ ပေးသွင်း၍ ထုတ်ယူနိုင်ကြောင်း သိရသည်။

တက္ကသိုလ် ဝင်ခွင့် လျှောက်ထားရာတွင် မိမိတို့ရရှိသည့် ဝင်ခွင့် ရမှတ်များဖြင့် ရွေးချယ်တက်ရောက်လိုသော သင်တန်းများသို့ ဦးစားပေးလျှောက်ထားရမည် ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ စိစစ်ရွေးချယ်မည် ဖြစ်သည်။

ထိုသို့ ရွေးချယ်ရာတွင် တက္ကသိုလ် ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့သည် အမှတ်အများဆုံးရသည့် လျှောက်ထားသူ၏ ကတ်ပြားမှ စ၍ အမှတ်အနည်းအများအလိုက် ကတ်ပြားတစ်ခုချင်းတွင် ဖော်ပြထားသော ဦးစားပေးအစီအစဉ်များ အတိုင်း စိစစ်ဆောင်ရွက်မည် ဟုသိရသည်။ လျှောက်ထားသူ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများ အနေဖြင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအလိုက် လက်ခံရန်သတ်မှတ်ထားသည့် ဦးရေ အတိုင်း တက္ကသိုလ် ၊ ဒီဂရီကောလိပ် ၊ ကောလိပ်များသို့ တက်ရောက်ခွင့်ရရှိမည်လည်း ဖြစ်သည်။

ယခုနှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ရမှတ်မှာ အမျိုးသားများအတွက် ၅၀၁ မှတ်ဖြစ်ကာ အမျိုးသမီးများအတွက် ၅၁၀ မှတ်ဖြစ်သည်။ ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ ဝင်ခွင့်ရမှတ်မှာ အမျိုးသားများအတွက် ၄၉၈ မှတ်ဖြစ်ပြီး အမျိုးသမီးများအတွက် ၄၈၀ မှတ်ဖြစ်သည်။

တပ်မတော် နှင့်ဆိုင်သော စစ်တက္ကသိုလ်များကိုမူ သက်ဆိုင်ရာ စစ်ဌာနချုပ်များမှ တဆင့် တပ်မတော် ဗိုလ်ရွေးအဖွဲ့သို့ သီးခြား လျှောက်ထားရမည်ဖြစ်ပြီး တက္ကသိုလ် အသီးသီးအတွက် ဝင်ခွင့် ရမှတ်များကို ၂၀၁၆ ခုနှစ် တက္ကသိုလ် ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် အသေးစိတ်ဖော်ပြထားကြောင်း သိရသည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ရန်ကုန်မြို့ တက္ကသိုလ်နယ်မြေ သထုံလမ်းရှိ အခြေခံပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ စနေတနင်္ဂနွေအပါအဝင်  သြဂုတ်လ ၃၁ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

Comments

Leave a Reply