News @ M-Media

Blog

  • ရခိုင်ပါတီခေါင်းဆောင် ဦးအေးမောင်၏ နယ်မြေပိုင်ဆိုင်လိုမှု မှတ်ချက်အား ချင်းတိုင်းရင်းသားများ ရှုတ်ချ

    ရခိုင်ပါတီခေါင်းဆောင် ဦးအေးမောင်၏ နယ်မြေပိုင်ဆိုင်လိုမှု မှတ်ချက်အား ချင်းတိုင်းရင်းသားများ ရှုတ်ချ

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    aye maung

    – ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေသော ပလက်ဝဒေသမှာ ရခိုင်ပြည်နယ်က ပိုင်ဆိုင်သည်ဟု ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဦးအေးမောင်၏ ပြောကြားမှုကို ချင်းတိုင်းရင်းသားလူငယ်များနှင့် ချင်းနိုင်ငံရေးသမားများက ကန့်ကွက်လိုက်ပြီး တိုင်းရင်းသားများအကြား ပဋိပက္ခများ ဖြစ်ပွားနိုင်သည့် မှတ်ချက်မျိုးဖြစ်သည်ဟု သတိပေးခဲ့သည်။

    ကလားတန်မြစ်ပေါ်တွင်ရှိသည့် အဆိုပါပလက်ဝဒေသမှာ ချင်းခေါင်းဆောင်များနှင့် ရခိုင်ခေါင်းဆောင်များက ၎င်းတို့ပြည်နယ်များ၏ ပိုင်နက်ဖြစ်သည်ဟု ကာလကြာရှည်အငြင်းပွားခဲ့သည့် ဒေသဖြစ်သည်။

    ဇူလိုင်လနှောင်းပိုင်းက ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလူငယ်များ ညီလာခံတွင် ဦးအေးမောင်က ထိုပလက်ဝဒေသမှာ မိမိတို့ ရခိုင်ပြည်နယ်က ပိုင်ဆိုင်သည့် အစိတ်အပိုင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ချင်းပြည်နယ်ထဲသို့ ထည့်သွင်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ တောင်ပေါ်ဒေသဖြစ်တဲ့ ပလက်ဝဟာ ဖဆပလအစိုးရလက်ထက် ၁၉၅၃-၅၄ မှာမှ ချင်းပိုင်နက်ထဲ ရောက်ခဲ့တာပါ” ဟု ဦးအေးမောင်က ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

    ထိုမှတ်ချက်နှင့်ပတ်သက်၍ ချင်းလူငယ်များက ဇူလိုင်လ ၃၁ ရက်နေ့တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဦးအေးမောင်၏ မှတ်ချက်ကို ရှုတ်ချကြောင်း၊ ထိုပြောကြားမှုက ကာလရှည်ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုကို မီးလောင်ရာလေပင့်စေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

    “သူ့ရဲ့ပြောဆိုမှုတွအတွက် သူ့ကို တာဝန်ယူစေချင်ပါတယ်။ အငြင်းပွားပိုင်နက်ကိစ္စကို အစဖော်တာဟာ တိုင်းရင်းသား လူမျိုးစုနှစ်ခုကြားမှာ ပဋိပက္ခတွေ ဖြစ်လာစေနိုင်ပါတယ်” ဟု ညီလာခံသို့ တက်ရောက်ခဲ့သည့် ချင်းလူငယ်တစ်ဦးဖြစ်သူ Salai Robert Thawng Ling က ပြောကြားခဲ့သည်။

    ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအေးမောင်၏ ထိုမှတ်ချက်အား ဆိုရှယ်မီဒီယာအသုံးပြုသူများကလည်း ရှုတ်ချခဲ့ကြပြီး သြဂုတ်လ ၂ ရက်နေ့က ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပလက်ဝဒေသနှင့် ချင်းပြည်နယ်တို့၏ သမိုင်းကြောင်းနှင့်ယှဉ်၍ ဆက်နွယ်နေမှုကို ဖော်ပြထားသော ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

    ထိုကြေငြာချက်တွင် ချင်းလူမျိုးများမှာ ပလက်ဝဟုခေါ်သည့် ဒေသတွင် ဗြိတိသျှ ကိုလိုနီမဖြစ်ခင်ကတည်း အခြေချနေထိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗြိတိသျှအုပ်စိုးမှုအောက် ၁၈၉၆ တွင် ပလက်ဝဒေသကို ချင်းတောင်တန်းဒေသတွင် ထည့်သွင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။

    ထို့ပြင် ပလက်ဝဒေသအား ရခိုင်ပြည်နယ်၏ အစိတ်အပိုင်းဖြစ်သည် သို့မဟုတ် ယခင်ကဖြစ်ခဲ့သည်ဟု ပြောဆိုသည့် မည်သူကိုမဆို ကန့်ကွက်ရှုတ်ချသွားမည်ဖြစ်ကြောင်း ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောကြားခဲ့သည်။

    “၁၈၉၆၊ ၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈ ခုနှစ် ဥပဒေတွေအရ ချင်းလူမျိုးတွေကသာ ပလက်ဝရဲ့ မူလပိုင်ရှင်တွေပါ။ အခုအချိန်ဟာ စည်းလုံးဖို့ ကြိုးစားရမယ့်အချိန်ပါ။ နောက်ဆက်တွဲအကျိုးဆက်တွေကို အရင်မစဉ်းစားဘဲ ထင်ရာမပြောသင့်ပါဘူး။ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ နားလည်မှုလွဲမှားတာတွေ ဖြစ်လာနိုင်ပါတယ်” ဟု ပါတီဥက္ကဌ Ngai Sak က ပြောကြားခဲ့ပြီး ရခိုင်အမျိုးသားပါတီအနေဖြင့် ၀ါဒဖြန်မှုများကို ရပ်တန့်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

    Ref: mmtimes

  • ပါကစ္စတန်ရှိ ဆေးရုံ၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

    ပါကစ္စတန်ရှိ ဆေးရုံ၌ အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    paki 2

    – ပါကစ္စတန်နိုင်ငံ ဘာလိုချစ္စတန်ပြည်နယ် ကွေတာမြို့ရှိ ဆေးရုံ၌ ရှေ့နေတစ်ဦး၏ ဈာပနအခမ်းအနား ကျင်းပနေစဉ် အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲတိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၆၀ သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းက သေနတ်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ဘာလိုချစ္စတန် ရှေ့နေများအသင်းမှ ဥက္ကဌဖြစ်သူ ဘီလာလ် အန်ဝါရ် ကာစီ၏ ဈာပနအခမ်းအနားဖြစ်ပြီး ဆေးရုံ၏ အရေးပေါ်ဌာနတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရှေ့နေများ၊ ဂျာနယ်လစ်များအပါအ၀င် လူပေါင်း ရာချီတက်ရောက်ခဲ့ကြသည်။

    တိုက်ခိုက်မှုမှာ အရေးပေါ်ဌာန၏ အ၀င်အ၀တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် ဂျာနယ်လစ် ၂ ဦး ပါဝင်ခဲ့ကာ ကျန်ဂျာနယ်လစ်များမှာလည်း ဒဏ်ရာများရရှိခဲ့ကြသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

    ကာစီအသတ်ခံရမှုနှင့် ယခု အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်းမရှိသေးပေ။

    အီရန်နှင့် အာဖဂန်နစ္စတန်တို့နှင့် နယ်နမိတ်ချင်း ထိစပ်သေနည့် ဘာလိုချစ္စတန်ပြည်နယ်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များ ပေါကြွယ်ဝပြီး စွန်နီ၊ ရှီယိုက်နှင့် ခွဲထွက်ရေးသူပုန်များအကြား တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများဖြစ်ရာ ဒေသဖြစ်သည်။

    Ref: Aljazeera

  • ပါကစ္စတန်ရှိ အလ်ဟူဒါစင်တာက အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ဆုတစ်ခု ဆွတ်ခူး

    ပါကစ္စတန်ရှိ အလ်ဟူဒါစင်တာက အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ ဆုတစ်ခု ဆွတ်ခူး

    သြဂုတ် ၈၊ ၂၀၁၆
    M-Media

    al huda

    – ပါကစ္စတန်အခြေစိုက် အစ္စလာမ့်နည်းကျဘဏ်လုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ အလ်ဟူဒါ (CIBE) စင်တာမှာ ၂၀၁၅-၁၆ ခုနှစ်အတွက် အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အကောင်းဆုံး အသိပညာပေးသူအဖြစ် နိုင်ငံတကာ ဆုတစ်ခုကို မကြာသေးမီက ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    တောင်အာရှ အစ္စလာမ့်ဘဏ္ဍာရေးဖိုရမ် (IFFSA) က ချီးမြှင့်သည့် ဆုဖြစ်ပြီး သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပခဲ့သော ဆုပေးပွဲအခမ်းအနားသို့ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်မှ ဘဏ္ဍာရေး၊ အရင်းအနှီးဈေးကွက်နှင့် ဆက်စပ်နေသော ကိုယ်စားလှယ်များ၊ ဗဟိုဘဏ်၊ စီးပွားရေးဘဏ်များမှကိုယ်စားလှယ်များ၊ ဘဏ်အမှုဆောင်အရာရှိများ တက်ရောက်ခဲ့သည်ဟု CIBE အမှုဆောင်ချုပ် မိုဟာမက် ဇူဘဲရ် မူဂါလ်က စနေနေ့တွင် ပြောကြားခဲ့သည်။

    အစ္စလာမ်မစ်ဖွံ့ဖြိုးရေးဘဏ် (ICD) ၏ ၂၀၁၅ အစီရင်ခံစာအရ CIBE မှာ နှီးနှောဖလှယ်ပွဲများ စီစဉ်ရာတွင်လည်းကောင်း၊ အစ္စလာမ့်ဘဏ်စနစ်နှင့် ငွေကြေးလုပ်ငန်းအတွက် ကမ္ဘာတစ်ဝှမ်း သင်တန်းပေးရာတွင် လည်းကောင်း ထိပ်ဆုံးတွင် ရှိနေခဲ့ပြီး အစ္စလာမ့်ဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာ ညီလာခံများ စီစဉ်ရာတွင် အဆင့် ၃ နေရာ၌ ရှိကြောင်း သိရသည်။

    မူဂါလ်ကမူ မိမိတို့စင်တာမှာ လွန်ခဲ့သည့် ၁၁ နှစ်တာကာလအတွင်း နိုင်ငံပေါင်း ၄၀ ကျော်၌ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ အသိပညာပေးမှုနှင့် စွမ်းဆောင်ရည်မြင့်တက်ရေးအစီအစဉ်ပေါင်း ၁၀၀၀ ကျော် ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံပေါင်းမျာစွာမှာ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများ၊ အစ္စလာမ့်နည်းကျ ငွေချေးကုမ္ပဏီများ၊ အစ္စလာမ့်နည်းကျ ရန်ပုံငွေနှင့် အသေးစား ငွေချေးလုပ်ငန်းများ ထူထောင်ရာတွင် မိမိတို့အနေဖြင့် အကြံဉာဏ်များပေးခဲ့သည်ဟု ဆိုသည်။

    CIBE မှာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း အမျိုးမျိုးနှင့်ပတ်သက်၍ အွန်လိုင်းသင်ခန်းစာများကိုလည်း သင်ကြားပေးနေသည်။

    Ref : IINA

  • ဟဂ်ျလမ်းညွှန် စမတ်ဖုန်း ဆော့ဖ်ဝဲသစ် ထွက်ရှိ

    ဟဂ်ျလမ်းညွှန် စမတ်ဖုန်း ဆော့ဖ်ဝဲသစ် ထွက်ရှိ

    သြဂုတ် ၇၊ ၂၀၁၆
    M-Media

    hajj e mabrooj

    – ဟဂ်ျနှင့် အွမ္မရာပြုလုပ်ရာတွင် ဆောင်ရန်၊ ရှောင်ရန်များကို စမတ်ဖုန်းများဖြင့် အလွယ်တကူ ကြည့်ရှုနိုင်မည့် Hajj-e-Mabroor အက်ပလီးကေးရှင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆိုပါဆော့ဖ်ဝဲကို နာမည်ကြီး အစ္စလာမ့်ဓမ္မပညာရှင် ဒေါက်တာ မိုဟာမက် နာဂျစ်ဘ် ကွာစ်မီက စီစဉ်ဖန်တီးခဲ့ခြင်းဖြစ်သည်။

    အူရဒူ၊ အင်္ဂလိပ်နှင့် ဟင်ဒီဘာသာစကားများဖြင့် အသုံးပြုနိုင်မည့် အဆိုပါဆော့ဖ်ဝဲကို iPhone နှင့် Android နှစ်မျိုးစလုံးအတွက် ရရှိနိုင်မည်ဖြစ်ပြီး Play Store နှင့် App Store များတွင် Hajj-e-Mabroor သို့မဟုတ် Najeeb Qasimi ဟု သော အမည်များဖြင့် ရှာဖွေကာ အခမဲ့ ထည့်သွင်းနိုင်မည်ဖြစ်သည်။

    ထိုဆော့ဖ်ဝဲတွင် ဟဂ်ျနှင့်အွမ္မရာပြုလုပ်ခြင်းဆိုင်ရာ စာအုပ်လေးအုပ်၊ သင်ခန်းစာ ၉ ခု၊ ဟဂ်ျနှင့်အွမ္မရာပြုလုပ်ပုံနည်းလမ်း၊ ရုပ်ပုံဖြင့် ဖော်ပြချက်၊ တစ်နာရီစာ အမေးအဖြေများနှင့် ဆောင်းပါး ၂၃ ပုဒ် ကို ၀င်ရောက်ဖတ်ရှုနိုင်မည် ဖြစ်ပြီး ဟဂ်ျကျင့်စဉ်များ ပြုလုပ်ရမည့် မက္ကာဟ်၊ မီနာ၊ မွတ်ဇ်ဒါလီဖာနှင့် အာရာဖတ် ခရီးစဉ်တစ်လျှောက်လုံးအတွက် အသုံးဝင်မည်ဖြစ်သည်။

    အက်ပလီကေးရှင်းတွင် ပါဝင်သည့် အကြောင်းအရာအားလုံးမှာ ဟဂ်ျပြုသူဦးရေ တိုးပွားလာမှု၊ မစ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့ထားမှု အပါအ၀င် လက်ရှိ ဟဂ်ျပြုရမည့် အခြေအနေများနှင့် ကိုက်ညီစွာ ရေးသားထားခြင်းဖြစ်ပြီး ဟဂ်ျပြုသူတစ်ဦးအနေဖြင့် ထိုဆော့ဖ်ဝဲကို ဆောင်ထားပါက လုံလောက်မည်ဖြစ်သည်။

    ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ့်ဓမ္မတက္ကသိုလ်များနှင့် အသင်းအဖွဲ့များမှာ ထိပ်တန်းဓမ္မပညာရှင်များကလည်း ထိုအက်ပလီကေးရှင်းအတွက် ထောက်ခံချက်များကို ရေးပေးထားသည်။

    Ref : IINA

  • သင်္ဃန်းကျွန်း ရဲစခန်းမှုးနှင့် လဝက အရာရှိကို လူတစု မှ ဝတ္တရားနှောက်ယှက် ဖိအားပေးခဲ့

    သင်္ဃန်းကျွန်း ရဲစခန်းမှုးနှင့် လဝက အရာရှိကို လူတစု မှ ဝတ္တရားနှောက်ယှက် ဖိအားပေးခဲ့

    သြဂုတ် ၈ ၊ ၂၀၁၆
    M-Media
    .
    သင်္ဃန်းကျွန်း ရဲစခန်းက စခန်းမှုနှင့် လဝက အရာရှိ ကို လူတစု မှ ဝတ္တရားနှောက်ယှက် ဖိအားပေးခဲ့တဲ့ ဗီဒီယို ဖိုင်တခုကို အမည်မဖော်လိုတဲ့ CJ တစ်ဦးက M-Media ကို ပေးပို့လာပါတယ်။
    .
    ပြီးခဲ့တဲ့ ဇူလိုင်လက သင်္ဃန်းကျွန်းမြို့နယ် တိုးချဲ့ရပ်ကွက်မှာ ခိုက်ရန်ဖြစ်ပွားတဲ့ ကိစ္စကို အခြေခံပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂဆိုတဲ့ အဖွဲ့နဲ့ အမျိုးသား လှုပ်ရှားသူများဟု ဆိုသူများရဲ့ လှုံဆော်ရေးသားမှုတွေ၊ ဖိအားပေးမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း သြဂုတ်လ ၅ ရက်နေ့က အဆိုပါရပ်ကွက်မှ လူ ၂၀ ကျော်ကို ဧည့်စာရင်း စစ်သည့် ဟုဆိုက ဝင်ရောက်စစ်ဆေးပြီး ခံဝန်လက်မှတ်ထိုးပြီး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
    .
    နောက်နေ့မနက်မှာတော့ အဆိုပါ လူ ၂၀ ကျော်ကို ပြန်လည်ခေါ်ယူပြီး သင်္ဃန်းကျွန်းမြို့နယ် တရားရုံးဘေးက ပြည်သူ့ ၀န်ဆောင်မှုရုံး ထိန်းသိမ်းထားတာ ၂ ရက်ရှိခဲ့ပြီး ဒီကနေ့ မနက်မှာတော့ တရားရုံးတင် ရုံးထုတ်မှာ ဖြစ်ကြောင်း  ဒေသခံ မသီတာ က VOA က မေးမြန်းတဲ့ သတင်းမှာ ပြောပြပါတယ်။ ဘာစွဲချက်နဲ့ တရားရုံးတင်မယ်ဆိုတာ ကိုတော့ ဘယ်သူကိုမှ မေးလို့ မရကြောင်း သူမက ပြောပြပါတယ်။
    .
    သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ်  ဦးနေဘုန်းလတ်က တော့ သင်္ဃန်းကျွန်းမြို့နယ်မှာ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုတဲ့ အဖွဲ့ကနေ ဘာသာရေးအဓိက ရုန်းဖြစ်အောင် စည်းရုံးလှုံဆော်နေတာကြောင့် အစိုးရဘက်က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေကြောင်းပြောကြားခဲ့ကြောင်း VOA သတင်းတပုဒ်မှာ ဖော်ပြပါတယ်။