News @ M-Media
Blog
  • ဘရာဇီးလ်အိုလံပစ်တွင် ဗုံးလန့်
    ဘရာဇီးလ်အိုလံပစ်တွင် ဗုံးလန့်
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    robot
    – ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ကျင်းပလျက်ရှိနေသည့် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွင် ဗုံးလန့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု သိရသည်။
    ကိုပါကာဘာနာဒေသရှိ ကမ်းခြေဘောလီဘောကွင်းအနီးတွင် သံသယဖြစ်ဖွယ် အနက်ရောင် ကျောပိုးအိတ်တစ်လုံးကို တွေ့ရှိရာမှ ဗုံးဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က သတင်းပေးမှု ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒေသစံတော်ချိန် သြဂုတ်လ ၅ ရက် ည ၈ နာရီ ၄၀ ခန့်တွင် ထိုဒေသအား ရဲတပ်ဖွဲ့ ပိတ်ပစ်ခဲ့ကာ ပတ်ဝန်းကျင်တွင် ရှိသူများကိုလည်း ကယ်ဆယ်ခဲ့သည်။
    ထို့နောက် ဗုံးရှင်းတပ်ဖွဲ့များနှင့် ဗုံးရှာစက်ရုပ် ရောက်ရှိလာခဲ့ပြီးနောက် စစ်ဆေးရာတွင် ကျောပိုးအိတ်ထဲ၌ မည်သည့် ပေါက်ကွဲစေတတ်သော ပစ္စည်းမှ မပါရှိသည်ကို တွေ့ရှိခဲ့ရပြီး ရှင်းလင်းမှုများမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။ ထို့နောက် ထိုဒေသအား ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။
    Ref: RT
  • မွေးနေ့ကိတ်ဖယောင်းတိုင်မှ မီးလောင်မှုကြောင့် ပြင်သစ်တွင် လူ ၁၃ ဦး သေဆုံး
    မွေးနေ့ကိတ်ဖယောင်းတိုင်မှ မီးလောင်မှုကြောင့် ပြင်သစ်တွင် လူ ၁၃ ဦး သေဆုံး
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    fire
    – ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသ မြို့တော် ရူအန်တွင် မွေးနေ့ကိတ် ဖယောင်းတိုင်မီးမှ အစပြုကာ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
    သြဂုတ်လ ၅ ရက်နေ့ သန်းခေါင်းယံအချိန်တွင် ရူအန်မြို့အတွင်းရှိ အရက်ဘားတစ်ခု၌ လူငယ်တစ်စုက မွေးနေ့ပါတီ ကျင်းပနေစဉ် ထိုကဲ့သို့ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ဝန် ဗွန်ရောဘတ်ကမူ မီးလောင်မှုမှာ မတော်တဆမှုမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ထိုအဖြစ်အပျက်မှာ အဆိုးဝါးဆုံး ဖြစ်ရပ်ဆိုးကြီးဖြစ်သည်ဟုလည်း ၎င်းက ကင်ပွန်းတပ်ခဲ့သည်။
    ပြင်သစ် ပြည်ထဲရေးဝန်ကြီးကလည်း ထိုအဖြစ်အပျက်အတွင်း ၁၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိမှုကို အတည်ပြုခဲ့ပြီး မီးလောင်နေသည့်ဘားအား ငြှိမ်းသတ်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကျော် အသုံးပြုခဲ့ရသည်ဟု ဆိုသည်။
    မီးလောင်မှုမှာ မွေးနေ့ကိတ်တွင် ထိန်းညှိထားသော ဖယောင်းတိုင် အောက်သို့ ပြုတ်ကျခဲ့ပြီးနောက် ကောဇောများကို မီးလောင်ရာမှ အစပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပိုလီစထရင်းဖြင့် ပြုလုပ်ထားသည့် မျက်နှာကျက်ကို မီးကူးကာ ထွက်လာသော အဆိပ်ငွေ့များက လူငယ်များကို သေဆုံးစေခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    Ref: RT
  • စစ်ဘေးရှောင် အီရတ်ပြည်သူ ၃၀၀၀ ကို IS ဖမ်းဆီး
    စစ်ဘေးရှောင် အီရတ်ပြည်သူ ၃၀၀၀ ကို IS ဖမ်းဆီး
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    UNHCR
    – တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ အီရတ်ပြည်သူ ၃၀၀၀ ခန့်ကို IS အကြမ်းဖက်သမားတွေက ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှာ အဲဒီအထဲက ၁၂ ယောက်ကို သတ်ဖြတ်လိုက်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြာကြားလိုက်ပါတယ်။
    အီရတ်လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က အယောက် ၁၀၀ ကနေ ၁၂၀ လောက်ရှိတဲ့ IS စစ်သွေးကြွတွေဟာ အရပ်သား ၁၉၀၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ကြာသာပတေးနေ့က ကြေငြာချက် ထုတ်ပြန်အပြီးမှာ ကုလရဲ့ ဒီသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
    အဆိုပါ လူ့အခွင့်အရေးအဖွဲ့က IS တွေဟာ အီရတ်လုံခြုံရေးတပ်တွေနဲ့ တိုက်ခိုက်တဲ့အခါ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုကြကြောင်း၊ ဒါ့အပြင် လူတော်တော်များများကိုလည်း သတ်ဖြတ်ခဲ့ပြီး ၆ ယောက်ကို မီးရှို့ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
    ကုလရဲ့ အစီရင်ခံစာမှာတော့ IS အကြမ်းဖက်အဖွဲ့ဟာ ကာကတ်ဒေသ ဟာဝေဂျာခရိုင်က ရွာတွေကနေ ကာကတ်မြို့ကိုသွားဖို့ ကြိုးစားနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
    “သတင်းတွေအရ စစ်ဘေးရှောင်ပြည်သူ ၁၂ ယောက်ဟာ ဖမ်းဆီးခံရမှုအတွင်းမှာ အသတ်ခံခဲ့ရပါတယ်” လို့ UNHCR ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
    လက်ရှိအချိန်မှာ အီရတ်က IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ မူဆိုးလ်မြို့ကိုသိမ်းပိုက်ရေး အီရတ်စစ်တပ်နဲ့ စေတနာ့ဝန်ထမ်း တပ်ဖွဲကတွေက ဆောင်ရွက်နေကြပြီး၊ မူဆိုးလ်မြို့ကို လွတ်မြောက်စေပြီးတဲ့အခါမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ကုလက ဒေါ်လာ ၂ ဘီလီယံလောက် တောင်းခံထားပေးမယ့် အခုအချိန်အထိတော့ အလှူငွေ လက်ခံရရှိခြင်း မရှိသေးပါဘူး။
    Ref : Presstv
  • အသက် ၁၃ နှစ်က ရီးယဲလ်သို့ရောက်ခဲ့သည်ဟု နေးမာ ဖွင့်ဟ
    အသက် ၁၃ နှစ်က ရီးယဲလ်သို့ရောက်ခဲ့သည်ဟု နေးမာ ဖွင့်ဟ
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    neymar
    – မိမိအနေဖြင့် အသက် ၁၃ နှစ်အရွယ်က ရီးယဲလ်တွင် အစမ်း လာရောက်ကစားခဲ့ရပြီး ထိုအချိန်က မိမိမှာ ဥရောပသို့ ပြောင်းရွှေ့ရန် အဆင်သင့်မဖြစ်သေးဟု ခံစားခဲ့ရသောကြောင့် ရီးယဲလ်သို့ မရောက်ခဲ့ခြင်းဟု ဘာကာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။
    လက်ရှိတွင် ဘာစီလိုနာနှင့် အောင်မြင်နေသည့် နေးမာမှာ ၂၀၀၅ ခုနှစ်က ရီးယဲလ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သော်လည်း ဆန်းတို့စ်တွင်ပင် ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ နောက်ထပ် ၈ နှစ်အကြာတွင်မူ ၎င်းမှာ ဘာစီလိုနာသို့ ရောက်ရှိခဲ့သည်။
    နေးမာကမူ မိမိ ရီးယဲလ်သို့ ရောက်လာသည့်အခါ သက်တောင့်သက်သာမဖြစ်ခဲ့ဟု ဆိုသည်။
    “ကျွန်တော့် အသက် ၁၃ နှစ်ပဲ ရှိသေးပြီး ဥရောပကို ပထမဆုံးအကြိမ် ရောက်လာတာပါ။ အဲဒီတုန်းက သက်တောင့်ဖြစ်တယ်လို့ မခံစားခဲ့ရပါဘူး။ ပျော်လည်းမပျော်ဘူး၊ ဘရာဇီးလ်ရဲ့ ပြင်ပမှာနေဖို့ အရမ်းငယ်သေးတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော် အလျင်မလိုခဲ့သလို၊ အရေးပေါ်အခြေအနေမျိုးလည်း မဟုတ်ခဲ့ပါဘူး။ အဲဒီတုန်းက အဓိကအချက်ဟာ ကျွန်တော် ပျော်ရွှင်ဖို့နဲ့ ဖရော်ဖက်ရှင်နယ်ကစားသမား ဖြစ်လာဖို့ပါ။ အဲဒီတော့မှ ကျွန်တော်ဟာ ဥရောပမှာ ကစားနိုင်မှာ ဖြစ်ပါတယ်” ဟု နေးမာက ပြောကြားခဲ့သည်။
    နေးမာမှာ လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ကိုပါဒီရေးတစ်ကြိမ်၊ ကမ္ဘာ့ကလပ်ချန်ပီယံ တစ်ကြိမ်တို့ ဆွတ်ခူးထားသည်။
    Ref: Goal
  • အငြင်းပွားကျွန်းအနီး သင်္ဘောများ ခုတ်မောင်းမှု တရုတ်ကို ဂျပန် ကန့်ကွက်
    အငြင်းပွားကျွန်းအနီး သင်္ဘောများ ခုတ်မောင်းမှု တရုတ်ကို ဂျပန် ကန့်ကွက်
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    japan 3
    – အရှေ့တရုတ်ပင်လယ်အတွင်းမှာ ဂျပန်နဲ့ တရုတ် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းရဲ့ ရေပိုင်နက်အနီး တရုတ်ရဲ့ ကမ်းခြေစောင့်သင်္ဘောတွေနဲ့ ငါးဖမ်းသင်္ဘောတွေ သွားလာမှုအတွက် ဂျပန်က ဆန့်ကျင်ကြောင်း ပြောကြားလိုက်ပြီး ၂ ရက်အတွင်း ဒုတိယမြောက် ကန့်ကွက်မှုလည်း ဖြစ်ပါတယ်။
    ဂျပန်က ဆန်ကာကူလို့ခေါ်ပြီး တရုတ်က ဒေယူးလို့ခေါ်တဲ့ ကျွန်းအနီးမှာဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်ကမ်းခြေစောင့်သင်္ဘော ၇ စီးနဲ့ ငါးဖမ်းသင်္ဘော ၂၃၀ လောက်ဟာ ဂျပန်က ပိုင်ဆိုင်ကြောင်း ကြေငြာထားတဲ့ ရေပိုင်နက်အနီး ဒီနေ့မှာ ခုတ်မောင်းခဲ့ကြတာဖြစ်ကာ ကမ်းခြေစောင့်သင်္ဘော ၄ စင်းမှာတော့ လက်နက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
    တရုတ်ကလည်း ဒီကျွန်းကို ပိုင်ဆိုင်ကြောင်း ကြေငြာထားပြီး ကမ်းခြေစောင့်ရေယာဉ်တွေကို မကြာခဏလွှတ်လေ့ရှိပေမယ့် ငါးဖမ်းသင်္ဘောတွေကိုတော့ အခုလို လွှတ်လေ့မရှိပါဘူး။ ဂျပန်ရဲ့ ဆန့်ကျင်မှုအတွက် တရုတ်ဖက်က ဘာမှ တုန့်ပြန်မှု မရှိသေးပါဘူး။
    Ref: Aljazeera