News @ M-Media
Blog
  • ဆော်ဒီက စရိတ်နည်းဟဂ်ျအစီအစဉ်တစ်ခုကို စီစဉ်ပေး
    ဆော်ဒီက စရိတ်နည်းဟဂ်ျအစီအစဉ်တစ်ခုကို စီစဉ်ပေး
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    hajj
    – ဆော်ဒီအစိုးရမှာ ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီနိုင်ငံသားများနှင့် နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း ၄၉၀၀၀ အတွက် စရိတ်နည်း ဟဂ်ျပြုခွင့် အစီအစဉ်တစ်ခုကို ဖန်တီးပေးခဲ့ပြီး ခရီးသွားကုမ္ပဏီများနှင့် အေဂျင်စီ ၇၆ ခုမှတစ်ဆင့် လျှောက်ထားနိုင်သည်ဟု သိရသည်။
    ဟဂ်ျနှင့် အွမ္မရာဟ်ဆိုင်ရာ ၀န်ကြီးဌာနက ယင်းအစီအစဉ်အတွက် လျှောက်လွှာများကို ကြာသာပတေးနေ့က ခေါ်ယူခဲ့သည်။ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကို အွန်လိုင်းဖြင့်လုပ်ဆောင်ရန် လိုအပ်ပြီး ယင်းကိစ္စဆောင်ရွက်ရန် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ပေးထားသည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
    အစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် လိုအပ်သောအချက်အလက်များ၊ လက်ကိုင်ဖုန်းနံပါတ်ကို ပေးပို့ရမည် ဖြစ်သည်။ ၀န်ကြီးဌာနကမူ ထိုအစီအစဉ်တွင် ၀န်ဆောင်မှုပေးရန် လျှောက်ထားသည့် ဟဂ်ျကုမ္ပဏီအရေအတွက်မှာ ၂၀၀ ကျော်ခဲ့ပြီး ထိုအထဲမှာ ၇၆ ခုကိုသာ ဇကာတင် ရွေးချယ်ခဲ့ကြာင်း၊ မကျေနပ်မှုများရှိပါက ၀န်ကြီးဌာန၏ ပြည့်သူ့ဆက်ဆံရေးဌာနနှင့် ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။
    ဟဂ်ျဘုရာဖူးရာသီအတွက် ဆော်ဒီအစိုးရမှာ ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီး မကြာသေးမီကလည်း မီနာဒေသတွင် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားသည့် လေအေးပေးစက်အသစ် ၈၅၀၀ ကို တပ်ဆင်ခဲ့သည်။
    Ref : IINA
  • မူးယစ်နှိမ်နှင်းရေးတွင် လူ့အခွင့်အရေးကို ဂရုမစိုက်ဟု ဖိလစ်ပိုင်သမ္မတ ပြော
    မူးယစ်နှိမ်နှင်းရေးတွင် လူ့အခွင့်အရေးကို ဂရုမစိုက်ဟု ဖိလစ်ပိုင်သမ္မတ ပြော
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    drug
    – နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် မိမိအနေဖြင့် လူ့အခွင့်အရေးကို ဂရုစိုက်သွားမည်မဟုတ်ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီက ပြောကြားလိုက်ပြီး မူးယစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်နေသည့် အစိုးရတာဝန်ရှိသူများ၏ စာရင်းများကိုလည်း ထုတ်ပြန်လိုက်သည်။
    စုစုပေါင်း ၁၅၈ ဦးပါဝင်သည့် အဆိုပါစာရင်းတွင် တရားသူကြီးများ၊ လွှတ်တော်အမတ်များနှင့် စစ်တပ်အရာရှိများအပါအ၀င် အစိုးရတာဝန်ရှိသူ အများအပြားပါဝင်ခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ခုခံပါက နေရာတွင်ပစ်သတ်ရေး မူဝါဒကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သမ္မတက ဆိုသည်။
    သြဂုတ်လ ၇ ရက်နေ့မနက် ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်အား မိန့်ခွန်းပြောကြားရာတွင် ဒူတာတီက မူးယစ်လုပ်ငန်းနှင့် ပတ်သက်သည့် အစိုးရတာဝန်ရှိသူများမှာ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    စနေနေ့ကလည်း ဖိလစ်ပိုင်သမ္မတမှာ မူးယစ်သမားများအား ‘နေရာတွင်ပစ်သတ်ရေး’ ပေါ်လစီကို မိမိ၏ သမ္မတသက်တမ်း နောက်ဆုံးနေ့အထိ ထားရှိသွားမည်ဟု ပြောကြားခဲ့သည်။
    “လူ့အခွင့်အရေးတွေဘာတွေ ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်အပေါ်မှာ ယုံကြည်ချက်ထားကြပါ”
    မေလက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးနောက်ပိုင်း စတင်ပြုလုပ်ခဲ့သည့် ဒူတာတီ၏ မူးယစ်နှိမ်နင်းရေးတွင် ယခုအချိန်အထိလူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီး ဒေသတွင်း မီဒီယာများကမူ ဖိလစ်ပိုင်အစိုးရမှာ တရားလက်လွတ် သတ်ဖြတ်မှုများ ပြု လုပ်နေသည်ဟု ဖော်ပြမှုများလည်း ရှိနေသည်။
    Ref: Aljazeera
  • အချိန်တိုအတွင်းအောင်မြင်မည့်နည်းလမ်းကို ဂွါဒီယိုလာ ထုတ်ဖော်
    အချိန်တိုအတွင်းအောင်မြင်မည့်နည်းလမ်းကို ဂွါဒီယိုလာ ထုတ်ဖော်
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    gurdi
    – မိမိအနေဖြင့် အသင်းရှိကစားသမားများအကြောင်း သိရှိနားလည်ရန်အတွက် ၎င်းတို့နှင် သွားအတူ စားအတူ နေသွားမည်ဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။
    စပိန်နှင့် ဂျာမနီတို့တွင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နှင့် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သည့် ဂွာဒီယိုလာမှာ ပရီးမီးယားလိဂ်ပွဲထွက်ရန် ပြင်ဆင်နေပြီး အချိန်တိုတိုနှင့် အောင်မြင်မှုရနိုင်ရေး အဓိကကြိုးစားရမည့်ကိစ္စကို ဖွင့်ဟခဲ့သည်။
    “ကစားသမားတွေရဲ့အကြောင်းကိုသိဖို့အတွက် ကျွန်တော်ဟာ သူတို့နဲ့အတူ နေထိုင်ဖို့ လိုပါတယ်။ သူတို့နဲ့ အတူစား၊ အတူသွား၊ အတူ လေ့ကျင့်တာမျိုးဖြစ်ပြီး ဒါမှသာ သူ့တို့အကြောင်း သိမှာပါ။ ရာသီအကြို အခြေအနေတွေအတွက် ကျွန်တော် တော်တော်လေး ကျေနပ်ပါတယ်။ ကစားသမားတွေအားလုံးရဲ့ ကစားပုံနဲ့ပတ်သက်ပြီးလည်း ကျွန်တော် ကျေနပ်ပါတယ်” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ စိတ်ဓာတ်နှင့် အပြုအမူကောင်းမွန်မှသာ အသင်းကောင်းတစ်သင်း ဖြစ်မည်ဖြစ်ပြီး မိမိလိုချင်သည်မှာလည်း ထိုကဲ့သို့ပင်ဖြစ်ကြောင်း၊ မိမိတို့မှာ တစ်ဦးကိုတစ်ဦး ကူညီဖေးမကာ ရှေ့ဆက်ရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    မန်စီးတီးမှာ ယနေ့တွင် အာဆင်နယ်အသင်းနှင့် ခြေစမ်းပွဲကစားရမည်ဖြစ်ပြီး လာမည့် သီတင်းပတ်တွင် ဆန်းဒါးလန်းအသင်းနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲကို စတင်ရမည်ဖြစ်သည်။
    Ref: Goal
  • အကြမ်းဖက်ခံ ဘုန်းကြီးကျောင်းများ ပြင်ဆင်ရေး အင်ဒိုမွတ်စလင်များ ပါဝင်ကူညီပေး
    အကြမ်းဖက်ခံ ဘုန်းကြီးကျောင်းများ ပြင်ဆင်ရေး အင်ဒိုမွတ်စလင်များ ပါဝင်ကူညီပေး
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    indo 3
    – ပြီးခဲ့တဲ့တစ်ပတ် စနေနေ့က အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားဒေသမှာ အစွန်းရောက်အုပ်စုတစ်စုရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး အစိုးရတာဝန်ရှိသူတွေရဲ့ ရှင်းလင်း ပြင်ဆင်ပေးမှုအတွင်းမှာ ဒေသခံမွတ်စလင်တွေလည်း ပါဝင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။
    တန်ဂျုန်ဘာလိုင်းဆိုတဲ့မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ တရုတ်နွယ်ဖွား အမျိုးသမီးတစ်ဦးက ဗလီဝတ်ကျောင်းတော်က ၀တ်ပြုရန်နှိုးဆော်မှုကို ဝေဖန်ပြောဆိုတဲ့ကိစ္စ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံသွားတာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တော်တော်များများ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။
    ဒီအကြမ်းဖက်တဲ့လုပ်ရပ်ကို အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုကိုယ်တိုင် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား အရေးယူဖို့လည်း အမိန့်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ထိုအဖြစ်အပျက်နဲ့ပတ်သက်လို့ လူ ၁၂ ယောက်ကို ဖမ်းဆီးထိန်းသိန်းခဲ့ပြီး မြို့လေးဟာလည်း ပြန်လည်တည်ငြိမ်ခဲ့ပါတယ်။
    နောက်ပိုင်းမှာတော့ အစိုးရဟာ ဖျက်ဆီးခံရတဲ့ ဘုန်းကြီးကျောင်းတွေ သန့်ရှင်းရေးနဲ့ ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရေးကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ဒီလိုဆောင်ရွက်မှုတွေအတွင်းမှာ ဒေသခံမွတ်စလင် ကျောင်းသားလူငယ်လေးဟာလည်း တစ်တပ်တစ်အား ပါဝင်ခဲ့ကြပါတယ်။
    တိုင်းပြည်က လူများစုဖြစ်တဲ့ မွတ်စလင်တွေရဲ့ ဒီလို ကူညီဖေးမှုမှတ်တမ်းဗီဒီယိုဟာ ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပဲ ပြန့်နှံသွားခဲ့ပြီး အားပေးထောက်ခံမှုတွေလည်း အမြောက်အများ ရရှိခဲ့ပါတယ်။
    ဒေသတွင်းသတင်းတွေကို အဆက်မပြတ် လွှင့်တင်ပေးနေတဲ့ Jakarta.coconuts ကတော့ ဒီကျောင်းသားလေးတွေဟာ မိမိတို့ချစ်မြတ်နိုးတဲ့ တိုင်းပြည်ရဲ့ သရုပ်မှန်ကို ကိုယ်စားပြုတဲ့သူတွေဖြစ်ပြီး၊ မိမိတို့တိုင်းပြည်ဟာ မတူကွဲပြားစွာ စည်းလုံးညီညွတ်မှုကို ယုံကြည်ကာ၊ လူမျိုးဘာသာ မခွဲခြားဘဲ ကူညီဖေးမလိုစိတ်ရှိတဲ့ တိုင်းပြည်ဖြစ်တယ်လို့ ဂုဏ်ယူစွာ ဖော်ပြခဲ့ပါတယ်။
    Ref: jakarta.coconuts
  • စစ်တပ်ကရေးဆွဲသည့် အခြေခံဥပဒေကို ထိုင်းတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်
    စစ်တပ်ကရေးဆွဲသည့် အခြေခံဥပဒေကို ထိုင်းတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်
    သြဂုတ် ၇၊ ၂၀၁၆
    M-Media
    thai
    – စစ်တပ်က ရေးဆွဲထားပြီး လာမည့်၂၀၁၇ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲလုပ်နိုင်ရန် လမ်းဖွင့်ပေးမည့် အခြေခံဥပဒေ ပြည်သူဆန္ဒခံယူပွဲကို ထိုင်းပြည်သူများက ယနေ့တွင် မဲပေးမှုများ စတင်ပြုလုပ်နေပြီဟု သိရသည်။
    အဆိုပါ ပြည်သူဆန္ဒခံယူပွဲမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည့် စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ချန်အိုချာအား ပြည်သူလူထု၏ နှစ်သက်မှုကို ဆန်းစစ်သည့် ပြည်သူ့ဆန္ဒခံယူပွဲလည်း ဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောက်တက်လာမည့် အစိုးရမှာ စစ်တပ်က သတ်မှတ်ထားသည့်အတိုင်း တိုင်းပြည်အား အုပ်ချုပ်ရမည်ဖြစ်သည်။
    ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်များမှာ ယနေ့ည ဒေသစံတော်ချိန် ၈ နာရီဝန်းကျင်တွင် ထွက်ဖွယ်ရှိနေပြီး မဲပေးမှု မပြုလုပ်ခင် စစ်တမ်းကောက်ယူမှုများအရ အဆိုပါ အခြေခံဥပဒေကို ထောက်ခံသည့် မဲအရေအတွက်က အနည်းငယ်များနေသည်။
    Ref: Channlelnewasia