News @ M-Media
Blog
  • နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် လူ ၁၇၀၀၀၀ ကျော် အိုးအိမ်စွန့်ခဲ့ရ
    နိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် လူ ၁၇၀၀၀၀ ကျော် အိုးအိမ်စွန့်ခဲ့ရ
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    tou
    – မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသောကြောင့် လူပေါင်း ၁၇၀၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရသည်ဟု သိရသည်။
    ရေကြီးရေလျှံမှုများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ရေဘေးကြောင့် ပိတ်ထားရသည့် ကျောင်းများမှာလည်း နိုင်ငံတစ်ဝှမ်း ၁၂၇၅ လုံး ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၆၉ ကျောင်း၊ ပဲခူးတိုင်းဒေသကြီး အနောက်ဖက်တွင် ၁၈၁ ကျောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၂၉၀ ကျောင်း၊ မကွေးတိုင်းဒေသကြီးတွင် ၂၇၄ ကျောင်း၊ ရန်ကုန်တွင် ၇ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၃၆ ကျောင်းတို့ ဖြစ်ကြသည်။ ကချင်ပြည်နယ်တွင် ပိတ်ထားရသည့် ကျောင်းများမှ ၃၂ ကျောင်းကို ယခုတစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ဟု အခြေခံပညာဦးစီးဌာနက ပြောကြားခဲ့သည်။
    “ရေကြီးမှုပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန်တ်ာတို့ ကျောင်းတွေကို ပြန်ဖွင့်သွားမှာဖြစ်ပြီး ပျက်ဆီးယိုယွင်းတဲ့စာရင်းတွေ၊ ကျောင်းတွေရဲ့ အခြေအနေတွေကို ကောက်ယူသွားမှာပါ။ ပြီးရင်တော့ ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနကို ပို့ဆောင်သွားပါမယ်” လို့ ဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထို့ပြင် အခြေအနေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည့်အခါတွင် ကျောင်းဆရာများမှာလည်း နစ်နာကြေးရမည်ဟု ပညာရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်မြဲက ပြောကြားခဲ့သည်။
    ရခိုင်ပြည်နယ်တွင်မူ ဇူလိုင်လ ပထမသီတင်းပတ်ကတည်းက ရေကြီးမှုကြောင့် စာသင်ကျောင်းပေါင်း ၆၀၀ နီးပါးကိုပိတ်ထားခဲ့ရသည်။
    Ref: mmtimes
  • မိမိတို့မှာ ချယ်ဆီးကဲ့သို့ ခြေချော်မည်မဟုတ်ဟု လက်စတာနည်းပြ ပြော
    မိမိတို့မှာ ချယ်ဆီးကဲ့သို့ ခြေချော်မည်မဟုတ်ဟု လက်စတာနည်းပြ ပြော
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    leis
    – ပရီးမီးယားလိဂ်ဖလားကို ရရှိပြီး နောက်ရာသီတွင် ရလဒ်များဆိုးရွားခဲ့သည့် ချယ်ဆီးအသင်းကဲ့သို့ အဖြစ်မျိုး မိမိအသင်းက ဖြစ်မည်မဟုတ်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    ၂၀၁၄-၁၅ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် ချယ်ဆီးမှာ ပြီးခဲ့သည့် ရာသီတွင် ၃၈ ပွဲကစား ၁၂ ပွဲသာ အနိုင်ရကာ အဆင့် ၁၀ ဖြင့် ရာသီသိမ်းခဲ့ပြီး မော်ရင်ဟိုမှာလည်း ဒီဇင်ဘာတွင်ပင် အထုတ်ခံခဲ့ရသည်။
    ပြီးခဲ့သည့်ရာသီတွင် လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားကို အံ့ဖွယ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ရာနီယေးရီကမူ မိမိတို့မှာ ချယ်ဆီးကဲ့သို့ ဖြစ်မည်မဟုတ်ဟု ဆိုသည်။
    “ကျွန်တော် တစ်ခုခုကို တည်ဆောက်ပြီးပြီဆိုရင် အဲဒါက ဘယ်တော့မှ မပျက်ဆီးတော့ပါဘူး။ ကျွန်တော့်ရဲ့နည်ဗျူဟာက ဒီအသင်းကို ဂရုစိုက်သွားဖို့ပါ။ အခြားအသင်းကို မဟုတ်ပါဘူး။ ဒီတော့ ဘာဖြစ်လဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော့်ရဲ့ အသင်းလေးဟာ တော်တော်းလေးကို သန့်သန့်ပြန့်ပြန့်ရှိပါတယ်။ ပထမအဆင့်၊ ဒုတိယအဆင့်တွေကို ကျွန်တော်ဟာ ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့ရတာပါ။ ဒ့ါကြောင့် အုတ်မြစ်က ခိုင်မာပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့၏ အောင်မြင်မှုများကို မေ့ထားကာ ထိုထက်ပိုသော အောင်မြင်မှုကို ရယူရန် ကစားသမားများအား တိုက်တွန်းထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • အင်ဒိုနီးရှားတွင် ဟာလာလ်စီးပွားရေးဇုန်တစ်ခု တည်ဆောက်မည်
    အင်ဒိုနီးရှားတွင် ဟာလာလ်စီးပွားရေးဇုန်တစ်ခု တည်ဆောက်မည်
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    indo 2
    – အင်ဒိုနီးရှားနိုင်ငံမှာ ပင်လယ်ဆိပ်ကမ်းတစ်ခုနဲ့ စက်မှုဇုန်တစ်ခုပါဝင်တဲ့ ဟလာလ်စီးပွားရေးဇုန်ကို မကြာခင် တည်ဆောက်သွားတော့မှာဖြစ်တယ်လို့ နိုင်ငံအတွင်းက ထိပ်တန်း စီးပွားရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။
    “အင်ဒိုနီးရှားမှာ ဟာလာလ်ထုတ်ကုန်ဈေးကွက်ဟာ အင်မတန်ကြီးမားပါတယ်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်း အလွှာတိုင်းဟာ ဟာလာလ်နည်းကျ စားသောက်နေထိုင်မှုပုံစံကို သွားနေတာကြောင့် ဈေးကွက်တောင်းဆိုမှုကလည်း မြင့်မားနေပါတယ်” လို့ PT Jakarta Industrial Estate စက်မှုလုပ်ငန်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ပူလိုဂါဒေါင် ဆစ်သာက ဂျကာတာမြို့မှာ သြဂုတ်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၂ ကြိမ်မြောက် ကမ္ဘာ့အစ္စလာမ့် စီးပွားရေးဖိုရမ်မှာ ပြောကြားခဲ့တာပါ။
    နောက်ပြီးတော့ အခုဆောက်လုပ်မယ့် ဟလာလ်စီးပွားရေးဇုန်မှာ နိုင်ငံအတွင်းက ပို့ကုန်ပဲဖြစ်ဖြစ်၊ သွင်းကုန်ပဲဖြစ်ဖြစ် အစားအစာ၊ အ၀တ်အထည်၊ အလှကုန်နဲ့ ဆေးဘက်ဆိုင်ရာထုတ်ကုန်တွေ အပါအ၀င် နေ့စဉ်လူနေမှုဘ၀ဆိုင်ရာ ထုတ်ကုန်များကို ဟာလာလ်သတ်မှတ်ချက်စံနှုန်းနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမယ်လို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    အဲဒီ ဟလာလ်စီးပွားရေးဇုန်ကို ဂျာကာတာမြို့ Tanjung Priok ပင်လယ်ဆိပ်ကမ်းမြို့လေးမှာ ဖန်တီးသွားမှာဖြစ်ပြီး ကုန်ပစ္စည်းတွေကို စစ်ဆေးဆောင်ရွက်မယ့် ဟလာလ်ဇုန်ကိုတော့ Rawamangun မှာ ထားရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    “ဒါ့ကြောင့် အသားလို အထူးကိုင်တွယ်ရမယ့် ကုန်ပစ္စည်းတွေ ဆိပ်ကမ်းကို ဆိုက်ရောက်လာတာနဲ့ အခြားကုန်ပစ္စည်းတွေကနေ အဲဒါတွေကို ခွဲထားမှာဖြစ်ပြီး ထပ်မံစစ်ဆေးဖို့အတွက် ဟာလာလ်ဇုန်ကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။ ပြီးတော့ ထုတ်ကုန်တစ်ခုချင်းစီကို ဟာလာလ်စံနှုန်းနဲ့ညီအောင် စစ်ဆေးဖို့အတွက် ဟာလာလ်ဇုန်မှာ အလုပ်လုပ်မယ့် ၀န်ထမ်းတွေကို လေ့ကျင့်ပေးတာမျိုးတွေကိုလည်း ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” လို့ ဆစ်သာ က ဆိုပါတယ်။
    ဒီဟာလာလ်ဇုန်တစ်ခုလုံးမှာ အသုံးပြုမယ့် စနစ်တွေဟာ ဒစ်ဂျစ်တယ်စနစ်တွေဖြစ်မယ်လို့လည်း သိရပါတယ်။
    Ref : IINA
  • အိုလံပစ်ပြိုင်ပွဲဝင် ဆီးရီးယားဒုက္ခသည် သူရဲကောင်းမလေး သို့မဟုတ် ယူဆရာ မာဒီနီ
    အိုလံပစ်ပြိုင်ပွဲဝင် ဆီးရီးယားဒုက္ခသည် သူရဲကောင်းမလေး သို့မဟုတ် ယူဆရာ မာဒီနီ
    သြဂုတ် ၆၊ ၂၀၁၆
    M-Media
    yusra
    – လက်ရှိ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကစားနေကြတဲ့ အားကစားသမားတွေမှာ စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းအရင်းတွေ ရှိကြပါတယ်။
    အဲဒီအထဲမှာမှ အသက် ၁၈နှစ်အရွယ် ဆီးရီးယားဒုက္ခသည် အမျိုးသမီးငယ်လေး ယူဆရာ မာဒီနီရဲ့ အဖြစ်အပျက်ကတော့ တစ်မူထူးခြားပါတယ်။
    ဂျာမနီနိုင်ငံကို ကိုယ်စားပြုပြီး ၀င်ရောက်ယှဉ်ပြိုင်မယ့် ရေးကူးမယ် မာဒီနဟာ အိုလံပစ်ပြိုင်ပွဲဝင် ဒုက္ခသည် ၁၀ ဦးပါဝင်တဲ့ ဒုက္ခသည်အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
    အခြားသော အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ကြီးမားဆုံးအောင်မြင်မှုဟာ အထက်တန်းကျောင်းကို A အဆင့်နဲ့ ပြီးမြောက်အောင်မြင်တာမျိုး ဖြစ်ပေမယ့် မာဒီနီရဲ့ အောင်မြင်မှုကတော့ ဒီ့ထက်ကို ပိုပါတယ်။
    ဒါကတော့ တစ်ခြားမဟုတ်ပါဘူး။ သူနဲ့ သူ့ရဲ့အမဟာ ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးလာတဲ့အချိန် အေဂျီယန်ပင်လယ်အတွင်း သူတို့ရဲ့ ရေစိမ့်နေတဲ့ လှေငယ်လေးကို ကမ်းရောက်အောင် ရေကူးပြီးဆွဲပေးခဲ့တာဖြစ်ပါတယ်။ သူတို့ ညီအစ်မနှစ်ဦးရဲ့ သူမတူတဲ့ စွမ်းဆောင်မှုကြောင့် သူတို့ရဲ့ အသက်တွေအပါအ၀င် စုစုပေါင်း လူ ၂၀ လောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
    လက်ရှိ ဘာလင်မှာ နေထိုင်နေတဲ့ မာဒီနီဟာ စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အမျိုးသမီး မီတာ ၁၀၀ လိပ်ပြာကူးနဲ့ အလွတ်ကူး ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲမှာ မျှော်လင့်ချက်အရှိဆုံး စောင့်ကြည့်ရမယ့်သူတွေထဲက တစ်ယောက်အဖြစ် မှတ်ယူခံထားရပါတယ်။
    ဆီးရီးယားမှ ဘဝ
    မာဒီနီဟာ စစ်ပွဲဒဏ်ကို အလူးအလဲခံစားနေရတဲ့ ဒမတ်စကတ်မြို့က ပါရမီရှိ ရေကူးမယ်တစ်ဦး ဖြစ်ပြီး ဆီးရီးယား အိုလံပစ်ကော်မတီရဲ့ ထောက်ခံချက်ရရှိထားသူပါ။ နိုင်ငံအတွင်းမှာ မတည်ငြိမ်မှုတွေ မြင့်တက်လာချိန်မှာ မာဒီနီတစ်ယောက် ဗုံးဒဏ်ကြောင့် အမိုးမရှိတော့တဲ့ ရေကူးကန်တွေထဲမှာ လေ့ကျင့်ခဲ့ရပါတယ်။
    “တစ်ခါတစ်ရံမှာ တိုက်ခိုက်မှုတွေကြောင့် ကျွန်မတို့ မလေ့ကျင့်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာ အမိုးပွင့်ထွက်နေတဲ့ ရေကူးကန်တွေမှာ လေ့ကျင့်ရပါတယ်” လို့ မာဒီနီက ပြောကြးခဲ့ပါတယ်။
    ဒမတ်စကတ်ရဲ့ မတည်ငြိမ်မှုဟာ တော်တော်လေးဆိုဝါးတာကြောင့် မာဒီနီနဲ့ သူမရဲ့ အစ်မဖြစ်သူ ဆာရာတို့ဟာ နောက်ဆုံးမှာတော့ ဆီးရီးယားကို စွန့်ခွာခဲ့ရပြီး လက်ဘနွန်နဲ့ တူရကီတို့ကိုဖြတ်ကာ ဂရိကို ရောက်ရှိခဲ့ပါတယ်။
    အသက်စွန့်ကယ်တင်မှု
    တူရကီကနေ သူတို့ဟာ ၆ ယောက်သာ စီးဖို့ လုပ်ထားတဲ့ ရာဘာလှေငယ်လေးနဲ့ အယောက် ၂၀ တင်ပြီး အေဂျီယန်ပင်လယ်ကို ဖြတ်ရတာဖြစ်ပါတယ်။ ထွက်လာပြီး မိနစ် ၃၀ အကြာမှာပဲ လှေပေါ်က အင်ဂျင်ဟာ အလုပ်မလုပ်တော့ပါဘူး။ လှေပေါ်မှာပါလာတဲ့ လူအများစုကလည်း ရေမကူးတတ်ကြဘဲ ရွေးစရာမရှိတာကြောင့် လှေနစ်မှုကနေ ကာကွယ်ဖို့အတွက် မာဒီနီတို့ ညီအမ ၂ ဦးဟာ ပင်လယ်ထဲကိုဆင်းပြီး အကာကွယ်မဲ့တဲ့ရေထဲမှာ ၃ နာရီးကြာ လှေကို ကမ်းရောက်အောင် ဆွဲခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဂရိပိုင် ကျွန်းတစ်ကျွန်းဖြစ်တဲ့ လက်စ်ဘော့စ်ကို ရောက်ခဲ့ပါတော့တယ်။
    “ရေကူးတတ်တဲ့သူက လှေပေါ်မှာ ၄ ဦးပဲ ပါပါတယ်။ လက်တစ်ဖက်က လှေကိုချည်ထားတဲ့ကြိုးကို ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်၊ ခြေထောက် နှစ်ဖက်နဲ့ ကူးခတ်ခဲ့ရတာပါ။ အေးနေတဲ့ဒီရေထဲမှာ ကျွန်မတို့ ၃ နာရီခွဲကြာ ကူးခတ်ခဲ့ရတာဖြစ်ပါတယ်။ ခန္ဓာကိုယ်က လုံးဝ မခံနိုင်တော့ပါဘူး။ အဲဒီခံစားမှုကို ကျွန်မ ပြောမပြတတ်ပါဘူး” လို့ မာဒီနီက သူ့ရဲ့ အတွေ့အကြုံကို ဖွင့်ဟခဲ့ပါတယ်။
    အခုအချိန်မှာ မာဒီနီတစ်ယောက် ပင်လယ်ပြင်ကို မုန်းနေပေမယ့် ဒီအဖြစ်အပျက်ဟာ သူ့အတွက် အိပ်မက်ဆိုးတော့ မဟုတ်ပါဘူး။
    “ဒီအဖြစ်အပျက်ကြောင့် ကျွန်မဟာ ရေမကူးဘဲနဲ့ အသက်ရှင်မှာမဟုတ်ဘူးဆိုတာ စဉ်စားမိခဲ့ပါတယ်။ ဒါဟာ ကျွန်မအတွက်တော့ အပြုသဘောဆောင်တဲ့ အတွေ့အကြုံ ဖြစ်နေမှာပါ”
    ဂရိကိုရောက်ပြီးတဲ့နောက်ပိုင်းမှာ မာဒီနီနဲ့ ဆာရာတို့ဟာ မက်ဆီဒိုးနီးယား၊ ဆားဘီးယား၊ ဟန်ဂေရီနဲ့ သြစတြီးယားတို့ကို ဖြတ်ကျော်ခဲ့ရပြီး နောက်ဆုံးမှာ ဂျာမနီကို ရောက်ခဲ့ပါတော့တယ်။
    ဘာလင်ဘဝ
    ဘာလင်ရောက်လာခဲ့တဲ့ မာဒီနီဟာ Wasserfreunde Spandau 04 ရေကူးအသင်းနဲ့ ဆက်သွယ်ခဲ့ပြီး အဖွဲ့ဝင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။ သူမရဲ့ အလားအလာကို သိရှိခဲ့တဲ့ နည်းပြ ဆဗင် စပန်နက်ကရဘ်စ်က မာဒီနီကို ၂၀၂၀ တိုကျိုအိုလံပစ်မှာ ၀င်ပြိုင်စေဖို့ လျာထားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အိုလံပစ်ခရီးဟာ ဒီထက်ပိုမြန်ဆန်ခဲ့ပြီး ဘရာဇီးလ်အိုလံပစ်မှာ ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
    မာဒီနီဟ မနက်ပိုင်းမှာ ၃ နာရီလောက် လေ့ကျင့်ပြီးတဲ့နောက် ကျောင်းတက်ရပြီး ကျောင်းကအပြန် ညနေပိုင်းမှာလည်း ဆက်လက် လေ့ကျင့်ခဲ့ရပါတယ်။
    Gurdian သတင်းစာကတော့ ဆီးရီးယားကလည်း သူမရဲ့လေ့ကျင်မှုကို စောင့်ကြည့်နေခဲ့ပြီး သူမနဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကိုလည်း စုဆောင်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
    ဒုက္ခသည်များအား နှိမ့်ချမှုကို တွန်းလှန်ပြီ
    “ဒုက္ခသည်တွေဟာ သူတို့ရဲ့ ဇာတိမြေမှာမနေချင်တော့ဘဲ ဒုက္ခသည်ဖြစ်ချင်လွန်းလို့ ဒုက္ခသည်ဖြစ်လာရတာ မဟုတ်ဘူးဆိုတာကို ကျွန်မ လူတိုင်းကို သိစေချင်ပါတယ်။ သူတို့ ဒုက္ခသည်ဖြစ်လာရတာဟာ ဇာတိမြေမှာ ဆက်နေလို့ မရတော့လို့၊ သူတို့ရဲ့ ဘ၀အိပ်မက်တွေကို အကောင်အထည်ဖော်လို့ မရလို့သာ ဖြစ်ပါတယ်”
    “သူတို့ လုပ်ဆောင်သမျှအားလုံးဟာ ပိုကောင်းတဲ့ ဘ၀သစ်ကိုရဖို့ ကြိုးစားကြတာပါ။ အားကစားရုံထဲကို ကျွန်မတို့ ၀င်ရောက် ခြင်းဟာ လူတိုင်း သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ အသိမျိုး ရှိလာအောင် တွန်းအားပေးဖို့ပါပဲ” လို့ အိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
    ဆီးရီးယားမှာ ငြိမ်းချမ်းရေးအသီးအပွင့်တွေ သီးပွင့်တဲ့အချိန်ကျရင် သူမရဲ့ ဒီဇာတ်လမ်းကို ဇာတိမြေကသူတွေ သိအောင် ပြောပြသွားဖို့လည်း မာဒီနီက မျှော်လင့်နေပါတယ်။
    “ဂျာမနီမှာ ကျွန်မရဲ့ ဘ၀သစ်ကို တည်ဆောက်ကောင်း တည်ဆောက်နိုင်ပါတယ်။ ကျွန်မ အသက်ကြီးသွားတဲ့အခါမှာတော့ ဆီးရီးယားကိုသွားပြီး ကျွန်မရဲ့ အတွေ့အကြုံတွေကို မျှဝေသွားမှာပါ”
    Ref: Independent
  • တူရကီ အာဏာသိမ်းမှုအတွင်း လုပ်ကြံမှုများမှ အံ့ဖွယ်လွတ်မြောက်ခဲ့သည့် အာဒိုဂန်
    တူရကီ အာဏာသိမ်းမှုအတွင်း လုပ်ကြံမှုများမှ အံ့ဖွယ်လွတ်မြောက်ခဲ့သည့် အာဒိုဂန်
    သြဂုတ် ၅၊ ၂၀၁၆
    M-Media
    ardogan
    – ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တူရကီစစ်တပ်က အာဏာသိမ်းမှုအတွင်းမှာ သမ္မတအာဒိုဂန်ကအနေနဲ့ လုပ်ကြံမှုတွေကနေ အံ့သြဖွယ်လွတ်မြောက်သွားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
    ဇူလိုင်လ ၁၅ ရက်နေ့က အဲဒီအာဏာသိမ်းမှုဖြစ်စဉ်အတွင်း အာဒိုဂန်ဟာ မိသားစုနဲ့အတူ နိုင်ငံအတွင်းက မာမာရစ်ဆိုတဲ့ မြို့လေးမှာ ခရီးထွက်နေခဲ့တာပါ။
    အာဏာသိမ်းပြီးဆိုတဲ့သတင်း ကြားကြားချင်း အမြန်ပြန်လာခဲ့တဲ့ အာဒိုဂန်ရဲ့လေယာဉ်ကို ပစ်ချဖို့ အာဏာသိမ်းအဖွဲ့က လွှတ်လိုက်တဲ့ F-16 တိုက်လေယာဉ်တစ်စင်းဟာ တွေ့ရှိခဲ့ပေမယ့် ဆီကုန်မယ့်အန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့အတွက် လေတပ်စခန်းကို ပြန်လှည့်ခဲ့ရပြီး အာဒိုဂန်ကလည်း အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ အစိုးရလိုလားတဲ့ Yeni Safak သတင်းစာက ဖော်ပြခဲ့ပါတယ်။
    ပစ်ချဖို့ ပျံသန်းလာတဲ့လေယာဉ်ရဲ့ ရေဒါမှာ အာဒိုဂန်စီးနင်းလာတဲ့ လေယာဉ် ပေါ်လာတဲ့အထိ နီးကပ်ခဲ့တာဖြစ်ပေမယ့် ဒုံးကျည်နဲ့ ပစ်နိုင်တဲ့အကွာအဝေးမရောက်ခင် ဆီမလောက်တော့တာကြောင့် လေယာဉ်မှူးဟာ စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
    အာဒိုဂန်ရဲ့လေယာဉ်ကို ပစ်ချဖို့သွားတဲ့ ဒီ F-16 လေယာဉ်တွေဟာ တစ်စီးတည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘာ့ကြောင့် မပစ်ခဲ့လဲဆိုတာကို အခုအချိန်အထိ မသိသေးဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားတဲ့ တူရကီ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူဟောင်းကတော့ ဒါဟာ ‘နားမလည်နိုင်တဲ့ ကိစ္စ’ လို့ ဖွင့်ဟခဲ့ပါတယ်။
    “အာဒိုရဲ့ဂန်လေယာဉ် အစ္စတန်ဘူလ်ကို ပြန်လာနေတဲ့အချိန်မှာ F-16 တိုက်လေယာဉ် ၂ စင်းလောက်က ဟန့်တားခဲ့ကြတာပါ”
    အာဒိုဂန်ဟာ အာဏာသိမ်းတဲ့ကိစ္စမှာ ဒီတစ်ကြိမ်သာ အသက်အန္တရာယ်နေ လွတ်မြောက်ခဲ့တာ မဟုတ်ပါဘူး။ မာမာရစ်မြို့က ဟိုတယ်တစ်ခုမှာ အနားယူနေစဉ်အတွင်း သူ့ကိုလုပ်ကြံမယ့်အဖွဲ့တွေ ရောက်မလာခင် လက်မတင်လေး လှည့်စားကာ ထွက်သွားနိုင်ခဲ့တယ်လို့ Yeni Safak က ထပ်ရေးထားပါသေးတယ်။
    အစ္စတန်ဘူလ်ကို အာဒိုဂန်ရဲ့ အပြန်ခရီးကို အာဒိုဂန်စီးနင်းတဲ့ Gulfstream IV TC-ATA လေယာဉ်က အလျှို့ဝှက်ဆုံး စီစဉ်ခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်အတွက် ဘာသတင်းအချက်အလက်မှ ထွက်မလာခဲ့ပါဘူး။
    ပြန်လာနေစဉ်အတွင်းမှာ လေယာဉ်လမ်းကြောင်းကို အဇ်မီရ်ဆိုတဲ့မြို့လေးကို ပြောင်းခဲ့ရပြီး အစ္စတန်ဘူလ်လေယာဉ်ကွင်းမှာ စိတ်ချရပြီဆိုမှ ဇူလိုင် ၁၆ ရက်နေ့ အာရုဏ်မတက်ခင်လေးမှာ ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။
    ဒီလိုစီစဉ်မထားတဲ့ လမ်းကြောင်းပြောင်းမှုကို ‘လေထဲကဒုက္ခ’ လို့တောင် နာမည်ပေးခဲ့တယ်လို့ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
    မာမာရစ်မြို့လေးကနေ မိမိထွက်ခွာပြီးတဲ့နောက်မှာ အာဏာသိမ်းမှုကို စီစဉ်နေတဲ့သူတွေက အဲဒီမြို့လေးက နေရာအချို့ကို ဗုံးကြဲခဲ့တယ်လို့ အာဒိုဂန်က Reuters သတင်းဌာနကို ပြောကြားခဲ့ပြီး သူ့ကိုရှာပြီးသက်ဖို့ တပ်ဖွဲ့ဝင် ၂၅ ဦးကိုလည်း ရဟတ်ယာဉ်နဲ့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
    ဇူလိုင် ၁၅ ရက်နေ့ညက ဖြစ်ပွားခဲ့ပြီး မအောင်မြင်တဲ့ အဲဒီအာဏာသိမ်းမှုမှာ လူပေါင်း ၂၅၀ နီးပါးလောက် သေဆုံးခဲ့ပြီး ၂၀၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းမှုကို စီစဉ်သူတွေထဲမှာတော့ အနာတရဖြစ်သူ မရှိဘူးလို့ တူရကီအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
    Ref: RT