News @ M-Media

Blog

  • နိုင်ငံခြားမှဆရာများ သင်မယ့် ပထမဆုံး အနုပညာ သင်တန်းကျောင်း လိုင်လာခန်း  ဖွင့်မည်။

    နိုင်ငံခြားမှဆရာများ သင်မယ့် ပထမဆုံး အနုပညာ သင်တန်းကျောင်း လိုင်လာခန်း ဖွင့်မည်။

    ဇူလိုင် ၂၅ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    Laila Khan
    မြန်မာပြည်မှာ နိုင်ငံခြားမှ ဆရာ/ဆရာမ များ သင်ကြားမယ့် ပထမဆုံး အနုပညာ သင်တန်းကျောင်း တစ်ခုကို  လာမည့် သြဂုတ်လမှစ၍ ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒီသင်တန်းကို ဖွင့်လှစ်ဖို့ စီစဉ်သူကတော့ ဘောလီဝုဒ်ရုပ်ရှင် သရုပ်ဆောင် လိုင်လားခန်းဖြစ်ပါတယ်။

    Rhythm & Style International Academy  ဟု အမည်ပေးထားသော အနုပညာသင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ လိုင်လားခန်းက ” လွန်ခဲ့တဲ့ ၁၀နှစ်က လိုင်လားက မြန်မာနိုင်ငံ ကနေပြီးတော့ မလေးရှား၊ မလေးရှား ကနေပြီးတော့ ဘောလီဝုဒ်ရောက်ဖို့ကို တော်တော်လေးကို ကြိုးစားဖို့ ပြီးတော့ ဘယ်လိုမှ အခွင့်အရေးမရှိ ဘယ်လိုမှ အဆက်သွယ်မရှိ သူငယ်ချင်း တစ်ယောက်တောင် အိန္ဒိယ နိုင်ငံမှာ မရှိဘဲနဲ့ မျက်စိစုံမှိတ်ပြီးတော့ အရဲစွန့်ပြီးတော့ သွားပြီး ကြိုးစားခဲ့ရတယ်။ ကိုယ့်ဒုက္ခကိုယ်ပဲသိတယ်။ အဲ့လိုမျိုး ဒုက္ခခံပြီးတော့ ရလာတဲ့ အခွင့်အရေးမျိုးကို ကိုယ့်နိုင်ငံမှာရှိတဲ့ လူငယ်လေးတွေကိုလည်း အရည်အချင်း ရှိတယ်ဆိုရင် ဟိုဘက်ကို ရောက်ချင်တယ်ဆို အမက ပံ့ပိုးပေးချင်တယ်။ အဲ့စိတ်ဓါတ်လေးရှိတဲ့အတွက် Rhythm & Style International Academy  လိုမျိုး ဥစ္စာဖန်တီးခဲ့တာပါ” ဟု M-Media သို့ ပြောပါတယ်။

    Rhythm & Style International Academy School တွင် Bollywood film industry မှ ဆရာ/ဆရာမများ ကိုယ်တိုင်သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းတွင် ကနဦးအနေဖြင့် Bollywood dance သင်တန်း၊ Style Management သင်တန်း၊ make up သင်တန်း နှင့် Acting သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု သတင်းရရှိပါတယ်။

    လိုင်လားခန်းသည် ၂၀၁၁ခုနှစ်တွင် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးသည့် “တိုက်ဆိုင်မှုရှိလျှင်” ရုပ်ရှင် ဇာတ်ကားတွင် မြန်မာ အနုပညာရှင်များနှင့်အတူ ပါဝင် သရုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာလူငယ်များ အနုပညာ အရည်အချင်း တိုးတက်မြင့်မားဖို့ ကဏ္ဍတစ်ရပ်အဖြစ် အနုပညာ သင်တန်းကျောင်းကို ဖွင့်လှစ်တာလို့ သိရပါတယ်။

    သင်တန်းလိပ်စာမှာ 203၊ MGW Tower ဗိုလ်အောင်ကျော်လမ်း ရန်ကုန်မြို့ဖြစ်ပြီး ယခုလ ဇူလိုင်၂၉ရက်နေ့နှင့် ဇူလိုင်လ ၃၀ရက်နေ့များမှာ သင်တန်း လာရောက်အပ်နှံသူများကို သင်တန်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သင်တန်းကြေး ၁၀ရာခိုင်နှုန်း လျှော့ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    ဓါတ်ပုံ- လိုင်လာခန်း FB

  • စွန္နီ-ရှီအာ ချစ်ကြည်ရင်းနှီးမှု အဖြစ် ပြုလုပ်တဲ့ စာပေဟောပြောပွဲ မဂိုခန်းမမှာ ကျင်းပ

    စွန္နီ-ရှီအာ ချစ်ကြည်ရင်းနှီးမှု အဖြစ် ပြုလုပ်တဲ့ စာပေဟောပြောပွဲ မဂိုခန်းမမှာ ကျင်းပ

    ဇူလိုင် ၂၅ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်
    13823667_10202190661084207_2098471446_n
    ယနေ့ မြန်မာနိုင်ငံတွင်းမှ အစ္စလာမ်ဘာသာဝင် လူငယ်များ အနေဖြင့် မြန်မာမွတ်စလင်မ် ခေါင်းဆောင်တွေရဲ့ စံနမူနာကို ဂုဏ်ယူတတ်ဖို့ လိုတယ်လို့ ရှီအာ ဗလီဝင်းမှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်က ပြောလိုက်ပါတယ်။

    ရှီအာ-စွန္နီ ချစ်ကြည်ရင်းနှီးမှု အဖြစ် ပြုလုပ်သည့် အဆိုပါ စာပေဟောပြောပွဲနှင့် စာစီစာကုံး ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားမှာ မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော မြန်မာမွတ်စလင်မ် ခေါင်းဆောင်တို့၏ အခန်းကဏ္ဍကို ဟောပြောစဉ် ၎င်းက ” ကျွန်တော်တို့ အားလုံးရဲ့ စံနမူနာပြ ပုဂ္ဂိုလ် ဖြစ်တဲ့ တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းပါစေ) ကိုယ်တော် သခင်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ဟာ ကျွန်တော်တို့အတွက် စံနမူနာပြ ဖြစ်ခဲ့သလို ကျွန်တော်တို့နိုင်ငံမှာ သမိုင်း အဆက်ဆက်မှာ ထင်ရှားခဲ့တဲ့ မွတ်စလင်မ် လူငယ်တွေရဲ့ နိုင်ငံရေး စွမ်းရည်၊ ခေါင်းဆောင်မှု အခန်းကဏ္ဍ ၊ သူတို့ သမိုင်းထဲမှာ ပါဝင်မှုတွေက ကျွန်တော်တို့ လူငယ်တွေ အပေါ် လွှမ်းမိုးမှု အများကြီးရှိလိမ်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောပါတယ်။

    အခမ်းအနားတွင် စာစီစာကုံး ပြိုင်ပွဲ ဆုရသူများကို ဆုချီးမြှင့်ခြင်းနှင့်အတူ အစ္စလာမ် သာသနာရေးရာ ကောင်စီ ဥက္ကဌ အလ်ဟာဂ်ျ ဦးညွှန့်မောင်သျှိန် ၊ အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး အလ်ဟာဂ်ျ ဦးအေးလွင် ၊ ဓမ္မကထိက မောင်လာနာ ဆရသ် အိက္ကဗားလ် ဟုစိုင်းန် ရဇွဝီ တို့က လူငယ်တွေရဲ့ ပညာရေးဆိုင်ရာ အခန်းကဏ္ဍကို အသီးသီး ဟောပြောတင်ပြကြပါတယ်။

    မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ဘာသာဝင် တစ်ယောက်သာမကဘဲ နိုင်ငံသားတစ်ဦးအနေဖြင့် ခံစားစေလိုကြောင်း ၊ ပညာသင်ကြားတဲ့နေရာမှာ မိမိတို့ လူ့အဖွဲ့အစည်းကိုလည်း အကျိုးပြုဖို့လည်း ပညာသင်ကြားရမှာ ဖြစ်ကြောင်း ကိုစည်သူမောင်က ဆိုပါတယ်။

    လူငယ်တွေ ပညာရေး ကဏ္ဍမှာ” ကျွန်တော်တို့မှာ capacity တွေမြှင့်ဖို့ လိုတယ်။ လူငယ်တွေအားလုံး Role model လို့ခေါ်တဲ့ စံပြနမူနာပြ ပုဂ္ဂိုဟ်တွေ အားလုံးကို ဂုဏ်ယူတတ်တဲ့ စိတ်ဖြစ်လာလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည်တည်ဆောက်ရေးမှာ ဒီလူ့စွမ်းအား အရင်းအမြစ်နဲ့ တတတ်တအား ပါဝင်နိုင်စေဖို့ မီးမှောင်းထိုးပြလိုတယ်” ဟု ၎င်းက M-Media သို့ ပြောပါတယ်။

    အဆိုပါ စာပေဟောပြောပွဲကို ဇူလိုင်လ ၂၄ရက်နေ့က ရန်ကုန်မြို့ မဂိုခန်းမမှာ Carriers Of The Light အဖွဲ့မှ မျိုးဆက်သစ်လူငယ်များ အတွက် ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

    13814600_10202190621843226_1978903889_n 13817238_10202190771206960_1272360186_n 13819673_10202190650123933_127389585_n 13820762_10202190661244211_1401902918_n

  • ဝေဖန်ခံနေရသည့် နီပေါဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

    ဝေဖန်ခံနေရသည့် နီပေါဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    nepal

    – နီပေါဝန်ကြီးချုပ် ကဒ်ဂါ ပရာဆဒ် အိုလီမှာ ပါလီမန်က အယုံအကြည်မရှိအဆို တင်သွင်းရန် နာရီပိုင်းအလို ယနေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    အသက် ၆၄ နှစ်အရွယ်ရှိ အိုလီမှာ ၎င်းကတိပေးထားသည့် အာဏာခွဲဝေမှုကိစ္စကို မလေးမစားပြုမှုသည်ဟု စွပ်စွဲခံခဲ့ရပြီးနောက် ၎င်း၏ မဟာမိတ်များက အစိုးရအဖွဲ့မှ နှုတ်ထွက်သွားခဲ့သောကြာင့် ရာထူးမှ ယခုကဲ့သို့ ဆင်းပေးခဲ့ရခြင်းဖြစ်သည်။

    “ပါလီမန်ကိုမသွားခင် ကျွန်တော်သမ္မတနဲ့တွေ့တဲ့အချိန်မှာ နှုတ်ထွက်စာ တင်ခဲ့ပါတယ်” ဟု အိုလီက ပါလီမန်တွင် ပြောကြားသည့် မိန့်ခွန်းကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    အိုလီမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလက အာဏာရခဲ့သော်လည်း နိုင်ငံအတွင်း ဆန္ဒပြမှုများကို ကိုင်တွယ်ရာတွင် ဆိုးဆိုးဝါးဝါး ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အခြေခံဥပဒေနှင်ပတ်သက်၍ မကျေနပ်သော ပြည်သူများက ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကာ လူ ၅၀ ကျော် သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ပါကစ္စတန်-ဘင်္ဂလားဒေရှ် စစ်ပွဲတွင်း ဓါတ်ပုံများကို ရခိုင်များ အသတ်ခံရသည့် ပုံများဟု ဖြန့်ဝေနေ

    ပါကစ္စတန်-ဘင်္ဂလားဒေရှ် စစ်ပွဲတွင်း ဓါတ်ပုံများကို ရခိုင်များ အသတ်ခံရသည့် ပုံများဟု ဖြန့်ဝေနေ

    ဇူလိုင် ၂၄ ၊ ၂၀၁၆
    M-Media
    သတင်း-မြတ်သူရ
    1971liberationwar22
    ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ တွင် မွတ်စလင်မ် မုန်းတီးဆန်ကျင်ရေး လုပ်ဆောင်မှုများဖြင့် နာမည်ကျော်ကြားသည့် ဦးဝီရသူ၏ FB စာမျက်နှာတွင် “ရခိုင်များ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့နေ့” ခေါင်းစဉ်ဖြင့် ဓါတ်ပုံ ၃ ပုံ ပူးတွဲပြီး ဖော်ပြခဲ့ပါသည်။
    .
    အဆိုပါ ပိုစ်နှင့် ပူးတွဲ ပါ ဓါတ်ပုံများမှာ အမှန်တကယ် ရခိုင်လူမျိုးများ အသတ်ခံရသည့် ဓါတ်ပုံများ မဟုတ်ဘဲ ၁၉၇၁ ခုနှစ်အတွင်း  ပါကစ္စတန် လက်အောက်မှ ဘင်္ဂလားဒေ့ရှ် (ထိုစဉ်က အရှေ့ပါကစ္စတန်) လွတ်လပ်မြောက်ရေး စစ်ပွဲကာလအတွင်း ဓါတ်ပုံများသာ ဖြစ်ကြောင်း သိရှိရပါသည်။
    .
    အဆိုပါ လုပ်ကြံ ဓါတ်ပုံများ ပါရှိသည့် ပိုစ်ကို အချိန် ၇ နာရီအတွင် ဦးဝီရသူ ၏ FB စာမျက်နှာမှ ထပ်ဆင့် ဖြန့်ဝေမှု ၁၂၀၀ ကျော်ရှိပြီး  “ထေရဝါဒမြန်မာရဟန်းတော်များအသံ” အမည်ဖြင့် FB စာမျက်နှာတွင် တင်ထားသည့် အလားတူ ပိုစ်ကို ထပ်ဆင့် ဖြန့်ဝေမှု “၅၇၀၀” ကျော်ရှိတာကို လေ့လာတွေ့ရှိရပါသည်။

    .
    ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန် လက်ထက် တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ် ၁ သိန်းကျော် ဒုက္ခသည် စခန်းသို့ ရောက်ရှိခဲ့ပြီး ရခိုင်နှင့် မွတ်စလင်မ် လူမှုအသိုင်းအဝိုင်း ၂ ခု ကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပွားခဲ့သည်။

    အစိုးရအသစ်လက်ထက် “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ” ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းပြီး ကြိုးစားလုပ်နေစဉ် ယခုကဲ့သို့ လူမျိုးစု ၂ စု ကြား အမုန်းတရားကြီးထွားစေမည့် အကြောင်းအရာများကို လုပ်ကြံ ဓါတ်ပုံများ အသုံးပြု၍ ဖော်ပြနေမှုများဟာ ပဋိပက္ခများ ပြန်လည် ဖြစ်ပွားစေရန် လှုံ့ဆော်နေသည့် လုပ်ဆောင်မှုများ ဖြစ်ကြောင်း အမ်မီဒီယာ ရဲ့ ပင်တိုင်ဆောင်ပါးရှင် တစ်ဦးဖြစ်တဲ့ မြင့်မိုရ်မောင်မောင် မှ သုံးသပ်ပြောကြားပါတယ်။
    .
    လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုမှ အမုန်းစကားဖြန့်ဝေသူများနှင့် ဆိုရှယ်မီဒီယာမှ သွေးထိုးလှုံ့ဆော်မှုများကို အရေးယူဆောင်ရွက်သွားမည်ဟု မီဒီယာများနှင့် တွေ့ဆုံမှုတရပ်တွင် တရားဝင်ပြောကြားခဲ့သည်။

    .
    ဦးဝီရသူ တင်ထားသည့် သတင်းဓါတ်ပုံများ၏ မူရင်းဖြစ်သည့်  ဘင်္ဂလားဒေ့ရှ် (ထိုစဉ်က အရှေ့ပါကစ္စတန်)လွတ်လပ်မြောက်ရေးကာလအတွင်း မှတ်တမ်းပုံများယှဉ်တွဲကြည့်ရှုရန်
    http://1971liberationwar.weebly.com/freedom-fighters.html

  • ခွဲခြားမှု၊ အစွန်းရောက်မှုတွေနဲ့ ငြိမ်းချမ်းရေး အလှမ်းဝေးနေသေးတဲ့ အာဖဂန်နစ္စတန်

    ခွဲခြားမှု၊ အစွန်းရောက်မှုတွေနဲ့ ငြိမ်းချမ်းရေး အလှမ်းဝေးနေသေးတဲ့ အာဖဂန်နစ္စတန်

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    afghan

    – မြို့တော် ကဘူးလ်မှာ စနေနေ့ကပြုလုပ်ခဲ့တဲ့ ချီတက်ဆန္ဒပြပွဲတစ်ခုမှာ အသေခံဗုံးခွဲမှု ၂ ခုကြောင့် လူပေါင်း ၈၀ သေဆုံးခဲ့ပြီး ၂၃၀ ဒဏ်ရာရရှိခဲ့တဲ့အတွက် အာဖဂန်နစ္စတန်က နိုင်ငံတော်ဝမ်းနယ်ဖွယ်နေ့အဖြစ် ကြေငြာလိုက်ပါတယ်။

    ရုပ်မြင်သံကြားကနေပြုလုပ်တဲ့မိန့်ခွန်းမှာ အာဖဂန်သမ္မတ အရှ်ရက်ဖ် ဂါနီက အဲဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    “အပြစ်ရှိသူတွေအားလုံးကို ကျွန်တော် လက်စားချေသွားမှာပါ” လို့ ဒီနေ့မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့ ကြေငြာမှုမှာ ဂါနီက ပြောကြားခဲ့ပါတယ်။

    အာဖဂန်ဆိုင်ရာ ကုလသံအမတ် တာဒါမီချီ ယာမာမိုတိုကတော့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး စစ်ရာဇ၀တ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုမှာ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

    အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက နောက်ထပ် ၁၀ ရက်အတွင်း လူစုလူဝေးတွေ မပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီ စနေနေ့တိုက်ခိုက်မှုဟာ နိုင်ငံရဲ့ ဓာတ်အားလိုင်းအသစ်က သူတို့နေထိုင်ရာ ပြည်နယ်တွေကို ကျော်သွားတာကို မကျေနပ်တဲ့အတွက် ထောင်ပေါင်းများစွာသော ဟာဇာရာလူနည်းစုတွေရဲ့ ဆန္ဒပြမှုအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    “IS အဖွဲ့က တိုက်ခိုက်ရေးသမား ၂ ယောက်ဟာ အာဖဂန်နစ္စတန်က ကဘူးလ်မြို့မှာ ပြုလုပ်တဲ့ ရှီယိုက်တွေရဲ့ ဆန္ဒပြမှုအတွင်းမှာ အသေခံဗုံးခွဲခဲ့ပါတယ်” လို့ IS နဲ့ ဆက်နွယ်နေတဲ့ ၀ဘ်ဆိုက် Amaq မှာ ဖော်ပြထားပါတယ်။

    အာဖဂန်ရဲ့ အဓိကထောက်လှမ်းရေး အေဂျင်စီဖြစ်တဲ့ NDS က တာဝန်ရှိသူတွေကတော့ ဒီတိုကခိုက်မှုဟာ နန်ဂါဟာပြည်နယ် အာချင်ခရိုင်အခြေစိုက်တဲ့ အဘူအလီလို့ခေါ်တဲ့လူက IS အဖွဲ့ဝင် တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သူ ပြုလုပ်တာဖြစ်ပြီး ဗုံးခွဲသမား ၃ ဦး ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခင်းဖြစ်ပွားပြီးပြီးချင်း အရေးပေါ်ကားတွေ အခင်းဖြစ်ရာနေရာကို အလျင်အမြန်သွားရောက်ခဲ့ပြီး အာဏာပိုင်တွေက လမ်းဆုံတွေကို ပိတ်ခဲ့ကာ ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့အတွက် ကွန်တိန်နာတွေကိုလည်း လမ်းခွတွေမှာ ချထားခဲ့ပါတယ်။

    “ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာနဲ့ မီတာအနည်းအငယ်အကွာက လူအုပ်ကြီးထဲမှာ ကျွန်တော် ရှိနေတာပါ။ တော်တော်အသံကျယ်ပြီး ကျွန်တော်လည်း တော်တော်လေး တုန်လှုပ်ခဲ့ပါတယ်။ အဲဒီနေရာမှာ အလောင်းတွေ ပြန့်ကျဲတာကိုလည်း ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒီနိုင်ငံမှာ လူ့အသက်တွေက တန်ဖိုးမရှိတော့ဘူးလားဗျာ” လို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူ မဟ်ဒီအလီက ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုအတွင်းမှာ သူငယ်ချင်းဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ ဆန္ဒပြသူတစ်ဦးကတော့ မိမိတို့အနေနဲ့ အစိုးရအပေါ်မှာ မျှော်လင့်ချက်တွေ ဆုံးရှုံးလာခဲ့ပြီး ဒီထိခိုက်ခံစားရမှုကနေ ပြန်လည်နလန်ထူလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုကြသူတွေပါ။ ကျွန်တော်တို့ ဘယ်သူ့ကို နာကျင်စေခဲ့လို့လဲဗျာ။ ကျွန်တော့်သူငယ်ချင်းကို ဘာ့ကြောင့် ဆုံးရှုံးခဲ့ရတာလဲ။ သူ အသက်ပေးရတာ ထိုက်တန်ရဲ့လား။ ကျွန်တော်တို့ တော်တော်လေး တုန်လှုပ်မိပါတယ်” လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဇာဖာရ်က ဆိုပါတယ်။

    စနေနေ့ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ နှစ်ငယ်အနည်းငယ်အတွင်း ကဘူးလ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်ခိုက်မှုတွေထဲမှာ အဆိုးဆုံးလည်းဖြစ်ပါတယ်။ အရင်က IS ဟာ အာဖဂန်နိုင်ငံအရှေ့ပိုင်းမှာသာ အသေခံတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အခု ကဘူးလ်ကိုတိုက်ခိုက်မှုဟာ သူတို့အဖွဲ့ရဲ့ လုပ်နိုင်စွမ်းကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

    တာလီဘန်ကတော့ ဒီတိုက်ခိုက်မှုမှာပါဝင်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ဒါဟာ ပြည်တွင်းစစ်မီးမွှေးဖို့အတွက် လုပ်ကြံမှုတစ်ခုသာဖြစ်တယ်လို့ ကြေငြာချက်မှာ ဖ်ာပြထားပါတယ်။

    ပါရှန်စကားပြောတဲ့ ဟာဇာရာလူမျိးတွေဟာ အာဖဂန်လူဦးရေရဲ့ ၉ ရာခိုင်နှုန်းရှိပြီး နိုင်ငံရဲ့ တတိယအများဆုံး လူနည်းစုဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခွဲခြားဆက်ဆံမှုကို အချိန်အတော်ကြာ ခံစားခဲ့ရပြီး တာလီဘန်အစိုးရလက်ထက်မှာ ထောင်ပေါင်းများစွာ အသတ်ခံခဲ့ရပါတယ်။

    အလယ်အာရှနိုင်ငံတွေဖြစ်တဲ့ တာ့ခ်မန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ကို ဆက်သွယ်မယ့် ၅၀၀ ကီလိုဗိုလ် TUTAP ဓာတ်အားလိုင်းစီမံကိန်းဟာ စောစောပိုင်းက နိုင်ငံအလယ်ပိုင်း နန်ဂါဟာပြည်နယ်ကို ဖြတ်သန်းဖို့ သတ်မှတ်ထားတာပါ။

    ဒါပေမယ့် ဒီလမ်းကြောင်းကို အာဖဂန်အစိုးရက ပြောင်းလဲခဲ့ပြီး ကာဘူးလ်မြောက်ဘက် တောင်တန်းများထူထပ်ရာ ဒေသကနေတစ်ဆင့် သွယ်တန်းဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အစိုးရက ဒီလို လမ်းကြောင်းတိုအောင် ဆောင်ရွက်မှုဟာ စီမံကိန်းကို ပိုမိုမြန်ဆန်စေပြီး ဒေါ်လာသန်းပေါင်းများစွာ သက်သာစေမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဟာဇာရာလူမျိုးစုခေါင်းဆောင်တွေကတော့ အစိုးရရဲ့ ဒီအစီအစဉ်ကို ရှုတ်ချခဲ့ပြီး မိမိတို့လူ့အဖွဲ့အစည်းကို ဘေးဖယ်ထုတ်လိုတဲ့ ဆောင်ရွက်မှုသာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

    Ref: Aljazeera

    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Afghanistan mourns protest blast victims ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)