News @ M-Media

Blog

  • အီရတ်သို့ ကနေဒါက ဒေါ်လာ ၁၅၈ သန်း ထောက်ပံ့ပေးမည်

    အီရတ်သို့ ကနေဒါက ဒေါ်လာ ၁၅၈ သန်း ထောက်ပံ့ပေးမည်

    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media

    canada 2

    – ပဋိပက္ခတွေနဲ့ ရုန်းကန်နေရဆဲဖြစ်တဲ့ အီရတ်နိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကန်ဒေါ်လာ ၁၅၇ သန်း ပေးပို့သွားဖို့နဲ့ ကာလရှည်ချေးငွေ သန်း ၂၀၀ ပေးအပ်ဖို့ ကနေဒါအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကတိပြုလိုက်ပါတယ်။

    ဒီရန်ပုံငွေအားလုံးနီးပါးဟာ စစ်ဘေးဒဏ်ခံ အီရတ်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီအစီအစဉ်အတွက် ထောက်ပံ့တာဖြစ်တယ်လို့ ကနေဒါ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ၀န်ကြီး Marie-Claude Bibeau က ဆိုပါတယ်။

    ချေငွေ သန်း ၂၀၀ ကတော့ မကြာသေးမီက ဂျပန်မှာ ကျင်းပတဲ့ G7 ညီလာခံမှာ အီရတ်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ကမ္ဘာဘဏ်ကနေတဆင့် ကူညီဖို့ ကနေဒါရဲ့ ကတိပြုထားမှုကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

    ဒေါ်လာ ၁၅၈ သန်းထဲက အချို့ကိုတော့ IS လက်ထဲကနေ လွတ်မြောက်လာတဲ့ အီရတ်ပြည်သူတွေကို ကူညီရေး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ကနေတစ်ဆင့် ထောက်ပံ့သွားမှာဖြစ်ပြီး၊ နောက်ထပ် ပမာဏအနည်းငယ်ကလည်း ရာမာဒီမြို့အပါအ၀င် IS လက်ထဲက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသတွေမှာ လက်လုပ်ဗုံးတွေ ဖယ်ရှားရေး အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    Ref : Alarabiya

  • အီဗရာဟီမိုဗစ် မန်ယူတွင် အောင်မြင်မည်ဟု မော်ရင်ဟို ပြော

    အီဗရာဟီမိုဗစ် မန်ယူတွင် အောင်မြင်မည်ဟု မော်ရင်ဟို ပြော

    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media

    movic

    – တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ်မှာ အကောင်းဆုံးအနေအထား ရှိနေပြီး မန်ယူအသင်း၌ အောင်မြင်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    မော်ရင်ဟိုရောက်လာပြီးနောက်ပိုင်း အီဗရာဟီမိုဗစ်မှာ ပီအက်စ်ဂျီအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် မန်ယူသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်သည့် မိုဗစ်မှာ ဟော်လန်အဆင့်မြင့်တန်း (Eredivisie)၊ စီးရီးအေနှင့် ပြင်သစ်လီဂူးတို့တွင် အောင်မြင်ခဲ့သူ ဖြစ်သည်။

    မော်ရင်ဟိုကမူ မိုဗစ်မှာ တက်ကြွမှုရှိပြီး စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန် အကောင်းဆုံးအနေအထား ရှိနေသည်ဟု ဆိုသည်။

    “ရိုးရိုးသားသားပြောရရင် အီဗရာဟီမိုဗစ်ဟာ ပြောစရာမရှိတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက်လုံး ငွေဝင်လမ်းဖြောင့်ခဲ့တယ်။ ဆုတံဆိပ်တော်တော်များများကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် လုပ်နိုင်တယ်လို့ ထင်လို့သာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးလိဂ်ကို သူ ရောက်လာတာပေါ့ဗျာ။ မလုပ်နိုင်ဘူးလို့ထင်ရင် သူ အမေရိက၊ တရုတ်ကို သွားမယ်၊ ဒါမှမဟုတ်ရင် ပြင်သစ်လီဂူးမှာပဲ နောက်တစ်ရာသီ ဆက်နေမှာပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref : Goal

  • ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များ၏လှူဒါန်းမှု ပေါင် သန်း ၁၀၀ နီးပါးရှိ

    ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များ၏လှူဒါန်းမှု ပေါင် သန်း ၁၀၀ နီးပါးရှိ

    ဇွန် ၂၂၊ ၂၀၁၆
    M-Media

    – ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များမှာ ပရဟိတအဖွဲ့များသို့ စတာလင်ပေါင်း သန်း ၁၀၀ ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြသည်ဟု မွတ်စလင်ပရဟိတအဖွဲ့တစ်ခုဖြစ်သော Muslim Charities Forum (MCF) က ပြောကြားလိုက်သည်။

    “ဒီနှစ် ရမ်ဇာန်လမြတ်မှာ ကျွန်တော်တို့ အဖွဲ့ဝင်တွေဟာ အလှူငွေ ပေါင် ၄၅ သန်း ရရှိအောင် ကောက်ခံနိုင်ခဲ့ပြီး ဒါတွေကို ကမ္ဘာတစ်ဝှမ်းက ထိခိုက်ခံစားရဆုံးသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဗြိတိန်တစ်ခုလုံး တွက်ကြည့်မယ်ဆိုရင်တော့ စုစုပေါင်း ပေါင် သန်း ၁၀၀ လောက် ရခဲ့ပြီး တစ်စက္ကန့်ကို အလှူငွေ ၃၈ ပေါင်နှုန်းနဲ့ မယုံနိုင်စရာ လှူဒါန်းမှုပါပဲ” ဟု MCF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဗြိတိန်မွတ်စလင်များ၏ ထိုကဲ့သို့ ရက်ရောစွာလှူဒါန်းမှုက မိမိတို့အဖွဲ့နှင့် မွတ်စလင်ပရဟိတကဏ္ဍအနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ စားနပ်ရိက္ခာရှားပါးရာ ဒေသများနှင့် အကူအညီများကို အလွန်အမင်းလိုအပ်နေသော အခြားနေရာများတွင် နေထိုင်နေသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်နိုင်မည်ဖြစ်သောကြာင့် မိမိတို့ MCF က ထိုကဲ့သို့ လှူဒါန်းမှုအတွက် အလွန်အမင်း ဂုဏ်ယူမိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က MCF မှာ ဗြိတိန်မွတ်စလင်များထံမှ လှူဒါန်းငွေ ပေါင် သန်း ၆၀ ရခဲ့သော်လည်း ယခုနှစ်တွင် လိုအပ်နေသည့် နေရာများကို ကူညီရန် ရည်ရွယ်တည်ထောင်သည့် မွတ်စလင်ပရဟိတအဖွဲ့များ များလာသောကြောင့် လှူဒါန်မှုများမှာ ပြန့်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

    ယူကေ ပရဟိတရေးရာ ကော်မရှင်မှ မန်နေဂျာဖြစ်သူ နစ်က် ဒေါ်နယ်ဆန်ကမူ ပါလက်စတိုင်း၊ ပါကစ္စတန်၊ ဟေတီနှင့် ကမ္ဘာတစ်ဝှမ်း အခြားဒေသများမှ အတိဒုက္ခရောက်နေသူများကို ထောက်ပံ့ပေးသည့် စီမံကိန်းများအပါအ၀င် ထိုလှူဒါန်းမှုများကြောင့် အထောက်အကူဖြစ်မည့် စီမံကိန်းများမှာ အလွန်များပြားသည်ဟု ပြောကြားခဲ့သည်။

    ယခင်လေ့လာမှုများအရ ဗြိတိန်မွတ်စလင်များမှာ ဗြိတိန်ရှိ လူ့အဖွဲ့အစည်းများတွက် ရက်ရောက်မှုအရှိဆုံး လူ့အဖွဲအစည်းဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး ဗြိတိန်မွတ်စလင်တစ်ဦးလျှင် ပျမ်းမှ ၃၇၁ ပေါင် လှူဒါန်းသည်ဟု စာရင်းဇယားများက ဖော်ပြနေသည်။

    Ref: buzzfeed

  • တရုတ်နိုင်ငံရှိ မြို့များ၏ ၃၀ ရာခိုင်နှုန်းတွင် လေထုညစ်ညမ်းမှု ဖြစ်နေ

    တရုတ်နိုင်ငံရှိ မြို့များ၏ ၃၀ ရာခိုင်နှုန်းတွင် လေထုညစ်ညမ်းမှု ဖြစ်နေ

    ဇူလိုင် ၂၂၊ ၂၀၁၆
    M-Media

    pollutine

    – အခုနှစ် ဒုတိယ ၃ လပတ် စောင့်ကြည့်လေ့လာမှုများအရ တရုတ်နိုင်ငံရှိ မြို့များအနက် သုံးပုံတစ်ပုံခန့်ဟာ လေထုညစ်ညမ်းမှုအဆင့် မြင့်တက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားရေး အဖွဲ့တစ်ခုဖြစ်တဲ့ Greenpeace က ပြောဆိုလိုက်ပါတယ်။

    တရုတ်နိုင်ငံကမြို့တွေဟာ ဓာတ်အားပေးစက်ရုံကြီးတွေ၊ စက်မှုလုပ်ငန်းကြီးတွေ တည်ရှိမှုနဲ့ မော်တော်ကားအသုံးပြုမှုတွေကြောင့် လေထုညစ်ညမ်းမှုဒဏ် အပြင်းအထန်ခံစားနေရတာ ဖြစ်ပြီး ဒါဟာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အဓိက မနှစ်မြို့ဖွယ်ရာ ပြဿနာတစ်ခု ဖြစ်လာပါတယ်။

    ဧပြီလကနေ ဇွန်လအထိ စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ မြို့ပေါင်း ၁၀၃ မြို့ရဲ့ လေထုအရည်အသွေးဟာ နှစ်အလိုက်ကြည့်မယ်ဆိုရင် ပိုပြီး ဆိုးရွားတာကို တွေ့ခဲ့ရပြီး ဒီအရေအတွက်ဟာ စောင့်ကြည့်မှုစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေရဲ့ ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    အချက်အလက်တွေကို တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ ရယူထာတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အချက်အလက်များသာဖြစ်ကာ အရင်အချက်အလက်တွေနဲ့ နှိုင်းယှဉ် ထုတ်ပြန်ထားတာမျိုးတော့ မဟုတ်ပါဘူး။

    တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းမှာ လေထုညစ်ညမ်းမှုအဆင့် PM2.5 ဟာ ၂၀၁၅ ခုနှစ် ဒုတိယ ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ၆.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ဘေဂျင်းမှာတော့ ၆.၉ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ PM2.5 အဆင့်ဟာ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အဆင့်မျိုးဖြစ်ပြီး၊ ပန်းနာရင်ကျပ်နဲ့ နှလုံးရောဂါလို ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

    တရုတ်အစိုးရကတော့ ‘လေထုညစ်ညမ်းမှု တိုက်ပွဲ’ ဆင်နွှဲနေတယ်လို့ ကြေငြာထားပြီး ကျောက်မီးသွေးနဲ့ ရုပ်ကြွင်းလောင်စာကထွက်တဲ့ စွမ်းအင်အချိုးကို လျှော့ချပစ်မယ်လို့ ကတိပြုထားပါတယ်။ ဒါပေမယ့် လေ့လာသူတွေကတော့ အစိုးရရဲ့ ဆောင်ရွက်မှုဟာ မျှော်လင့်ထားသလောက် ဖြစ်မလာဘူးလို့ ဆိုပါတယ်။

    Ref : channelnewsasia

  • ကမန်များကို ဘင်္ဂလီသွေးနှောဟု ဖော်ပြမှုကြောင့် နိုင်ငံတော်သို့ ကမန်လူမှုကွန်ရက် တိုင်ကြား

    ကမန်များကို ဘင်္ဂလီသွေးနှောဟု ဖော်ပြမှုကြောင့် နိုင်ငံတော်သို့ ကမန်လူမှုကွန်ရက် တိုင်ကြား

    ဇူလိုင် ၂၁ ၊ ၂၀၁၆
    M-Media
    သတင်း- သူရိန်

    ရခိုင်ပြည်နယ် သံတွဲမြို့နယ် အတွင်းရှိ ဒေသခံ ကမန်တိုင်းရင်းသားများအား လ.ဝ.က က ဘင်္ဂလီသွေးနှောများ အဖြစ် ရေးသွင်းနေမှုများကို ကမန်တိုင်းရင်းသား လူမှုကွန်ရက်က ဇူလိုင်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် သမ္မတဦးထင်ကျော် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ တိုင်ကြားလိုက်ပါတယ်။

    တိုင်ကြားမှုနှင့် ပတ်သက်၍ ကမန်တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဌ ဦးထွန်းငွေက ” ကျွန်တော်တို့ ၂၀၁၅မှာ မိုးပွင့် စီမံကိန်းနဲ့ လ.ဝ.က ဌာနကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ အခုရက်၁၀၀ စီမံကိန်းဖြစ်တဲ့ သစ္စာစီမံချက်ပေါ့။ အဲ့ဒီထဲမှာလည်း ကျွန်တော်တို့ ဆော်သြခဲ့ပါတယ်။ မဆောင်ရွက်နိုင်တဲ့ အပြင် သူတို့ N.V.C လို့ခေါ်တဲ့ အစိမ်းရောင်ကဒ်တွေ ထုတ်ပေးတာတော့ ရှိပါတယ်။ နောက်ပြီးတော့ လ.ဝ.က က စာရင်းဇယားအရ ကမန်တိုင်းရင်းသား ကျေးရွာတွေကို သွေးနှောဆိုပြီး ဘင်္ဂလီဆိုပြီး ရေးထားတာတွေ့ရပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ကမန်တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ပြန်လည် ရရှိရေးနဲ့ မှန်မှန်ကန်ကန် ဖော်ထုတ်နိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုဟ်နဲ့ သမ္မတကြီးတို့ကို လိပ်မူပြီးတော့ လ.ဝ.ကတို့ ဘဘ ဦးတင်ဦးတို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ကို မိတ္တူစာများ ပို့ပါတယ်” ဟု M-Media သို့ ပြောကြားပါတယ်။

    သံတွဲမြို့နယ်အတွင်း ကမန်ကျေးရွာ ၁၉ရွာရှိပြီး အဆိုပါ ကျေးရွာများတွင် လ.ဝ.က ၏ ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ၎င်းက ” အဲ့ဒီကျေးရွာတွေအားလုံးကို ဘင်္ဂလီဆိုပြီး ခေါင်းစဉ်တပ်ထားတာ တစ်ရွာလုံးလို ဖြစ်နေပါတယ်။ အဲ့ဒီရွာတွေကို ပါပေါင်းလိုက်ရင် လူဦးရေက (၈၅၀၀) လောက်ရှိပါတယ်” လို့ ပြောပါတယ်။

    ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံကမန်လူမျိုးများဟာ မွေးရာပါ တိုင်းရင်းသားများ ဖြစ်လင့်ကစား လ.ဝ.က ဝန်ထမ်းများ၏ အစွန်းရောက်မှု၊ ဘာသာရေး ခွဲခြားဆက်ဆံမှုများကြောင့် တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေပြီး ဘင်္ဂလီသွေးနှောများအဖြစ် ဖော်ပြခြင်းသည် ကမန်တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာကို စော်ကားခြင်း ဖြစ်ကြောင်း၊ ကမန်တိုင်းရင်းသားများကို ပျောက်ပျက်သွားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် သဘောဖြစ်ကြောင်း အဆိုပါ တင်ပြတိုင်ကြားစာမှာ ပါရှိပါတယ်။

    တိုင်ကြားစာတွင် ကမန်ကျေးရွာများရှိ တိုင်းရင်းသား ကမန်များကို ဘင်္ဂလီသုံးနှုန်းမှုများအား ကမန်တိုင်းရင်းသား အဖြစ် ပြင်ဆင်ပေးပြီး တာဝန်ရှိသူများကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။ ဒါ့အပြင် ကမန်တိုင်းရင်းသားများကို N.V.C ကဒ်ထုတ်ပေးနေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးရန်နှင့် လ.ဝ.က ဌာန၏ သစ္စာစီမံချက်နှင့် အညီ မိဘဘိုးဘေးများကို မှန်ကန်စွာ စိစစ်ပြီး နိုင်ငံသား စိစစ်ရေး ကဒ်များ မရရှိသေးသူများကို အမြန်ဆုံး ထုတ်ပေးရန် ဖော်ပြပါရှိသည်။

    ကမန်တိုင်းရင်းသားများဟာ သမိုင်းကြောင်းအစဉ်အဆက်အရ မြန်မာပြည်တွင် နေထိုင်ခဲ့ကြသော ဘုရင့်အမှုထမ်း လေးသည်တော် မျိုးနွယ်ဆက်များ ဖြစ်ပြီး ယခက်ခေတ်အဆက်ဆက်တွင်လည်း ရခိုင်မျိုးနွယ်ဝင် ကမန်များကို ရခိုင် လူမျိုးဟုပင် လ.ဝ.က က မှတ်တမ်းပြုမှုရှိခဲ့ကြောင်းလည်း သိရသည်။

    **နိုင်ငံတော် သမ္မတဦးထင်ကျော် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ပေးပို့ထားသည့် စာအား ပူးတွဲ၍ ဖော်ပြလိုက်ပါသည်။

    ဆက်စပ်သတင်းဖတ်ရန်
    ———————-
    သန်းခေါင်စာရင်း ပျက်ဆီး၍ ပြန်လျောက်တဲ့ ကမန်အချို့ လူမျိုးနာမည် ပါမလာတော့

    http://www.m-mediagroup.com/news/57601

    13781923_269730393406021_4439538278015034119_n

    13718523_269730470072680_8224461878928223209_n

    13697294_269730533406007_2965651063927576660_n