ဇူလိုင် ၂၇၊ ၂၀၁၆
M-Media
– နေရောင်ခြည်စွမ်းအင်ကိုသာ အသုံးပြုသည့် ပထမဆုံး လေယာဉ်ဖြစ်သော Solar Impulse 2 ၏ သမိုင်းဝင် ကမ္ဘာတစ်ပတ်ခရီးစဉ်မှာ ယမန်နေ့က အဘူဒါဘီသို့ ဆင်းသက်မှုနှင့်အတူ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဟု သိရသည်။
နောက်ဆုံးခရီးစဉ်အဖြစ် အဆိုပါလေယာဉ်မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှ ယခုတစ်ပတ်အစောပိုင်းက ထွက်ခွာလာခြင်းဖြစ်ပြီး မိုင်ပေါင်း ၂၅၀၀၀ ရှိကာ ခရီးစဉ် ၁၆ ခု ပိုင်းခြားသတ်မှတ်ထားသည့် ၎င်းတို့၏ ကမ္ဘာတစ်ပတ်အစီအစဉ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
“အခုတော့ ကျွန်တော်တို့ဟာ အတူမက်ခဲ့ရတဲ့အိပ်မက် အကောင်အထည်ပေါ်မှုကို မြင်တွေ့နေရပါပြီ။ ဆိုလာလေယာဉ်နဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာပတ်နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားမှု၊ မျက်ရည်ကျမှု၊ စိတ်သက်သာရမှု၊ ပီတိဖြစ်မှုတွေကို ကျွန်တော်တို့ အခု ခံစားနေရပါတယ်” ဟု ဆွစ်ဇာလန်နိုင်ငံတွင် အခြေစိုက်သည့် အဆိုပါ Solar Impulse 2 အသင်းက ၎င်းတို့၏ ဘလော့ဂ်စာမျက်နှာတွင် ရေးသားခဲ့သည်။
အဆိုပါ ကမ္ဘာတစ်ပတ် ခရီးစဉ်ကို ၂၀၁၅ ခုနှစ် မတ်လက အဘူဒါဘီမှ စတင်ခဲ့ခြင်းဖြစ်ပြီး ပစိဖိတ် သမုဒ္ဒရာနှင့် အတ္တလန်တိတ် သမုဒ္ဒရာ ၂ ခုစလုံးကိုလည်း လောင်စာဆီအသုံးမပြုဘဲ ပထမဆုံး ဖြတ်ကျော်နိုင်ခဲ့သည့် သမိုင်းမှတ်တမ်းကို ရရှိခဲ့သည်။
တောင်ပံအလျားမှာ ဘိုးအင်း ၇၄၇ လေယာဉ်ထက်ရှည်ပြီး သာမန် အိမ်စီးကားတစ်စီးခန့်သာ အလေးချိန်ရှိသည့် အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဆွစ်ဇာလန် အင်ဂျင်နီယာ ပစ်ကာ့ဒ်နှင့် စီးပွားရေးသမား ဘာထရန် ဘော့စ်ခ်ျ ဘာ့ဂ်တို့က တီထွင်ကာ ၎င်းတို့ကိုယ်တိုင် တစ်လှည့်စီ ပျံသန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါလေယာဉ်မှာ နေ့ဘက်တွင် နေရာင်ခြည်စွမ်းအင်ကို အသုံးပြု၍ ပျံသန်းပြီး တစ်ချိန်တည်းတွင် ဘက်ထရီကိုလည်း အားသွင်းကာ ညပိုင်းတွင် ထိုဘက်ထရီကို အသုံးပြု၍ ပျံသန်းခြင်းဖြစ်သည်။
“အင်မတန်မှ ထူးခြားတဲ့ ကာလပါပဲ။ ဒီရည်ရွယ်ချက်အောင်မြင်ဖို့အတွက် ကျွန်တော်ဟာ ၁၅ နှစ်လောက် အလုပ်လုပ်ခဲ့ရတာပါ။ ဒီအောင်မြင်မှုဟာ လေကြောင်းသမိုင်းမှာတင် ပထမဆုံးမဟုတ်ဘဲ၊ စွမ်းအင်သမိုင်းမှာလည်း ပထမဆုံးဖြစ်တယ်ဆိုတာ လူတွေ နားလည်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု နောက်ဆုံး ခရီးစဉ်ကို မောင်းနှင်ခဲ့သည့် ပစ်ကာ့ဒ်က ပြောကြားခဲ့သည်။
Ref: the guardian, CNN
Leave a Reply
You must be logged in to post a comment.