News @ M-Media

Blog

  • အာဏာသိမ်းရန် ကြိုးစားမှုကို အကြောင်းပြကာ စာသင်ကျောင်းနှင့် ပရဟိတအဖွဲ့များကို တူရကီ ပိတ်ပစ်

    အာဏာသိမ်းရန် ကြိုးစားမှုကို အကြောင်းပြကာ စာသင်ကျောင်းနှင့် ပရဟိတအဖွဲ့များကို တူရကီ ပိတ်ပစ်

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    erdogan 2

    – မအောင်မြင်သော အာဏာသိမ်းမှုပြီးနောက် အမေရိကန်အခြေစိုက် တူရကီအတွေးအခ်ါပညာရှင် ဂူလန်နှင့် ဆက်နွယ်သည်ဟု သံသယရှိသော ပုဂ္ဂလိကကျောင်းများ၊ ပရိဟိတအသင်းအဖွဲ့များနှင့် တက္ကသိုလ်ပေါင်းများစွာကို တူရကီသမ္မတ အာဒိုဂန်က ယမန်နေ့တွင် ပိတ်ပစ်လိုက်သည်ဟု သိရသည်။

    ပုဂ္ဂလိကကျောင်း ၁၀၄၃ ကျောင်း၊ ပရဟိတအဖွဲ့နှင့် ဖောင်ဒေးရှင်း ၁၂၂၉ ခု၊ ကုန်သွယ်ရေးသမဂ္ဂ ၁၉ ခု၊ တက္ကသိုလ် ၁၅ ခုနှနှင့် ဆေးဘက်ဆိုင်ရာ အသင်းအဖွဲ့ပေါင်း ၃၅ ခုတို့ဖြစ်ပြီး တိုင်းပြည်အား ၃ လတာ အရေးပေါ်အခြေအနေ ကြေငြာပြီး နောက်ပိုင်း အာဒိုဂန်က ပထမဆုံး ထုတ်ပြန်သော ပိတ်ပင်မှုလည်းဖြစ်သည်။

    ထိုအသင်းအဖွဲ့များမှာ အမေရိကန်အခြေစိုက် တူရကီပညာရှင် ဖီသွလ္လာဟ် ဂူလန်နှင့် ဆက်နွယ်မှုရှိသည်ဟု အာဒိုဂန်က ပြောကြားခဲ့သည်။ ဂူလန်မှာ ယခင်က အာဒိုဂန်၏ မဟာမိတ်တစ်ဦးဖြစ်သော်လည်း တူရကီအစိုးရ၏ အကျင့်ပျက်ခြစားမှုများကို ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် အာဒိုဂန်၏ရန်သူ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က မအောင်မြင်သော အာဏာသိမ်းမှုနောက်ကွယ်တွင် ဂူလန်ရှိနေသည်ဟု တူရကီအစိုးရက ပြောကြားခဲ့ပြီး၊ စစ်တပ်၊ ရဲ၊ တရားရေးဌာန၊ စည်ပင်သာယာနှင့် အခြားသော အစိုးရအစိတ်အပိုင်းများတွင် ၎င်းအား ထောက်ခံသူများအား ပြင်းပြင်းထန်ထန်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်။

    Ref: RT

  • ယူရိုနာကျင်မှုကို အသုံးချရန် အင်္ဂလန်နည်းပြသစ်ပြော

    ယူရိုနာကျင်မှုကို အသုံးချရန် အင်္ဂလန်နည်းပြသစ်ပြော

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    england 4

    – ယူရို ၂၀၁၆ တွင် ခံစားခဲ့ရသည့် ခါးသီးသော နာကျင်မှုကို ၂၀၁၈ ကမ္ဘာဖလားအတွက် တွန်းအားအဖြစ် အသင်းသားမျာအား အသုံးချစေချင်သည်ဟု အင်္ဂလန်နည်းပြသစ် ဆမ် အာလာဒွိုက်စ်က ပြောကြားလိုက်သည်။

    ၁၆ သင်းအဆင့်တွင် အသင်းငယ် အိုက်စလန်အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသောကြောင့် အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး သောကြာနေ့တွင် အာလာဒွိုက်စ်က အင်္ဂလန်အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    အလာဒွိုက်စ်မှာ ၂၀၀၆ ခုနှစ် အင်္ဂလန်နည်းပြဖြစ်ရန် လက်တစ်ကမ်းအလိုတွင်မှ လွဲချော်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးလောကတွင် တာဝန်အကြီးဆုံး အဆိုပါရာထူး ရရှိခြင်းအတွက် ၎င်းက ကျေနပ်နေသည်။

    “ပထမဆုံအနေနဲ့ လုပ်ရမှာကတော့ ယူရိုအပြီး ဆုံးရှုံးသွားတဲ့ သူတို့ရဲ့ ယုံကြည်မှုကို ပြည်လည်ရရှိအောင် ဖြစ်ပါတယ်။ ဒီနာကျင်မှုကို စွန့်လွှတ်ဖို့နဲ့ မေ့ပစ်ဖို့ပါ။ ပြီးတော့ ယူရိုမှာ သူတို့ တွေ့ကြုံခံစားခဲ့ရတာတွေကို အတူယူဖို့ပါပဲ။ အဲဒါဟာ ခါးသီးတဲ့ အတွေ့အကြုံမျိုးဆိုတာ ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့် မောင်းနှင်အားတစ်ခုအဖြစ် ကစားသမားတွေက မှတ်ယူနိုင်ပါတယ်။ ဒီခါးသီးမှုကို သူတို့ ပုံစံပြောင်းပြီး အကောင်းဘက်နေ အသုံးချသင့်ပါတယ်။ ပြီးတော့ သူတို့ဟာ ဒီလို အတွေ့အကြုံမျို ထပ်မလိုချင်တော့ဘူးလို့လည်း သန္ဓိဌာန်ချထားရပါမယ်” ဟု အာလာဒွိုက်စ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြူးနစ်ပစ်ခတ်မှုမှာ စိတ်ရူးထသည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော

    မြူးနစ်ပစ်ခတ်မှုမှာ စိတ်ရူးထသည့် လုပ်ရပ်ဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့ပြော

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    munich

    – သောကြာနေ့ညပိုင်းက မြူးနစ်မြို့ရှိ ရှော့ပင်းမောသို့ ၀င်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စိတ်ဝင်စားနေသူဖြစ်ကြောင်း ဂျာမနီရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အသက် ၁၈ နှစ်အရွယ် အဆိုပါသေနတ်သမားမှာ အနက်ရောင်ဝတ်စုံဝတ်ကာ ရှော့ပင်းမောထဲသို့ ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လူ ၉ ဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင် သေနတ်သမားမှာ ၎င်းကိုယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုသေနတ်သမား၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာတွင် Rampage in Head: Why Students Kill ကဲ့သို့ လူ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စာအုပ်အများအပြားကို တွေ့ရှိခဲ့ရပြီး ထိုကျူးလွန်မှုကို ၎င်းတစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

    သေဆုံးသူ ၉ ဦးတွင် ၃ ဦးမှာ မိမိတို့နိုင်ငံသားများဖြစ်သည်ဟု ကိုဆိုဗိုမှ ကြေငြာခဲ့ပြီ မြူးနစ်ရဲတပ်ဖွဲ့ကမူ ဒဏ်ရာရသူများတွင် ကလေးငယ်များ ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    မြူးနစ်ရဲတပ်ဖွဲ့အကြီးအကဲ ဟူဘာတက်စ်ကလည်း ထိုတိုက်ခိုက်မှုတွင် လွန်ခဲ့သည့် ၅ နှစ်က နော်ဝေနိုင်ငံ၌ လူအစုလိုက်အပြုံလိုက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် အန်ဒရက်စ် ဘရီဗစ်၏ လုပ်ရပ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယခု ကျူးလွန်သူမှာ စိတ်ရူးထသူတစ်ဦးက ပြုလုပ်သည့် လုပ်ရပ်မျိုးဖြစ်ပြီး၊ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကို စိတ်ဝင်စားမှု ပုံစံမျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မင်္ဂလာဒုံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုကြောင့် လူ ၂၀၀ ခန့် အပြင် ထွက်ခွင့်ပိတ်ပင်

    မင်္ဂလာဒုံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုကြောင့် လူ ၂၀၀ ခန့် အပြင် ထွက်ခွင့်ပိတ်ပင်

    13775813_307297639603152_7422064753047467807_n
    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တိလောက ရပ်ကွက်တွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ( ဆုံဆို့နာ) ဖြစ်ပွားကြောင့် ယင်းရပ်ကွက်တွင် နေထိုင်သူ လူဦးရေ ၂၀၀ ခန့်ကို ကျန်းမာရေး ဦးစီးဌာနက အပြင်သို့ သွား လာခွင့် ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။
    .
    တိလောက ရပ်ကွက်တွင် ကူးစက်မြန်နှင့် အသေအပျောက်မှုန်းမြင့်မားသည့် ဆုံဆို့နာ ရောဂါ လူနာ တဦး တွေ့ရှိပြီး နောက် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းမှစတင်ပြီး အဆိုပါ ရပ်ကွက်ပတ်ဝန်းကျင်တွင် နေထိုင်သော လူဦးရေ ၂၀၀ ခန့်ကို အာဏာပိုင်များက သွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ သွားလာမှု ကန့်သတ် ခံထားရသော ဒေသခံ ၂၀၀ သည် ငွေကြေးချို့တဲ့သူများဖြစ်၍ အကူအညီ လိုအပ်နေကြောင်း၊ ၎င်းတို့ကို သက်ဆိုင်ရာ အနီးကပ် ကြည့်ရှုစောင့်ရှောက်နေကြောင်း သိရှိရသည်။
    .
    “အဲဒီရပ်ကွက်မှာ ဆုံဆို့နာ ဖြစ်တဲ့ လူနာတဦးတွေ့တယ်။ အဲဒါကြောင့် ကျန်းမာရေး ၀န်ကြီးဌာနက ကန့်သတ် တာပေါ့။ လတ်တလော ကျနော်လည်း အဲဒီဒေသခံတွေ စားဖို့ ထမင်းတနပ်စာ ၅၀၀၀၀ လှူထားတယ်။ ၁၀ ရက် တောင်ဆိုတော့ သူတို့ စားဝတ်နေရေးအတွက် လိုအပ်ချက်ရှိမယ်။ အဲဒီရပ်ကွက်မှာ နေတာက တနေ့ လုပ်မှ တနေ့စားတွေချည်းပဲ။ ဆုံဆို့နာ ဖြစ်တဲ့ လူနာကတော့ သက်သာလာပြီ ပြောတယ်” ဟု မင်္ဂလာဒုံမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ဧရာဝတီသို့ ပြောသည်။
    .
    ဧရာဝတီက မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက် အသွယ် မရရှိခဲ့ပေ။ မင်္ဂလာဒုံမြို့နယ်၊ တိလောက ရပ်ကွက်မှ ဒေသခံများမှာ ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ၁၀ ရက်တာ အပြင်ထွက်ခွင့်မရှိဘဲ နေထိုင်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။
    .
    အပြင်ထွက်ခွင့် ကန့်သတ်ခံထားရသော ဒေသခံ ၂၀၀ တွင် အလုပ်သမားများပါဝင်နေရာ ၁၀ ရက်တာ အလုပ်မဆင်းနိုင်မှုအတွက် သက်ဆိုင်ရာ ကုမ္ဗဏီ၊ အလုပ်ရုံများများနှင့် ဆက်သွယ်၍ လုပ်ခလစာ မဖြတ် တောက်ဘဲ လစာပုံမှန်ရရှိရန်လည်း ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ရှင်းပြသည်။
    .
    မေလ ၂၅ ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၅/၇) ရပ်ကွက်ရှိ မြိုင်သီလရှင် စာသင်တိုက်တွင် ကျောင်းအိပ်၊ ကျောင်းစား များအဖြစ် လာရောက်ပညာသင်ကြားနေသည့် တိုင်းရင်းသား ကလေး ငယ် ၄ဝဝ ခန့်အနက်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အသက် ၁ဝ နှစ် ခန့်ရှိ တိုင်းရင်းသားကလေးငယ်တဦးသည် ကူးစက်မြန်ဆုံဆို့နာရောဂါဖြစ်ပွားပြီး ဆေးရုံတင်ကုသမှု ခံယူခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့တွင် သေဆုံး သွားခဲ့သည်။
    .
    ၂၀၁၆ ခုနှစ် ပထမ ၆ လတာ ကလာအတွင်း ကူးစက်မြန် ဆုံဆို့နာ ရောဂါ ဖြစ်ပွားသူ ၂၀ ရှိပြီး သေဆုံးသူ ၆ ဦးရှိနေကြောင်း၊ ၂ဝ၁၅ ခုနှစ် ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် ဆမ်ဆန်ကျေးရွာမှာ ၃၂ ဦးဖြစ်ပွားမှု အပါအဝင် စုစုပေါင်း ၈၄ ဦး ဖြစ်ပွားခဲ့ပြီး ၁ဝ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအချက် အလက်များအရ သိရှိရသည်။
    .
    ဓါတ်ပုံအညွှန်း- ဆုံဆို့နာရောဂါဖြစ်နေသည့် မင်္ဂလာဒုံ တိလောကရပ်ကွက်။ (ဓာတ်ပုံ- လွှတ်တော်အမတ် ဦးအောင်လှိုင်ဝင်း ဖေ့စ်ဘုတ်)
    .
    ဧရာဝတီမှ ကူးယူဖော်ပြသည်။
    .
    http://burma.irrawaddy.com/news/2016/07/23/119017.html

  • မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၁ ကြိမ် မှာ (၄၄၀၀) ဦးလှူဒါန်းခဲ့

    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ဦးစီးတဲ့ သွေးလှူဒါန်းမှု ၂၁ ကြိမ် မှာ (၄၄၀၀) ဦးလှူဒါန်းခဲ့

    ဇူလိုင် ၂၃ ၊ ၂၀၁၆
    M-Media
    သတင်း – သူရိန်
    10
    အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့ မ.မ.လ ဌာနချုပ် မှ ကြီးမှူး၍ ပြုလုပ်သော သွေးလှူဒါန်းမှုမှာ ဇူလိုင်လ ၁၇ရက်နေ့တွင် ၂၁ကြိမ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

    သွေးလှူဒါန်းရခြင်းဟာ အဓိကအားဖြင့် ကိုယ်ကျင့်တရားတွေ စောင့်ထိန်းနိုင်ပြီး မျှော်လင့်ချက်မပါဘဲ လူမျိုးဘာသာမရွေးကို ကူညီဖို့ လုပ်တာလို့ မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး ကော်မတီဥက္ကဌ ဟာဂျီမ ဒေါ်ချိုက ” မြန်မာမွတ်စလင်မ် လူငယ်တွေရဲ့ ကိုယ်ကျင့်တရား စောင့်ထိန်းနိုင်ဖို့ လုပ်ရတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ နောက်ပြီးတော့ သူတို့ဆီက ထွက်လာတဲ့ သွေးတွေကို လူမျိုးမရွေး ဘာသာမရွေး တကယ်လိုအပ်တဲ့ သူတွေကို ပေးချင်လို့ မျှော်လင့်ချက် မရှိဘဲ အလှူဆိုတဲ့ ဒါနမြောက်အောင် ပေးချင်တဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်” ဟု ပြောပါတယ်။

    သွေးလှူဒါန်းပွဲမှာ လာရောက် သွေးလှူဒါန်းတဲ့ အသက် ၂၄နှစ်အရွယ် ကိုရန်နိုင်ဦးကတော့ ၎င်း သွေးလှူရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်ရကြောင်း၊ မိမိသွေးဖြင့် တပါးသူ အသက်ရှင်သန်ရေးအတွက် ကူညီရတာ ဝမ်းသာကြောင်း ပြောပါတယ်။

    မ.မ.လ ဌာနချုပ်သည် ၂၀၀၉ ခုနှစ်ကတည်းက ရန်ကုန်မြို့ အမျိုးသား သွေးလှူဘဏ်တွင်  ၄လတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းမှု ပြုလုပ်လာခဲ့ရာ ယခု ၂၁ကြိမ်ထိဆိုလျှင် သွေးလှူဒါန်းသူ လေးထောင့် လေးရာကျော်ရှိပြီလို့လည်း သိရပါတယ်။

    အဆိုပါ သွေးလှူဒါန်းပွဲများမှာ အစ္စလာမ် ဘာသာဝင်များသာမက မြန်မာပြည်တွင်းက လူမျိုးစုံ ဘာသာစုံမှ ပါဝင်လှူဒါန်း ခဲ့ကြကြောင်း မ.မ.လ ဌာနချုပ် သွေးလှူဒါန်းရေး တာဝန်ခံ ဦးအောင်ကျော်ဦးက ဆိုပါတယ်။

    ” သွေးလှူပွဲမှာ အစ္စလာမ် ဘာသာဝင်တွေသာမကပဲနဲ့ အခြားဘာသာဝင်တွေ စိတ်ဝင်စားတဲ့ လူငယ်မောင်မယ်အားလုံးက အဘက်ဘက်က ဝိုင်းဝန်းပြီးတော့ ပါဝင်ပေးကြပါတယ်။ အခုဒလမြို့နယ်ဆိုရင် ဗုဒ္ဓဘာသာလူငယ်လူကြီးတွေ ပေါင်းပြီးတော့ ပါဝင်လှူဒါန်းပေးပါတယ်” ဟု ဘာသာပေါင်းစုံမှ သွေးလှူရှင်တွေ ပါဝင်လှူဒါန်းမှုကို ရှင်းပြပါတယ်။

    ကုရ်အာန် ကျမ်းမြတ်ကဏ္ဍ ၅ အပိုဒ် ရေ ၃၂အရ ” မည်သူမဆို လူသားတစ်ဦးအား အသက်ရှင်စေခဲ့လျှင် ထိုသူသည် လူသားထုတစ်ရပ်လုံးအား အသက်ရှင်စေသကဲ့သို့ ဖြစ်သည်” ဟု မိန့်ဆိုထားသဖြင့် အစ္စလာမ် ဘာသာဝင်များသည် ဘာသာလူမျိုး တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သွေးလှူခြင်း ပရဟိတ ပြုကြကြောင်း သိရပါတယ်။

    11

    2 3 7 8