ဇူလိုင် ၂၅၊ ၂၀၁၆
M-Media
– ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် မျက်ရည်ယိုဗုံး စမ်းသပ်လေ့ကျင့်မှုအစီအစဉ်က ပြည်သူများကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး၊ အရေးပေါ်လူနာတင်ယာဉ်များ ရောက်ရှိသည်အထိ ဖြစ်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်က ပြုလုပ်ခဲ့သည့် အဆိုပါ လေ့ကျင်မှုကြောင့် သံရုံးဝင်းအတွင်း မီးခိုးများ အူထွက်လာခဲ့ပြီး ဆိုရှယ်မီဒီယာများတွင်လည်း အမေရိကန်သံရုံးအတွင်း ပေါက်ကွဲမှုဖြစ်သည်ဟု သတင်းများ ပြန့်နှံ့သွားခဲ့သည်။
သို့သော်လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူ ဇော်ဝင်းကမူ ဗုံးပေါက်ကွဲခြင်းမဟုတ်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
“သံရုံးဝင်းအတွင်းက လေ့ကျင့်ရေးကွက်လပ်မှာ မျက်ရည်ယိုဗုံးကို သူတို့ စမ်းသပ်တာပါ။ မီးခိုးတွေက သံရုံးရှေ့က လမ်းပေါ်ကိုရောက်လာပြီး လူတွေကလည်း ညှော်နံ့တွေရတာကြောင့် ကျွန်တော်တို့ကို အကြောင်းကြားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုအဖြစ်အပျက်တွင်း မည်သူမှ ထိခိုက်ခဲ့ခြင်းမရှိသလို သံရုံးဝင်းအတွင်း ပျက်ဆီးမှုလည်းမရှိကြောင်း၊ သံရုံးကမူ ၎င်းတို့၏ ထိုစမ်းသပ်မှုအား ရဲတပ်ဖွဲ့ကို အကြောင်းမကြားခဲ့မှုအတွက် တောင်းပန်သည်ဟု ပြောကြားခဲ့ကြောင်း ဇော်ဝင်းက ထပ်လောင်း ပြောဆိုခဲ့သည်။
၂၀၁၁ ခုနှစ်က ဆင်းသွားခဲ့သော ယခင်စစ်အာဏာရှင်လက်ထက်တွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဖြစ်လေ့ဖြစ်ထရှိပြီး မကြာသေးမီနှစ်များအတွင်း ထိုအဖြစ်အပျက်များကို တွေ့ရှိရခြင်း မရှိတော့ပေ။
Ref : mmtimes


Leave a Reply
You must be logged in to post a comment.