News @ M-Media

Blog

  • လူမျိုးဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မန္တလေးမြို့ ရန်ကင်းတောင်ခြေတွင် စုပေါင်းလမ်းလျှောက်

    လူမျိုးဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မန္တလေးမြို့ ရန်ကင်းတောင်ခြေတွင် စုပေါင်းလမ်းလျှောက်

    13754637_1228273143858270_6053106508638544754_n
    မန္တလေး၊ ဇူလိုင် ၁၅
    ကမ္ဘာကြီးတွင် မှီတင်းနေထိုင်ကြသော လူမျိုးဘာသာမရွေး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအတွက် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ကျေးရွာအုပ်စု ရန်ကင်းတောင်ခြေတွင် ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီ ခွဲက ရဟန်း၊ သံဃာနှင့် ကျောင်း သား၊ ကျောင်းသူအင်အား ၃ဝဝ ကျော် ဖြင့် စုပေါင်းလမ်းလျှောက်ပွဲပြုလုပ် ခဲ့ကြကြောင်း သိရသည်။
    .
    ”လူမျိုးတိုင်းမှာ လူကောင်းရှိသလို လူဆိုးလည်းရှိတယ်၊ အခုခေတ်မှ လူမှုကွန်ရက်ကခေတ်စားလာတော့ အစွန်းရောက်တဲ့လူတွေက မကောင်းတဲ့ဝါဒတွေဖြန့်ပြီး ခိုက်ရန်ဖြစ်ပွား အောင်လုပ်နေကြတယ်။ သတင်း တစ်ခုထွက်တိုင်း စဉ်းစားချင့်ချိန်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင် စေချင်လို့ပါဝင်လမ်းလျှောက်ဖြစ်တာပါ”ဟု ပါဝင်လမ်းလျှောက်သူ ဆရာ တော်တစ်ပါးက မိန့်ကြားသည်။ ရန်ကင်းတောင်ခြေရှိ ငြိမ်းချမ်းရေး တက္က သိုလ်ရှေ့ကံထူးအောင် ကျောင်းတိုက်တွင် စုဝေး၍ ရန်ကင်း တောင်တက်လမ်းအတိုင်း ဥယျာဉ် ပရိယတ္တိစာသင်တိုက်အထိ ခွင့်ပြု မိန့်ဖြင့် စုပေါင်းလမ်းလျှောက်ခဲ့ပြီး i Peace စာသားပါ ပူဖောင်းများ ကိုင် ဆောင်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ခဲ့ကြသည်။
    .
    ဇူလိုင် ၁၅ ရက် နံနက် ၇ နာရီ ကကျင်းပသော ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေရှိ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်အလယ်ပင်မ ဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ပါမောက္ခချုပ် ဆရာတော် နှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်ခဲ့ပြီး ကမ္ဘာကြီးငြိမ်းချမ်း စေရန်ရည်ရွယ်၍ ရဟန်း၊ သံဃာ နှင့် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းလမ်းလျှောက်ခြင်းကို ဆက် လက်ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
    .
    AXE
    democracytoday‬ မှ ကူးယူဖော်ပြပါသည်။

    https://www.facebook.com/YangonMediaGroup/photos/a.335477406471186.83922.334119789940281/1228273143858270/?type=3

  • မြန်မာ့အလံသမိုင်း မရိုင်းစေချင်

    မြန်မာ့အလံသမိုင်း မရိုင်းစေချင်

    ဇူလိုင် ၁၈ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်- သာကီထက်ကောင်း
    .All Myanmar Flag
    များမကြာမီ အာဇာနည်နေ့ ရောက်ရှိလာပါတော့မယ်။ ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ အလံတစ်ဝက် လွှင့်ထူကြဖို့ ဆော်သြသတိပေးချက်များလည်း တွေ့ရပါတယ်။ တစ်လက်စတည်းမှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံတော် အလံအကြောင်းကို ကျွန်တော်တို့ကိုယ်တိုင် လေ့လာမိကြလားလို့ စဉ်းစားလိုက်မိပါတယ်။ ဒီအတွေးနဲ့အတူ အလံအကြောင်း ဗဟုသုတလေးကို ချရေးမိခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အလံဟာ ၁၁ မျိုးအထိ ပြောင်းလဲလာခဲ့ပြီဆိုတာ အသင်သိပါသလား ?
    .
    သမိုင်းအပြောင်းအလဲနှင့် နိုင်ငံတော်အလံ
    ——————————————
    ခိုင်မာတဲ့အထောက်အထားများအရ မြန်မာနိုင်ငံရဲ့ ပထမဆုံးအလံကို ဟံသာဝတီခေတ် (အေဒီ ၁၃၀၀-၁၅၀၀)မှာ စတင်တွေ့ရှိရပါတယ်။ နောက်ခံအစိမ်းမျက်နှာပြင်ဖြစ်ပြီး အလံရဲ့အလယ်ဗဟိုမှာ အ၀ါရောင်ဟင်္သာပုံ ရေးဆွဲထားပါတယ်။ (ပုံ – ၁)
    .
    ဒုတိယအလံတော်ဟာ ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂-၁၈၈၅)မှာ တွေ့ရပြီး နောက်ခံအဖြူပေါ် အမြီးဖြန့်ကျက်ထားတဲ့ ကဒေါင်းပုံနဲ့ ဖြစ်ပါတယ်။ (ပုံ – ၂)
    .
    တတိယအလံကတော့ ဗြိတိသျှအစိုးရခေတ်၊ မြန်မာနိုင်ငံကို အိန္ဒိယရဲ့ပြည်နယ်အဖြစ်သတ်မှတ်ထားချိန် (အေဒီ ၁၈၂၄-၁၉၃၇)က အသုံးပြုခဲ့တဲ့အလံဖြစ်တယ်။ အနီရောင်အောက်ခံ၊ ၀ဲဖက်ထိပ်ထောင့်မှာ ဗြိတိသျှအလံငယ်ပုံ၊ လက်ျာဖက်ပိုင်း အလယ်ဗဟိုမှာ နေမ၀င်အင်ပါယာတံဆိပ်နဲ့ ပုံဖော်ထားပါတယ်။ (ပုံ – ၃)
    .
    စတုတ္ထအလံကို အိန္ဒိယလက်အောက်ခံ အဖြစ်မှ ခွဲထွက်ချိန် (၁၉၃၉-၁၉၄၁ ခုနှစ်)မှာ ဗြိတိသျှဘားမားအလံ အဖြစ် တွေ့ရတယ်။ ဂျပန်ခေတ်မှာ အသုံးမပြုတော့ဘဲ ဂျပန်ခေတ်လွန် ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၃ ရက်မှ ၁၉၄၈ ခုနှစ်အထိ နောက်တစ်ကြိမ် အသုံးပြုခဲ့တယ်။ ဒီတစ်ခါမှာတော့ အောက်ခံအပြာရောင်၊ ၀ဲဖက်ထိပ်ထောင့်မှာ ဗြိတိသျှအလံငယ်ပုံ၊ လက်ျာဖက်ပိုင်း အလယ်ဗဟိုမှာတော့ နေမ၀င်အင်ပါယာတံဆိပ်အစား အ၀ါရောင်စက်ဝိုင်းထဲက အစိမ်းနုရောင် ကဒေါင်းပုံနဲ့ ဖော်ကျူးထားပါတယ်။ (ပုံ – ၄)
    .
    အဲ့ဒီကြားကာလအတွင်း (၁၉၄၁-၄၂ ခုနှစ်)မှာ အောက်ခံအပြာ၊ (ဗြိတိသျှအလံပုံ မပါတော့ဘဲ) အလယ်ဗဟိုတည့်တည့်မှာ အ၀ါရောင်စက်ဝိုင်းထဲက အစိမ်းနုရောင် ကဒေါင်းပုံကြီး တစ်ခုတည်းပါတဲ့ အလံကို ပဉ္စမမြောက်အလံအဖြစ် အသုံးပြုခဲ့ကြတယ်။ (ပုံ – ၅)
    .
    ဆဋ္ဌမမြောက်အလံကတော့ ဂျပန်ခေတ် (၁၉၄၂-၄၃ ခုနှစ်)က ဂျပန်အလံပဲဖြစ်ပါတယ်။ (ပုံ – ၆)
    .
    သတ္တမမြောက်အလံတော်ကို ယခုလက်ရှိအလံရဲ့နောက်ခံ ၀ါ၊ စိမ်း၊ နီ အစဉ်လိုက် ရွယ်တူအလျားမျဉ်းသုံးကြောင်း၊ အလယ်ဗဟိုမှာ စက်ဝိုင်းထဲက ကဒေါင်းပုံနဲ့ အသုံးပြုခဲ့ပါတယ်။ (ပုံ – ၇)
    .
    ၁၉၄၅ ခုနှစ်မှာ အထက်ပါအလံကိုပဲ ဒေါင်းပုံရဲ့ သရုပ်ဟန်ပန်းချီဟန် ပြောင်းလဲခဲ့တယ်။ (ပုံ – ၈)
    .
    ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် ဗြိတိသျှထံမှ လွတ်လပ်ရေးရချိန် ပြဋ္ဌာန်းအသုံးပြုခဲ့တဲ့အလံတော်က အောက်ခံအနီရောင်၊ အလံထိပ်ထောင့် အပြာကွက်ထဲ ကြယ်ဖြူကြီးတစ်ပွင့်ကို ကြယ်ဖြူလေး ငါးပွင့် ၀န်းရံထားတဲ့ပုံ ဖြစ်ပါတယ်။ ကြယ်ဖြူကြီးက ပြည်ထောင်ကို ကိုယ်စားပြုပြီး၊ ကြယ်ဖြူလေးငါးပွင့်ကတော့ လွတ်လပ်ရေးရကာစ အဓိကတိုင်းရင်းအုပ်စုကြီးငါးစုရဲ့ နယ်မြေများကို ကိုယ်စားပြုထားပါတယ်။ ဒီအလံဟာ န၀မမြောက်အလံတော် ဖြစ်ပါတယ် (ကြည့် – Myanmar (Burma) : former flags. Myanmars.net (4 January 1948). Retrieved on 2011-05-27.)။ ဒီအလံတော်ကို ၁၉၇၄ ခုနှစ်အထိ အသုံးပြုခဲ့တယ် (ကြည့် – Myanmar (Burma): former flags. Fotw.net. Retrieved on 27 May 2011. Archived 29 April 2011 at the Wayback Machine.)။ (ပုံ – ၉)
    .
    ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်မှာ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတအလံ အဖြစ် ဦးနေ၀င်းက ပြောင်းလဲအသုံးပြုစေခခဲ့တယ်။ ဒီအလံမှာတော့ ထိပ်ထောင့်အပြာကွက်အလယ်ဗဟိုမှာ အဖြူရောင်ခွေးသွားစိတ်ဘီးတစ်ခု၊ ဘီးအပေါ်မှာ စပါးနှံ၊ ပြီးတော့ သူတို့ကို ကြယ်ပွင့်ငယ် ၁၄ လုံးနဲ့ ၀ိုင်းရံပြီး ပုံဖော်ခဲ့ပါတယ်။ အဖြူရောင်ကြယ်ပွင့်ငယ် ၁၄ လုံးက တိုင်းနဲ့ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုပါတယ် (ကြည့် – Tai, Yu-liang. “緬甸 Myanmar/Burma” (in Chinese). Retrieved 23 October 2010.)။ စပါးနှံနဲ့ ခွေးသွားစိတ်ဘီးကတော့ (အဲ့ဒီခေတ် ကွန်မြူနစ်နဲ့ဆိုရှယ်လစ်နိုင်ငံများအတိုင်း) “လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့” ဆိုတဲ့ ဆောင်ပုဒ်ကို ရည်ညွှန်းကြောင်း သိရတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းကာလမှာ ဆန္ဒပြသူတွေက စစ်အစိုးရကို ဆန့်ကျင်သောအားဖြင့် အလံကို ပြောင်းပြန်ဇောက်ထိုး ချိတ်ဆွဲခဲ့ကြပါတယ်။ (ပုံ – ၁၀)
    .
    ၁၉၇၄ ခုနှစ်ကတည်းက အသုံးပြုလာခဲ့တဲ့ နိုင်ငံတော်အလံဟောင်းနေရာမှာ လက်ရှိအသုံးပြုနေတဲ့ နောက်ဆုံးအလံကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှာ အစားထိုးခဲ့ပါတယ်။ အလံသစ်နဲ့အတူ နိုင်ငံရဲ့အမည်နာမ Burma ကို Myanmar အဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပူးတွဲပြောင်းလဲလိုက်ခြင်းဖြစ်တယ်။ အလံရဲ့ပုံစံဒီဇိုင်းက ၀ါ၊ စိမ်း၊ နီ ကန့်လန့်ဖြတ် အစင်းမျဉ်းသုံးကြောင်းကို နောက်ခံထားပြီး အလယ်ဗဟိုမှာ အဖြူရောင် ငါးမြှောင့်ကြယ်ပွင့်ပုံတစ်ပုံ ပါဝင်ပါတယ်။ ထိပ်ဆုံးပထမမျဉ်းလိုင်းက အ၀ါရောင်၊ အလယ်မျဉ်းလိုင်းက အစိမ်းရောင်နဲ့ အောက်ဆုံးတတိယမျဉ်းလိုင်းက အနီရောင်ဖြစ်ပါတယ်။ စည်းလုံးညီညွတ်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်းနဲ့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုထားတယ် (ကြည့် – “Myanmar unveils new flag”. AP (Straits Times). 21 October 2010. Archived from the original on 24 October 2010. Retrieved 23 October 2010.)။ ဒါက တရားဝင်ဖွင့်ဆိုချက်ပါ။ အပေါ်ဆုံးအ၀ါရောင်က သံဃာ၊ အောက်ဖက်က အစိမ်းနဲ့အနီက ပါတီကြီးနှစ်ခုကို ကိုယ်စားပြုတယ်ဆိုပြီး ဥာဏ်ကွန့်ထင်ကြေးများနဲ့ ပြောဆိုမှုအချို့လည်း ရှိကြပါတယ်။ မည်သို့ဆိုစေ လက်ရှိနှစ်များအတွင်း ဆန္ဒပြပွဲနဲ့ လှုပ်ရှားမှုအချို့မှာ နိုင်ငံတော်အလံကို ပြောင်းပြန်ဇောက်ထိုး ထောင်ပြီး အသုံးပြုနေခြင်းကိုလည်း တွေ့မြင်ရပါလိမ့်မယ်။
    .
    လက်ရှိ ၂၀၁၀ အလံတော်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များကိုတိုက်ထုတ်ချိန် ဗမာ့တော်လှန်ရေးကာလ (၁၉၄၃-၁၉၄၅ ခုနှစ်)က အသုံးပြုခဲ့တဲ့ အလံပုံစံနှစ်မျိုးကို မှီးယူပုံဖော်ထားခြင်းဖြစ်တယ်။ အဲ့ဒီအလံနှစ်မျိုးစလုံးက အောက်ခံမျဉ်းသုံးစင်းနဲ့ ပုံစံတူဖြစ်ပြီး ဒေါင်းတံဆိပ်နေရာမှာ အဖြူရောင်ကြယ်ပွင့်ကို ထည့်သွင်းထားပါတယ်။ (ပုံ – ၁၁)
    .
    ၂၀၁၀ နိုင်ငံတော်အလံရဲ့ ပုံစံသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံကျင်းပစဉ် ၂၀၀၆ နိုဝင်ဘာ ၁၀ ရက်မှာ အဆိုပြုတင်သွင်းခဲ့တယ်။ အရွယ်တူ နောက်ခံ ၀ါ၊ စိမ်း၊ နီ အလျားလိုက်မျဉ်းသုံးကြောင်းဟာ ပထမလိုင်းက အစိမ်းရောင်၊ အလယ်က အ၀ါရောင်နဲ့ အောက်ဆုံးက အနီရောင်ဖြစ်ပြီး၊ အစိမ်းရောင်မျဉ်းအဆုံးမှာ ကြယ်ဖြူတစ်လုံးကို ပင့်မြှောက်ထားတဲ့ပုံပါ။
    .
    ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ ဂျပန်ခေတ်အလံကို မှီးယူထားတဲ့ နောက်ထပ်ပုံစံသစ်တစ်ခုကို အဆိုပြုရာမှ လက်ရှိပုံစံဖြစ်လာခဲ့ပါတယ် (ကြည့် – Tai, Yu-liang. “緬甸 Myanmar/Burma” (in Chinese). Retrieved 23 October 2010.)။ အလယ်ဗဟိုက ဒေါင်းပုံနေရာမှာ ကြယ်ဖြူကြီးတစ်ပွင့်ကို အစားထိုးလိုက်တာပါ။ ဒီကြယ်ဖြူတစ်ပွင့်ဟာ တစ်ခုတည်းသောပြည်ထောင်စုလို့ အဓိပ္ပာယ်ဖွင့်ပေမယ့်လည်း “လူမျိုးတစ်စုတည်းကောင်းစားရေး” ကိုသာ ကိုယ်စားပြုထားသလားဆိုပြီး နောက်ပိုင်းကာလများမှာ သံသယ၀င်လာသူများလည်း ရှိကြပါတယ်။ ဒီအလံတော်ကို ၂၀၀၈ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ အတည်ပြုခဲ့တယ်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက် ဒေသစံတော်ချိန် ၃ နာရီတိတိမှာ အလံဟောင်းကို ဖြုတ်ပြီး အလံသစ်ကို အစားထိုးလွှင့်ထူဖို့၊ အလံဟောင်းများအားလုံးကို မီးရှို့ဖျက်ဆီးဖို့ အာဏာပိုင်တွေဆီ အမိန့်ရောက်လာခဲ့တယ်။ နိုင်ငံတော်အလံသစ်ကို နိုင်ငံပိုင်မီဒီယာကနေ တိုင်းသိပြည်သိ ကြေငြာပြီး ပြောင်းလဲအသုံးပြုစေလိုက်ပါတယ် (ကြည့် – Birsel, Robert (21 October 2010). “Myanmar gets new flag, official name, anthem”. Reuters. Retrieved 23 October 2010.)။
    .
    ထူးခြားချက်
    ————
    အစိမ်း၊ အ၀ါနဲ့ အနီရောင်တွေ(သုံးမျိုးရော)ကို အာဖရိကန်အရောင်များအဖြစ် သတ်မှတ်ထားကြပါတယ်။ အဲ့ဒီလို အာဖရိကန်ဝိသေသများနဲ့ ထူးထူးခြားခြား တူညီနေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ ဧကဒဿမမြောက် လက်ရှိ အလံတော်သစ်ကို အာဖရိကနိုင်ငံတစ်ခုခုရဲ့အလံများလားဆိုပြီး မှားယွင်းယူဆလေ့ရှိကြောင်း သိရပါတယ် (ကြည့် – Cropley, Ed (10 November 2012). “Myanmar’s African Flag”. Reuters. Archived from the original on 13 December 2013. Retrieved 8 December 2013.)။
    .
    သတိပြုစရာသ
    ————-
    ကမ္ဘာ့တိုင်းပြည်များရဲ့ နိုင်ငံတော်အလံ ဟူသမျှမှာ သက်ဆိုင်ရာ ပုံဟန်၊ အရောင်အသွေးများနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဖွင့်ဆိုချက်အသီးသီး ရှိကြသလို ကျွန်တော်တို့ မြန်မာနိုင်ငံအလံတော်မှာလည်း ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်အလံ National Flag နဲ့ နိုင်ငံတော်သီချင်း National Anthem ကို အမြဲတစေ တွဲလျက် အသုံးပြုလေ့ရှိပါတယ်။ နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်းဆိုတာ တိုင်းပြည်နိုင်ငံ၊ ပြည်သူလူထုတစ်ရပ်လုံး၊ အုပ်ချုပ်သူအစိုးရ၊ အုပ်ချုပ်ရေးမူဝါဒ၊ ရပ်တည်ချက်များအတွက် ကိုယ်စားပြုတဲ့ ရတနာများ ဖြစ်ကြပါတယ်။ သို့ပေမယ့်လည်း လက်ရှိနှစ်များအတွင်း လူမျိုးရေးဘာသာရေးပဋိပက္ခတွေ၊ အမုန်းတရားလှုံ့ဆော်မှုတွေ၊ အကြမ်းဖက်မှုတွေမှာ ပြောင်ပြောင်တင်းတင်း အသုံးချနေခြင်းက နိုင်ငံတော်အလံနဲ့နိုင်ငံတော်သီချင်းရဲ့ အနှစ်သာရများကို စော်ကားလှောင်ပြောင်ရာရောက်သလို ကမ္ဘာ့အလယ်မှာလည်း သေးသိမ်စရာ သိက္ခာမဲ့လုပ်ရပ်တစ်ခု ဖြစ်နေပါကြောင်း၊ ဒါ့အပြင် မိမိနိုင်ငံတော်ရဲ့အလံကို အထက်မှန်းမသိ အောက်မှန်းမသိ မှားယွင်းလွှင့်ထူ/ကိုင်စွဲခြင်းကလည်း ရယ်စရာဖြစ်နေပါကြောင်း သတိချပ်နိုင်အောင် ရေးသားတင်ပြလိုက်ရပါတယ်။

    သာကီထက်ကောင်း

    (Flag of Myanmar, Wikipedia ကိုမှီးပါသည်)

  • အမေရိကန်တွင် ပစ်ခတ်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ ဦး သေဆုံး

    အမေရိကန်တွင် ပစ်ခတ်မှုတစ်ခုကြောင့် ရဲအရာရှိ ၃ ဦး သေဆုံး

    ဇူလိုင် ၁၈၊ ၂၀၁၆
    M-Media

    law

    – အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ်ရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာတန်ရုဂ်ျတွင် လူမည်းတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်တွင် သနတ်ကိုင်ဆောင်ထားသော လူတစ်ဦးရှိနေသည်ဆိုသည့် ဖုန်းဖြင့်သတင်းပေးမှုကို ရဲတပ်ဖွဲ့က တုန့်ပြန်ဆောင်ရွက်မှုအတွင်း ယခုကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ပြီး သေနတ်သမားမှာလည်း ထိုအဖြစ်အပျက်အတွင်း သေဆုံးခဲ့သည်။

    အမေရိကန်မီဒီယာများကမူ အဆိုပါ သေနတ်သမားမှာ ဂါဗင် လောင်းဆိုသူ လူမည်းတစ်ဦးဖြစ်ကာ မစ်ဇူရီပြည်နယ် ကန်းနက်စ်မြို့မှဖြစ်သည်ဟု ဖော်ပြကြသည်။ သို့သော်လည်း လူမည်းများ ပစ်သတ်ခံရမှုကို အခြေခံကာ မကြာသေးမီက ဖြစ်ပွားခဲ့သော မငြိမ်းသက်မှုများနှင့် ထိုပစ်ခတ်မှု ဆက်စပ်လျက်ရှိလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ရဲတပ်ဖွဲ့ကလည်း ပစ်ခတ်မှု၏ နောက်ကွက်က လှုံ့ဆော်သည့် အကြောင်းအရင်းကို ပြောကြားခြင်း မရှိပေ။

    Ref: Aljazeera

  • အကြမ်းဖက်ဝါဒ၊ အစ္စလာမ်နှင့် မွတ်စလင်များအပေါ် ဗြိတိန်ဝန်ကြီးချုပ်သစ်၏ သဘောထားအမြင်

    အကြမ်းဖက်ဝါဒ၊ အစ္စလာမ်နှင့် မွတ်စလင်များအပေါ် ဗြိတိန်ဝန်ကြီးချုပ်သစ်၏ သဘောထားအမြင်

    ဇူလိုင် ၁၈ ၊ ၂၀၁၆
    M-Media
    လေးမောင် တင်ဆက်သည်။
    .Prime Minister Theresa May Recites Holy Quran
    – ဇွန်လအတွင်းက ဥရောပသမဂ္ဂနေ ခွဲထွက်ရေး ဗြိတိန်ရဲ့ ဆုံးဖြတ်ချက် နောက်ပိုင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု ကနေ နောက်ဆုံးမှာတော့ နိုင်ငံရေးဝါရင့်တဲ့ ကွန်ဆာဗေးတစ် ပါတီဝင် အမျိုးသမီး ထရီဇာမေက ဗြိတိန်ရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။
    .
    သူဟာ ၁၉၉၇ ခုနှစ်ကတည်းက ဗြိတိန်လွှတ်တော်အမတ် တစ်ယောက် ဖြစ်လာခဲ့တာဖြစ်ပြီ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ ကွန်ဆာဗေးတစ်ပါတီရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
    .
    ၂၀၁၀ ခုနှစ် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ထရီဇာမေဟာ ပြည်ထဲရေးဝန်ကြီး၊ အမျိုးသမီးနဲ့ တန်းတူညီမျှရေးဆိုင်ရာ ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရရှိပြီးနောက်ပိုင်းမှာလည်း ထရီဇာမေဟာ ဒီရာထူးတွေကို ပြန်လည်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။
    .
    ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ မူးယစ်နှိမ်နင်းရေးတွေကို လုပ်ဆောင်ခဲ့တဲ့ သူဟာ ဇွန်လ ၂၄ ရက်နေ့ ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်း နှုတ်ထွက်သွားပြီးနောက်ပိုင်း ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်နေရာကနေ တစ်ဆင့် ဗြိတိန် ၀န်ကြီးချုပ်ရာထူးကို ရရှိခဲ့တာ ဖြစ်ပါတယ်။
    .
    ထရီဇာ မေဟာ ဗြိတိန်အတွင်း အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းမှာ မွတ်စလင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ၂၀၁၄ ခုနှစ်အတွင်းက Securing A Better Future တိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အခမ်းအနားတစ်ခုမှာ သူပြောခဲ့တဲ့ မိန့်ခွန်းထဲက အကြမ်းဖက်ဝါဒ အပေါ် သဘောထား၊ အစ္စလာမ် သာသနာနဲ့ ဗြိတိန်မွတ်စလင်တွေ အပေါ် သူ့ရဲ့ အမြင်တွေကို M-Media ပရိတ်သတ်တွေ သိရှိနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
    .

    IS အကြမ်းဖက်အဖွဲ့အပေါ် အမြင်
    —————————
    “ဒေးဗစ်ဟိန်းစ် (၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက IS ၏ ခေါင်းဖြတ်သတ်ဖြတ်မှုကို ခံခဲ့ရသည့် ဗြိတိန် အကူအညီပေးရေး လုပ်သား) ကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သမားတွေက သူတို့ကိုယ် သူတို့ Islamic State လို့ ခေါ်ကြပါတယ်။ ရှင်တို့ကို ကျွန်မ အမှန်အတိုင်းပြောရရင် သူတို့ဟာ Islamic မဟုတ်သလို၊ State လည်း မဟုတ်ပါဘူး။ သူတို့ရဲ့ လုပ်ရပ်တွေဟာ အခြေအမြစ် မရှိသလို ကုရ်အာန်မှာလည်း အဲဒီလိုလုပ်ရမယ်လို့ ရေးသားထားခြင်းမရှိပါဘူး။ သူတို့ရဲ့ ယုံကြည်လိုက်နာမှုဟာ ကမ္ဘာတစ်ဝှမ်းက မွတ်စလင် ၁ ဘီလီယံကျော်လောက် ယုံကြည်လိုက်နာနေတာတွေနဲ့ တူညီမှု မရှိပါဘူး။ အခြားသောအစ္စလာမ့်မစ် အကြမ်းဖက်အဖွဲ့အစည်းတွေလိုပဲ သူတို့ဟာ မွတ်စလင်အရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်နေတာပါ”
    .
    အကြမ်းဖက်ဝါဒနှင့် အစ္စလာမ်
    —————————–
    “ဒီ မုန်းတီးမှုကိုအခြေခံတဲ့ အယူအဆဟာ အစ္စလာမ်နဲ့ ဘာမှကို မဆိုင်ပါဘူး။ အဲဒီအယူအဆကို ဗြိတိန်နဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင် အများစုကြီးကလည်း လက်ခံခြင်း မရှိပါဘူး။ ကုန်အာန်က “အို-လူသားအပေါင်းတို့၊ အသင်တို့ဟာ မိခင်တစ်ဦး၊ ဖခင်တစ်ဦးတည်းက ဆင်းသက်ပေါက်ဖွားလာသူတွေဖြစ်တယ်။ နိုင်ငံတွေ၊ လူမျိုးတွေဆိုတာ သင်တို့ တစ်ဦးကိုတစ်ဦး ခွဲခြားမှတ်မိဖို့ ဘုရားသခင်က ဖန်တီးပေးထားတာဖြစ်တယ်” လို့ ပြောထားပါတယ်။ ပြီးတော့ “ဘာသာတရားမှာ အတင်းအဓမ္မစနစ်မရှိစေရ” လို့လည်း ကုရ်အာန်မှာပဲ ပြောထားတာပါ။ ဒါ့ကြောင့် ဒီသတင်းစကားကို ဒီအခမ်းအနားထက်ကျော်လွန်ပြီး ပြန့်နှံ့အောင် လုပ်ရပါမယ်။ ဒါမှသာ အစွန်းရောက်တွေက ကျွန်မတို့ကြားမှာ သွေးခွဲမှုတွေ လုပ်နေတာ မအောင်မြင်မှာ ဖြစ်ပါတယ်။ ပြီးတော့ အစ္စလာမ်ဟာ ငြိမ်းချမ်းရေးသာသနာဖြစ်ပြီး ကျွန်မတို့ ရန်သူတွေရဲ့ အယူအဆသဘောထားတွေနဲ့ ဘာမှ သက်ဆိုင်မှုမရှိဘူးဆိုတာ ကျွန်မတို့သိတဲ့အကြောင်းလည်း ကမ္ဘာသိအောင် လုပ်ရပါမယ်”
    .
    ဗြိတိန်မွတ်စလင်များအပေါ်အမြင်
    ——————————-
    “ကျွန်မတို့နဲ့ ပူးပေါင်းကာ Not in My Name ဆိုတဲ့အမည်နဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ဗြိတိန်မွတ်စလင်တွေဘက် ကနေလည်း ကျွန်မတို့ ရပ်တည်ရပါမယ်။ ဒီအကြမ်းဖက်အယူဆကို နှိမ်နှင်းဖို့နဲ့ ဗြိတိန်မွတ်စလင်လူငယ်တွေ အစွန်းရောက်တွေရဲ့ သိမ်းသွင်းခံရမှုကနေ ကာကွယ်ဖို့ ကျွန်မတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ဆောင်ရပါလိမ့်မယ်”

  • အာဇာနည် ဦးရာဇတ်ရုပ်တု မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမရှေ့၌ ထားရှိသွားမည်

    အာဇာနည် ဦးရာဇတ်ရုပ်တု မန္တလေးတက္ကသိုလ် ရာဇတ်ခန်းမရှေ့၌ ထားရှိသွားမည်

    Razak Hall
    မန္တလေး ဇူလိုင် ၁၇
    .
    ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်၏ ရုပ်တုကို မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ ရာဇတ်ခန်းမ ဆောင်ရှေ့၌ စိုက်ထူထားရှိနိုင်ရေး အစည်းအဝေး ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်၊ အတွင်းရေးမှူး နိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း) ဦးပိုမြင့် နှင့် အဖွဲ့ဝင်များ၊ ဦးရာဇတ်၏ ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။
    .
    အစည်းအဝေးတွင် ရုပ်တုထားရှိမည့်နေရာ အတွက် မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ ကုန်ကျမှုများအတွက် ရန်ပုံငွေရရှိရေး၊ လုပ်ငန်းများအပ်နှံဆောင်ရွက်ရေး ကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
    .
    ၁၉၄ဝ ပြည့်နှစ် အစောပိုင်းကာလက တက္ကသိုလ်၊ ကောလိပ်၊ စက်မှုလက်မှုပညာကျောင်း၊ ဥပဒေပညာနှင့် ဆရာအတတ်သင် ပညာအစရှိသည့် အသုံးချပညာများသင်ကြား သည့် ကျောင်းဟူသမျှကို ရန်ကုန်မြို့တွင်သာ ဖွင့်လှစ်ထားခဲ့ရာ ရန်ကုန်မြို့သို့ သွားရောက်မနေနိုင်ပါက အဆိုပါ ပညာရပ်များနှင့် ထိတွေ့မြည်းစမ်းခွင့်ပင် မရခဲ့ပေ။
    .
    ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလအစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီး ဖြစ်လာသောအခါ ပွဲဦးထွက်လုပ်ငန်း အနေ ဖြင့် မန္တလေးမြို့တွင် ရန်ကုန်တက္ကသိုလ်နှင့် စင်ပြိုင်တက္ကသိုလ် တစ်ခု ပေါ်ပေါက်လာရေး အတွက် ဦးရာဇတ်သည် ၁၉၄၇ ခုနှစ် ဇွန် ၁၆ ရက်တွင် အစီအစဉ်ရေးဆွဲကာ မန္တလေး ကောလိပ်ကျောင်းသားဟောင်း ဆရာကြီး ဦးကိုလေးအား တာဝန်ပေးအပ် ကာ ယောက်ျားလေး ဘော်ဒါဆောင် သာမက မိန်းကလေး ဘော်ဒါဆောင်ပါ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
    .
    ”ဦးရာဇတ်ဟာ မန္တလေးတက္ကသိုလ်ကြီး ပေါ်ထွက်လာရေးအတွက် ဦးစွာ မျိုးစေ့ချပေး ခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ပညာရေးဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်းခံရစဉ်က ဦးစွာ ပထမ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဝန်ကြီး အဖြစ်တာဝန်ပေးအပ်ခြင်း မခံရမီက မန္တလေး အမျိုးသားကျောင်းကို တည်ထောင်ခဲ့ပြီး ကျောင်းတံဆိပ် အဖြစ် ခြင်္သေ့၊ ဆောင်ပုဒ် အဖြစ် မိမိကိုယ်သာကိုးကွယ်ရာလို့ အဓိပ္ပာယ်ရတဲ့ ”အတ္တာဟိ အတ္တနော နာထော”ဆိုတဲ့ ဆောင်ပုဒ်ကို သတ်မှတ်ပြီး ကျောင်းအုပ်ကြီး အဖြစ် ဆောင်ရွက် ခဲ့ပါတယ်။ ဦးရာဇတ်ဟာ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ ရပေမယ့် လွတ်လပ်ရေးရပြီးလို့ အားလုံးအထိုင်ကျ သွားရင် ငါကျောင်းဆရာ ပြန်လုပ်မှာလို့လည်း ပြောခဲ့ပါတယ်။ ဒီလို ပညာရေးကို ချစ်မြတ်နိုးပြီး မန္တလေးတက္ကသိုလ်ကြီးဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ရုပ်တု မန္တလေးတက္ကသိုလ်ဝင်း အတွင်းမှာ မကြာခင် ပေါ်ထွက် လာတော့မှာဖြစ်တဲ့အတွက် အင်မတန် ဝမ်းသာကြည်နူးမိပါတယ်”ဟု ရုပ်တုဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
    .
    (အေးမြ)
    .
    ဓါတ်ပုံအညွှန်း- နံပါတ်(၃) -ဆရာကြီးဦးရာဇတ်ကို ဂုဏ်ပြုတည်ဆောက်ထားသော ရာဇတ်ခန်းမ(မန္တလေးတက္ကသိုလ်စာကြည့်တိုက်)

    MOI Webportal Myanmar မှ ကူးယူဖော်ပြသည်။
    https://www.facebook.com/MOIWebportalMyanmar/photos/a.328140600647146.1073741828.318455204949019/927262964068237/?type=3