News @ M-Media

Blog

  • ယခုနှစ် ၆ လအတွင်း အာဖဂန်ပြည်သူ ၁၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    ယခုနှစ် ၆ လအတွင်း အာဖဂန်ပြည်သူ ၁၅၀၀၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

    ဇူလိုင် ၁၇၊ ၂၀၁၆
    M-Media

    iraq

    – အာဖဂန်နစ္စတန်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေရဲ့ရလဒ်ကြောင့် ၂၀၁၆ ခုနှစ် ပထမ ၆ လမှာတင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် အာဖဂန်ပြည်သူ အရေအတွက်ဟာ ၁၅၀၀၀၀ နီးပါး ရှိနေပြီလို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာဖြစ်ပြီး အိုးအိမ်စွန့်ခွာသူ အများစုဟာ လယ်သမားများဖြစ်ကာ အခုနှစ် စိုက်ပျိုး၊ ရိတ်သိမ်းရာသီကို လွဲချော်ခဲ့ရပြီလို့ ဆိုပါတယ်။

    အာဖဂန်ပြည်နယ် ၃၄ ခုထဲက စစ်ဘေးဒဏ်သင့်ပြည်နယ် ၂၉ ခုအနက် နိုင်ငံမြောက်ပိုင်း ဘဂ်လန်ပြည်နယ်က အဆိုးရွားဆုံးနေရာတစ်ခုဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစီရင်ခံစာအရ ပြီးခဲ့တဲ့လတစ်ချို့က ဘဂ်လန်၊ ကွန်ဒွတ်ဇ်နဲ့ ဘဒက်ခ်ရှန်ဒေသတို့မှာ ဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

    တိုက်ပွဲတွေကြောင့် ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး တိုင်းပြည်မှာ အစားအစာမလုံလောက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

    Ref : Presstv

  • ဂါဇာသို့ တူရကီက အကူအညီများ ထပ်မံပေးပို့မည်

    ဂါဇာသို့ တူရကီက အကူအညီများ ထပ်မံပေးပို့မည်

    ဇူလိုင် ၁၇၊ ၂၀၁၆
    M-Media

    turkey 5

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြောင်ကို စက်တင်ဘာမှာ ကျရောက်မယ့် အီသွလ်အသွဟာ အီးဒ်နေ့မတိုင်ခင် နောက်ထပ် ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေး သင်္ဘောတစ်စီး ထပ်မံစေလွှတ်ဖို့ စီစဉ်ထားတယ်လို့ တူရကီ ဒုတိယ၀န်ကြီးချုပ် Veysi Kaynak က ကြာသာပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

    တူရကီနဲ့အစ္စရေး ဆက်ဆံရေး ပြန်လည်စတင်ပြီးနောက်ပိုင်း ထောက်ပံ့ရေးပစ္စည်း တန် ၁၁၀၀၀ တင်ဆောင်ထားတဲ့ တူရကီသင်္ဘောဟာ ဂါဇာကမ်းမြှောင်ကို ဇူလိုင်လ အစောပိုင်းက သွားရောက်ပို့ဆောင်ပေးခဲ့ပြီး အခု စက်တင်ဘာမှာ သွားရောက်မယ့် အကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

    ၂၀၁၀ ခုနှစ်က ဂါဇာကိုပို့ဆောင်ဖို့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ Mavi Marmara သင်္ဘောကို နိုင်ငံတကာပိုင်ရေပိုင်နက်မှာ အစ္စရေးစစ်သားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာကြာင့် တူရကီတက်ကြွလှုပ်ရှားသူ ၁၀ ဦး သေဆုံးခဲ့ပြီး အဲဒီနောက်ပိုင်း တူရကီနဲ့ အစ္စရေးဆက်ဆံရေး ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

    ယခုအခါ တူရကီနဲ့ အစ္စရေးကြား သဘောတူညီမှုစာချုပ်တစ်ခု ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ အစ္စရေးက Mavi Marmara သင်္ဘောမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုကို လျော်ကြေး ဒေါ်လာ သန်း ၂၀ ပေးရမှာဖြစ်ကာ ဂါဇာကို တူရကီရဲ့ လူသားချင်းစာနာမှုအကူအညီများ ထပ်မံပေးပို့ရေးကိုလည်း သဘောတူရမှာ ဖြစ်ပါတယ်။

    Ref : IINA

  • ကန် ထိပ်တန်းနည်းပညာရှင်များက ဒေါ်နယ်ထရမ့်၏ သဘောထားကို ဆန့်ကျင်သည့် အိတ်ဖွင့်ပေးစာ ထုတ်ပြန်

    ကန် ထိပ်တန်းနည်းပညာရှင်များက ဒေါ်နယ်ထရမ့်၏ သဘောထားကို ဆန့်ကျင်သည့် အိတ်ဖွင့်ပေးစာ ထုတ်ပြန်

    ဇူလိုင် ၁၇၊ ၂၀၁၆
    M-Media

    tramp

    – ဒီနှစ်ကုန်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရမ့်ရဲ့ တိုင်းပြည်အတွက် သဘောထားကို ဆန့်ကျင်ရှုတ်ချတဲ့ အိပ်ဖွင့်ပေးစာတစ်စောင်ကို အမေရိကန် ထိပ်တန်း နည်းပညာရှင်များနဲ့ လုပ်ငန်းရှင်များက ထုတ်ပြန်လိုက်ပါတယ်။

    ယင်းအိတ်ဖွင့်ပေးစာကို Yelp ကုမ္ပဏီ အမှုဆောင်ချုပ် ဂျယ် ရီမီ စတော့ပဲလ်မန်၊ Tumblr ကုမ္ပဏီအမှုဆောင်ချုပ် ဒေးဗစ်ကာ့ပ်၊ Apple တွဲဖက်တည်ထောင်သူ စတီဗ် ဝေါ့ဇ်နီအက်၊ Facebook တွဲဖက်တည်ထောင်သူ ဒက်စ်တင် မော်စကိုဗစ်ဇ်၊ Twitter တွဲဖက်တည်ထောင်သူ အီဗ် ၀ီလီယံနဲ့ Reddit တွဲဖက်တည်ထောင်သူ အလက်ဇစ် အိုဟာနီယန်တို့အပါအ၀င် နည်းပညာကုမ္ပဏီတွေက အုပ်ချုပ်သူ ၁၄၅ ယောက်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    “အခွင့်အလမ်းတွေ၊ ဖန်တီးနိုင်စွမ်းတွေနဲ့ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးမယ့် နိုင်ငံတစ်ခုကိုပဲ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီအရာတွေကို ဒေါ်နယ်ထရမ့် ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ပါဘူး” လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားထားပြီး ဒေါ်နယ်ထရမ့်ရဲ့မဲဆွယ်မှုဟာ ဒေါသနဲ့ တယူသန်နိုင်လွန်းပြီး အတွေးအခေါ်အသစ်နဲ့ လူသစ်တွေကို ကြောက်ရွံ့မှုပေါ် အခြေခံထားတာဖြစ်ကြောင်း၊ သူရဲ့သဘောထားတွေဟာ လူတွေ လွပ်လပ်စွာ လှုပ်ရှားနိုင်ခွင့်နဲ့ အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် ဖလှယ်နိုင်မှုကို ဆန့်ကျင်နေကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

    “တီထွင်ဖန်တီးနိုင်ရေးအတွက် ထရမ့်ပ်ဟာ ဆူးညောင့်ခလုတ် တစ်ခုပါပဲ” လို့ စာထဲမှာ ရေးသားထားပါတယ်။

    နောက်ပြီး ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးသဘောထားကိုလည်း ရှုတ်ချထားပြီး မတူကွဲပြားမှုတွေက နည်းပညာလောကမှာ အတွေးအခေါ်အသစ်တွေကို ဖန်တီးမောင်းနှင်ပေးတယ်လို့ တုန့်ပြန်ရေးသားထားပါတယ်။

    ပြီးတော့ မိမိတို့အနေနဲ့ ပြောင်းရွှေ့အခြေချသူတွေအပေါ် သဘောထားကြီးကြီးထားနိုင်ပြီး၊ ပိုမိုစည်းလုံးညီညွတ်တဲ့ တန်းတူညီမျှ အခွင့်အရေးရရှိနိုင်တဲ့ နိုင်ငံတစ်ခုကို ဖော်ဆောင်ဖို့ စိတ်အားထက်သန်တဲ့ သမ္မတလောင်းကိုသာ အလိုရှိတယ်လို့လည်း နိဂုံးချုပ် ရေးသားဖော်ပြထားပါတယ်။

    Ref : IINA

  • သားအိမ်အတု (အနာဂတ်နည်းပညာ)

    သားအိမ်အတု (အနာဂတ်နည်းပညာ)

    နိုင်မြတ်ဇော် ရှာဖွေတင်ဆက်သည်။

  • ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံမှုကြီး ကိုယ်တွေ့ မျက်မြင်ခံစားချက်မှတ်တမ်း

    ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံမှုကြီး ကိုယ်တွေ့ မျက်မြင်ခံစားချက်မှတ်တမ်း

    ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံမှုကြီး ကိုယ်တွေ့ မျက်မြင်ခံစားချက်မှတ်တမ်း( (၆၉) နှစ်မြောက် အာဇာနည်နေ့သတိတရ အထူးဆောင်းပါး)
    arzar ni day
    မုတ်သုံနိုးသည် –
    ဆယ့်ကိုးဇူလိုင်၊ မမေ့နိုင်ခဲ့
    မခိုင်စိတ်ဝမ်း ၊ မလန်းဘဝင်
    မရွှင်နှလုံး၊ ကြိမ်မီးအုံးသို့
    ညှိုးချုံးပူဆွေး၊ မမေ့သေးခဲ့
    အရေးခုတိုင်၊ ကြုံဆိုင်ရဆဲ
    နေမိခဲရှင့်……။ ။
    .
    ”ပျောက်သောသူရှာလျှင်တွေ့၊ သေသောသူကြာလျှင် မေ့” မြန်မာတို့ပြောနေကျ ဆိုရိုးစကားဖြစ်သည်။ ယေဘုယျ မှန်သောစကား ဖြစ်လင့်ကစား၊ လွန်ခဲ့သည့် ၆၉ နှစ်က အလွန် အရုပ်ဆိုးအကျည်းတန် မိုက်မိုက်ကန်းကန်းဖြစ်ပျက်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါအာဇာနည်ခေါင်းဆောင်ကြီးများအား မြန်မာ့ သမိုင်းတစ်လျှောက် ဘယ်လိုမှမေ့ဖျောက်ပစ်၍မရနိုင်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကိုကား မိမိသေသည်အထိ အမှတ် ထင်ထင် ဆင်ခြင်မှန်းဆ သတိတရရှိနေမည်ဖြစ်ပါသည်။
    .
    ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးပမာ ညှိုးချုံးပူဆွေး ငိုကြွေးခဲ့ကြသည့် ဖြစ်ရပ်ဆိုး ကြီးနှင့်တကွ ထိုနေ့ရက်မတိုင်မီ တစ်လမျှအတွင်း ဖြစ်ပျက်ခဲ့ ပါသောဖြစ်ရပ်များကို အနီးကပ်လေ့ လာထောက်လှမ်းသိရှိ ခဲ့ရသူ မိမိအဖို့ မမေ့ရက်နိုင်ရုံမျှမက အလွန်ခံပြင်းစွာနာကြည်း ကြေကွဲ လှိုက်လှိုက်လှဲလှဲ ယူကြုံးမရဖြစ်ရခြင်း၊ ဝမ်းနည်း ပူဆွေးရခြင်းစသည့် စိတ်လှိုင်းရိုက်ခတ်မှုဒဏ်ကို နှစ်စဉ် ဆိုသလို ဇူလိုင်လကျရောက်တိုင်း ခံစားနေရပါသည်။
    .
    ဗိုလ်ချုပ်နှင့်သတင်းစာဆရာများ
    —————————————
    ဗိုလ်ချုပ်သည် မိမိတို့သတင်းစာသမားတွေကို ခင်သည်။ မိမိတို့ကလည်း ဗိုလ်ချုပ်အပေါ်တွင် ယုံကြည်စိတ်ကဲသော ခင်မင်မှုဖြင့် ချစ်ကြသည်။ လွတ်လပ်ရေးတိုက်ပွဲ အပြင်းထန် ဆုံးသော ၁၉၄၅-၁၉၄၆ ကာလတစ်လျှောက် ဗိုလ်ချုပ်သွားလေ ရာရာ ပြည်တွင်းခရီးစဉ်များတွင် မိမိတို့သတင်းစာသမား များ လိုက်ပါကြစမြဲ။ မိမိတို့မလိုက်ပါရသည့် အခါများတွင် ပြန်ရောက်လာသည်နှင့် အချိန်အခါမဆိုင်းဘဲ သတင်းစာ ရှင်းလင်းပွဲခေါ်ယူပြီး ဗိုလ်ချုပ်ကိုယ်တိုင်ရှင်းပြစမြဲဖြစ်သည်။

    ပြက္ခဒိန်တစ်ခုလုံး သွေးစွန်းသွားသော ဇူလိုင် ၁၉ ရက်စနေနေ့
    —————————————
    ထိုနေ့နံနက် ၁ဝ နာရီခန့်က ရန်ကုန်မြို့အတွင်းဝန်များ ရုံး ဗိုလ်ချုပ်အောင်ဆန်း၏ ဝန်ကြီးဌာနအစည်းအဝေးခန်း တွင် အမှုဆောင်ကောင်စီဝင်ဝန်ကြီးများ အစည်းအဝေးရှိ သည်။ ဗိုလ်ချုပ်နှင့်ကက်ဘိနက်ဝန်ကြီးများ တက်ရောက်ကြ မည်ဖြစ်သည်။ ထိုအစည်းအဝေးနှင့်ကပ်လျက် အခန်းတွင် မိမိတို့ သတင်းထောက်တစ်စု အစည်းအဝေးသတင်းယူကြ ရန် ကြိုတင်ရောက်ရှိနေကြသည်။
    မိမိမှတ်မိသလောက် သတင်းထောက် လေး၊ ငါးယောက်လောက်ရှိမည်။ နံနက် ၁ဝ နာရီ ၁၅ မိနစ်တွင် အစည်းအဝေးကလည်း မပြီးသေး၊ မိမိမှာ လည်း အစာမစားခဲ့ရသဖြင့် ရုံးပေါ်မှဆင်းလာခဲ့ပြီး ဖရေဇာ လမ်းနှင့် စပတ်လမ်းထောင့် သူရိယသတင်းစာတိုက်နှင့် မျက်နှာချင်းဆိုင်ရှိ မမကြီးလက်ဖက်ရည်ဆိုင်တွင် မုန့်ဟင်းခါး စားနေခိုက် ခေါင်မိုးတစ်ခုပေါ်မှ မျက်နှာကြက်အချပ်များ အစုလိုက်အပြုံလိုက် ပြိုကျလာသံလို၊ ဝေါခနဲ ဝေါခနဲအသံများ ကို ဆူညံစွာကြားလိုက်ရ၍ စပတ်လမ်း လမ်းဆုံဘက်သို့ လှမ်း ကြည့်လိုက်သည်တွင် အတွင်းဝန်များရုံးဘက်မှ လူအုပ်ကြီး တစ်အုပ်က ”ဗိုလ်ချုပ်တို့သေကုန်ကြပြီ၊ သေကုန်ကြပြီ” ဟု အော်ဟစ်ပြီး ပြေးထွက်လာ သည်ကိုတွေ့လိုက်ရ၍ ကျသင့်ငွေ ကိုရှင်းပေးပြီး မိမိလည်း အတွင်းဝန်ရုံးဝင်း အတွင်း အနောက် ဘက်ပေါက်မှ ထွက်ပြေးလာနေသော လူအုပ်နှင့် ဆန့်ကျင် ဘက်အတွင်းသို့ ပြေးဝင်ခဲ့မိလေသည်။
    .
    ရင်ဆို့ဖွယ်မြင်ကွင်း
    ——————
    ရုံးပေါ်သို့တက်ရန် လှေကားများရှိရာ ဗဟိုဆင်ဝင်အောက် သို့အရောက်တွင် ရဲချုပ်ဦးထွန်းလှအောင်နှင့် တာဝန်ရှိသူ အစိုးရအရာရှိကြီးများက ကျဆုံးသွားကြသောခေါင်းဆောင် ကြီးများ၏အလောင်းများကို ထိုလှေကားပေါ်မှ ထမ်းစင်များ ဖြင့် သယ်ယူချလာသည်ကို တွေ့လိုက်ရသည်နှင့် မပြောပြနိုင် လောက်သောခံစားချက်တစ်ရပ်သည် မိမိ၏ ရင်ဝယ် ဆောင့် တက်သွားလေသည်။
    .
    မိမိဦးစွာ တွေ့မြင်လိုက်ရသူမှာ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းဖြစ်နေသည်။ မသေသေး၊ လှုပ်ရှားညည်းညူနေဆဲ တွေ့လိုက်ရသည်။ နောက်ဆုံး သယ်ယူလာသူမှာ ဗိုလ်ချုပ် အောင်ဆန်းဖြစ်သည်။ မသေသေးဟု ထင်နေကြသော်လည်း မကြည့်ရက်၊ မမြင်ရက်လောက်အောင် သွေးသံရဲရဲရွဲရွဲစိုနေ ချေပြီ။
    .
    ဗိုလ်ချုပ်အသက်ရှင်ရန် ဆုတောင်းကြပုံ
    —————————————-
    ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးအချို့ တို့မှာ ထိုနေ့နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့်အချိန်တွင် ဆန်ကောလောက်မှ ဇောက်မနက် အကြံပက်စက်သည့် မသမာသူတစ်စုတို့၏လက်ချက်ဖြင့် ကျဆုံးသွားကြ ရရှာလေ ပြီ။ မိမိသည် မျက်ရည်လည်ရွဲလျက် ဓာတ်ပုံရိုက်ရန် ကင်မရာ ကိုဆွဲလျက် ရန်ကုန်ဆေးရုံကြီးဆီသို့ အပြေးအလွှား ရောက် သွားပါတော့သည်။ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံတွင်ကား လူ အများ ကြိတ်ကြိတ်တိုးဝိုင်းအုံကြည့်ရှုလျက် မျက်ရည်ဖြိုင်ဖြိုင် ကျကာ ဗိုလ်ချုပ်အသက်ရှင်သန်ရန် မေတ္တာပို့ဆုတောင်းနေ ကြလေသည်။ ငိုသူတို့လည်း ငိုနေကြလေပြီ။
    .
    သို့သော် ဗိုလ်ချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးခုနစ်ဦး၊ အတွင်းဝန် ဦးအုန်းမောင်၊ဝန်ကြီး ဦးရာဇတ်၏သက်တော်စောင့် ကိုထွေး ပေါင်း ကိုးဦးတို့ကား ဆုံးရှုံးကွယ်လွန်ကြရရှာလေပြီ။
    .
    ကျဆုံးကြရသော ခေါင်းဆောင်ကြီးများ
    —————————————
    (၁)ဗိုလ်ချုပ်အောင်ဆန်း (ခ)ဗိုလ်တေဇ (၃၂နှစ်) မြန်မာ့ လွတ်လပ်ရေး အမျိုးသားရေးလှုပ်ရှားမှု ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒုတိယသဘာပတိ သို့မဟုတ် လွတ်လပ်ရေးမရမီ ဗြိတိသျှ မြန်မာနိုင်ငံ အစိုးရဝန်ကြီးချုပ်၊ ထို့အပြင် ၄င်းအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့်နိုင်ငံခြားရေး ဌာနဝန်ကြီး။ ကျည်ဆန် ၁၃ ချက်သင့်သော ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးရသည်။
    .
    (၂)ဒီးဒုတ်ဦးဘချို (၅၄နှစ်)၊ သတင်းစာဆရာ၊ စာရေး ဆရာနှင့် ဒီးဒုတ်ဂျာနယ် အယ်ဒီတာ၊ ပြန်ကြားရေးဌာနဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲဝင်သွားသော ကျည်ဆန် အပါအဝင် ကျည်ဆန်ငါးချက် ထိမှန်ရရှိသည့်တိုင် ထိုနေ့ နေ့လယ်ပိုင်းအထိ ရန်ကုန်ဆေးရုံကြီးတွင် အသက်ရှင် ကုသ ခံယူနေဆဲဖြစ်သည်။
    .
    (၃) သခင်မြ (၄၉ နှစ်)၊ လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီး ရင့်သော နိုင်ငံ့ခေါင်းဆောင်၊ ဘဏ္ဍာ ရေးဝန်ကြီး။ အဆုတ်ကို ဖောက်ထွင်း ထားသော ဒဏ်ရာဖြင့် နေရာတွင်ပင် ကျဆုံးသည်။
    .
    (၄) ဦးအဗ္ဗဒူရာဇတ်( ၄၉ နှစ်)၊ မန္တလေးမြို့ အမျိုးသား ပညာရေးခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီး။ ဒဏ်ရာခြောက်ချက်ရရှိပြီး နေရာတွင်ပင် ကျဆုံးသည်။
    .
    (၅) ဦးဘဝင်း (၄၆နှစ်) ၊ ဗိုလ်ချုပ်ဆောင်ဆန်း၏ အစ်ကို၊ ကူးသန်းရောင်း ဝယ်ရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး။ ကျည်ဆန်ဒဏ်ရာ ရှစ်ချက်ဖြင့် နေရာတွင်ပင် ကျဆုံးသည်။
    .
    (၆)မန်းဘခိုင် (၄၃ နှစ်)၊ ဟင်္သာတမှ ကရင်အမျိုးသား များ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေး တွင် ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ် သမားဌာနဝန်ကြီး။ ကျည်ဆန် ၁၅ ချက် ထိမှန်ခဲ့သည်။ နေရာ တွင်ပင် ကျဆုံးသည်။
    .
    (၇) စဝ်စံထွန်း (၄ဝ နှစ်)၊ ရှမ်းပြည်နယ်မှ မိုင်းပွန် စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာနှစ်ချက်ရရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ကုသမှုခံယူနေစဉ် အခင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင် ၂ဝ ရက် မွန်းတည့်ချိန်တွင် ကွယ်လွန်သည်။
    .
    (၈) ဦးအုန်းမောင် (I.C.S) (၃၄ နှစ်)၊ သယ်ယူပို့ဆောင် ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် စီမံကိန်း အစီရင်ခံစာ လာရောက်တင်ပြနေစဉ် နေရာတွင်ပင် ကျဆုံးသည်။
    .
    (၉) ကိုထွေး(၁၈ နှစ်)၊ ဝန်ကြီးဦးရာဇတ်၏ သက်တော် စောင့်၊ မန္တလေးတောင်ပြင်၊ သိပ္ပံရပ်မှ လူငယ်တစ်ဦးဖြစ်သည်။ အစည်းအဝေးခန်းမှ သေနတ်ပစ်ခတ်သံများ ကြားရသဖြင့် အနီးရှိ ရုံးခန်းအတွင်းမှ ထွက်ပြေးလာစဉ် ရုံးအပေါ်ထပ် Corridor စင်္ကြံတွင် လူသတ်သမားများ၏ ပစ်ခတ်ခြင်းခံရ သည်။ ဒဏ်ရာ လေးချက်ရရှိပြီး ဆေးရုံရောက်မှ သေဆုံးသည်။
    .
    ကမ္ဘာတစ်ဝန်းတွင် တုန်လှုပ်သွားသောနေ့
    —————————————-
    ထိုနေ့က မြန်မာနိုင် ငံဒေသ အနှံ့သာမက ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း တုန်လှုပ်ချောက်ချားသွားကြလေသည်။ ရန်ကုန်မြို့အနှံ့ လူအုပ် လူစုလူဝေးကြီးများ မည်သည့်အလုပ်မျှ မလုပ်နိုင်ကြဘဲ အုန်းအုန်းကျွက်ကျွက် ဆူပွက်ငိြုေ<ွကးကြလျက် ပျားပန်းခပ်လှုပ်ရှားနေကြလေ၏။ ထိုအဖြစ်အပျက်ဆိုးကြီး ကို မြန်မာသာမက ကမ္ဘာကပါ ယနေ့ ၆၉ နှစ်ထိတိုင်အောင် သတိတရအမှတ်ပြုနေကြဆဲ ဖြစ်သည်။
    .
    ယင်းအဖြစ်ဆိုးအတွက် အကြောင်းရင်းကိုစရလျှင် ဂဠုန် ဦးစောကဖြစ်သည်။
    .
    ဦးစော၏ လုပ်ရပ်မှာ ထိုစဉ်က မြန်မာပြည် ကို အုပ်ချုပ်နေကြသော ဗြိတိသျှအရာရှိကြီးများပါ တုန်လှုပ် ချောက်ချားသွားခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ဗိုလ်တထောင်B.O.D ခေါ်British Army Ordinance Deport ဗြိတိသျှစစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ်မှ ဘရင်းဂန်းအလက် ၂ဝဝ၊ ပြောင်းပို ၂ဝဝ၊ ဘရင်းဂန်းမဂ္ဂဇင်း ကျည်ကတ် ၈ဝဝ၊ ရိုင်ဖယ်သေ နတ်များ၊ ဒသမ ၃ဝ၁ ကျည်ဆန် အမြောက်အမြား၊ ပစ္စတိုသေနတ်၊ ခြောက်လုံးပြူး သေနတ် များ၊ လက်ပစ်ဗုံးများကို ထုတ်ယူသွားကြကြောင်း၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် သတင်းစာအချို့တွင် ဖော်ပြပါရှိခဲ့သည်။ ထုတ်ယူသွားသော လက်နက်များမှာ လော်လီကား သုံးစီး တိုက်စာမျှ ဖြစ်သည်။
    .
    ဦးစောကိုယ်တိုင်ပါဝင်ခဲ့ပုံ
    —————————
    ဂဠုန်ဦးစောသည် ထိုလက်နက်များ ထုတ်ယူသွားရာ၌ ရှမ်းဘောင်းဘီ၊ နေကာမျက်မှန်အနက်၊ ဆွယ်တာလက်ပြတ် ဝတ်စားထားပြီး ထုတ်ယူသွားသော ကားတစ်စီး၏ရှေ့ခန်း၊ မောင်းသူ၏ ဘေးဘက်ခုံတွင် ထိုင်လျက်လိုက်ပါသွားကြောင်း ဖြင့် ဦးစောတို့လူစုCoup De’ tat လက်နက်ဖြင့် အာဏာ သိမ်းရန် ကြံစည်လျက်ရှိနေပြီဖြစ်ကြောင်းဖြင့် ဗမာ့ခေတ် သတင်းစာက ဖော်ပြခဲ့သည်။
    .
    ထိုသတင်းကို ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင် ဦးဗဆွေ နှင့် ဝန်ကြီး ဦးဗဂျမ်းတို့က ဗိုလ်ချုပ်ကို ပထမဆုံးပြောပြကြ သည်။ ဗိုလ်ချုပ်က ခါးခါးသီးသီးငြင်းပယ်ခဲ့သည်။
    .
    ”ကိုဗဆွေ၊ ခင်ဗျားသတင်းမှားနေပြီထင်တယ်။ မဟုတ် နိုင်လောက် ပါဘူးဗျာ…”ဟု ဗိုလ်ချုပ်က ငြင်းဆိုသည်။
    .
    ဗိုလ်ချုပ်၏ခေါင်းမာ မှုကြောင့် ဆက်လက်မငြင်းကြတော့ဘဲ နေကြသည်။ မိမိတို့ သတင်းစာဆရာများ၊ သတင်းထောက် များကလည်း ဗိုလ်ချုပ်အား အကြောင်းတိုက်ဆိုင်သလို ပြော ပြကာ သတိပေးခဲ့ကြသည်။ ဗိုလ်ချုပ်သည် မိမိကိုယ်တိုင် ပြောပြသည့်အခါတိုင်းလည်း ”မဖြစ်နိုင်ပါဘူး။ မဖြစ်လောက် ပါဘူး။ ကျုပ်ကိုယ်ကို တိုင်းပြည်ကို အပ်ထားပြီးသား၊ တိုင်းပြည် က မကျေနပ်လို့ သတ်ချင်သပဆိုလည်း သတ်ကြပါစေဗျာ” စသဖြင့် ပြန်ကြားပြောဆိုသည်။
    .
    ဗေဒင်ဆရာအခါကောင်းအချိန်
    ———————————
    ထိုမှ တဖြည်းဖြည်းနှင့် ဇူလိုင်လဆန်းရောက်လာ သည်။ ဂဠုန်ဦးစောသည် အင်္ဂလိပ်အရာရှိကြီးအချို့နှင့် ဆက်သွယ်၍ အကြံအစည်ကြီး တစ်ခုလုပ်ဆောင်နေပြီဖြစ် ကြောင်း သေချာသလောက်သိရှိနေကြသည်။ တစ်နေ့တွင် ဦးစောသည် ထိုအချိန်က နာမည်ကြီး ဗေဒင်ဆရာတစ်ယောက် ကိုခေါ်ပြီး ဗေဒင်ကိန်းခန်းအရ သူ့အကြံအောင်မြင်စေရန် အခါကောင်းကို တောင်းဆိုသည်။ ထိုဗေဒင်ဆရာက တွက်ချက် ပြီး ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်း တနင်္ဂနွေအချိန်ဖြစ်သော နံနက် ၁ဝ နာရီမှ ၁ဝ နာရီ မိနစ် ၃ဝ အတွင်း အခါကောင်း သည်ဟု ရွေးပေးလိုက်ကြောင်းကို သတင်းထောက်များက သတင်းကြားသိကြရ၍ ဗိုလ်ချုပ်ကို ပြောကြသည်။ ဗိုလ်ချုပ်က လုံးဝအယုံအကြည်မရှိ လက်မခံပေ။
    .
    ဗိုလ်ချုပ်၏ယုံကြည်ချက်သဘောထား
    —————————————-
    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထောက် လှမ်းရေးကလည်း ထိုသတင်းကို ရရှိကြသဖြင့် ထိုနေ့ထိုအချိန်တွင် ဝန်ကြီးအဖွဲ့ အစည်းအဝေးရှိသည်ကို လုပ်ကြံကြလိမ့်မည်ဟု ယူဆပြီး ဗိုလ်ချုပ်ထံ အမြန်တင်ပြခဲ့ကြသည်။
    .
    ”ဒီလောက်ကြီး ဗြောင်ကျကျ အတင့်ရဲတဲ့အကြံမျိုး ဒီအချိန်မှာ မကြံရဲကြပါဘူးဗျာ”ဟု ပြောဆိုလိုက်သည်ဟု ကြားကြရသည်။ ဗိုလ်ချုပ်သည် ဘာကြောင့်များ ဒီလောက် ငြင်းဆန်နေသည်ကို မည်သူမျှ မသိရှိနိုင်ကြပေ။ ဗိုလ်ချုပ် သည် ဂဠုန်ဦးစောကို ယုံကြည်နေပုံရသည်။ ဦးစောသည် ၄င်းကဲ့သို့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး တိုင်းပြည်လွတ်လပ် ရေးရအောင် ပါဝင်ကူညီလိမ့်မည်ဟု ထင်မှတ်ထားပုံရ သည်။
    .
    ဗိုလ်ချုပ်ကိုယ်တိုင် ဦးစောထံသို့သွားကြည့်ခြင်း
    ———————————————-
    ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က မြေနီကုန်း အဝိုင်းတွင် ဦးစော သေနတ်ပစ်လုပ်ကြံခံရသည်။ ပစ်လိုက် သော ကျည်ဆန်မှာ ကားမှန်ကိုထိပြီး မှန်စစဉ် ထိမှန်သဖြင့် ဦးစောမျက်စိကန်းမလိုဖြစ်သွားသည်။ အခင်းဖြစ်ပြီး နှစ်ရက် သုံးရက်လောက်အကြာတွင် ဗိုလ်ချုပ်သည် သခင်နုကိုခေါ်၍ ဦးစောအိမ်သို့ သွားသတင်းမေးခဲ့သေးသည်။ ဗိုလ်ချုပ်က ဦးစောအပေါ် ဤမျှအထိ ယုံကြည်ခင်မင်သည်။
    .
    လုပ်ကြံမှုကြီးမဖြစ်မီ တစ်ရက်အလို ဇူလိုင်လ ၁၈ ရက် နေ့တွင် တာဝါလိန်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် ဖဆပလအဖွဲ့ချုပ် အလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေး ကျင်းပသည်။ ဘိလပ်မှ ပြန်လာသော သခင်နုက ဘိလပ် ဆွေးနွေးပွဲနှင့်ပတ်သက်၍ တင်ပြသည်။ ထို့နောက် ဝန်ကြီး များက ဦးစော၏ လုပ်ကြံရန်ကြံစည်နေပုံသတင်းများကို တင်ပြပြီး နောက်နေ့တွင် ကျင်းပမည့် အစည်းအဝေးကို ရွှေ့ ဆိုင်းရန် သို့မဟုတ် ဗိုလ်ချုပ်အိမ်သို့ ပြောင်း၍ကျင်းပရန် အကြံပြုတင်ပြကြသည်။
    .
    ”ခင်ဗျားတို့က ဒီလူတွေကို ဒီလောက်တောင်ပဲ အထင် ကြီးနေကြသလား။ ဒီလောက်အတင့်ရဲဗြောင်ကျတဲ့အလုပ် မျိုးကို မလုပ်ရဲကြပါဘူး။ ကျုပ်က ခင်ဗျားတို့အကြံပေးသလို လုပ်လိုက်ရင် ကျုပ်သူတို့ကို ကြောက်ရာကျမှာပေါ့ဗျာ” ဟု ပြောသည်။
    .
    လုံခြုံရေးအစီအစဉ်သုံးရပ်
    ——————————-
    ဗိုလ်ချုပ်အောင်ဆန်းသည် အားလုံးဝိုင်းဝန်းတင်ပြ အကြံပြုကြသည်ကိုလည်း လက်မခံဘဲဖြစ်နေ၍ ဝန်ကြီးများ က အစီအစဉ်တစ်ခု ထပ်မံပြုလုပ်ကြပြန်သည်။ ခေတ္တပြည်ထဲ ရေးဝန်ကြီးတာဝန်ကို ယူထားရသော ဝန်ကြီး ပျော်ဘွယ် ဦးမြက အတွင်းဝန်များရုံးလုံခြုံရေးအတွက် ရဲဝိုင်ယာလက် ကားစီစဉ်ချထားပေးရန်၊ ပြည်သူ့ရဲဘော်ဌာနချုပ်မှ လက်ရွေးစင် အသေခံရဲဘော်နှစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်း အပါးတွင် လိုက်ပါချထားပေးရန်၊ ဝန်ကြီးအဖွဲ့ စည်းဝေးနေစဉ် အတွင်းဝန်ရုံးတစ်ဝိုက်တွင် အရပ်ဝတ်ဖြင့် ရဲဘော်များကို စောင့်ကြပ်ချထားပေးရန် စီစဉ်ကြသည်။
    .
    ထိုစဉ်အခါက ရန်ကုန်အတွင်းဝန်များရုံးမှာ အဆီးအတား မရှိ လူတိုင်းလွတ်လပ်စွာ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် နိုင်ကြသည်။ ဝန်ကြီးများတွင်လည်း လက်နက်ကိုင်အစောင့် (သက်တော်စောင့်)မထားကြ။ အပါးတော်မြဲလောက်သာ ထားရှိကြပြီး သွားလာနေကြသည်။
    .
    ဗိုလ်ချုပ်အောင်ဆန်းတွင် ကိုယ်ရံတော်အစောင့်ရှိသော် လည်း ဘယ်တော့မှ သွားလေရာ ခေါ်သွားလေ့မရှိ။ အပါးတော်မြဲ ဗိုလ်ထွန်းလှ တစ်ဦးတည်း သာ လိုက်ပါရသည်။
    .
    အစောင့်အရှောက်များကို နှင်ထုတ်ခြင်း
    ————————————–
    ထိုနေ့က နံနက် ၉ နာရီကျော်ကျော်လောက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အစည်းအဝေးရှိရာ အတွင်းဝန် များရုံးသို့ ထွက်ခွာရန် အိမ်ပေါ်မှဆင်းလာသည်။ ကားပေါ်တွင် ပြည်သူ့ရဲဘော်ဌာနချုပ်မှ တာဝန်ချထားသည့် အသက်စွန့် ရဲဘော်နှစ်ယောက်ကို တွေ့လိုက်သည်။
    .
    ”ဟေ့- မင်းတို့က ဘာကောင်တွေလဲ။ ဘာလာရှုပ် တာလဲ” ဟု ဗိုလ်ချုပ်က မြင်မြင်ချင်း မေးမြန်းကြိမ်းမောင်းတော့ သည်။ ဗိုလ်ထွန်းလှနှင့် ထိုရဲဘော်များက ရှင်းပြကြသည်။
    .
    ဗိုလ်ချုပ်က လက်မခံ။
    ———————–
    ”မလိုချင်ဘူး။ အခုဆင်းခဲ့ကြ…”
    ရဲဘော်နှစ်ယောက် ဆင်းနေရစ်ကြရသည်။
    အတွင်းဝန်များရုံးသို့ ရောက်သောအခါတွင်လည်း အဆင်းအတက်လှေကားရှိရာ ဆင်ဝင်အောက်တွင် ရဲဝိုင်ယာ လက်ကား ရပ်ထားသည်ကို တွေ့ရသည်။
    .
    ”ဟေ့ ဒီမှာ မင်းတို့အလုပ်မရှိဘူး … သွားကြ” ဟု နှင်ထုတ်လိုက်ပြန်သည်။
    .
    ဗိုလ်ချုပ်အလှပဆုံး ဝတ်ဆင်လာသောနေ့
    —————————————-
    ထိုနေ့က ဗိုလ်ချုပ်အောင်ဆန်းမှာ ခါတိုင်းလိုဝတ်နေကျ စစ်ယူနီဖောင်း အင်္ကျီဘောင်းဘီများ ဝတ်ဆင်မထားဘဲ အရပ် ဝတ်ဖြင့် ဝတ်ဆင်ထားသည်။ ရွှေဖလားရောင် ဘန်ကောက် လုံချည်၊ ပိုးတိုက်ပုံအင်္ကျီ၊ ကော်လံလည်ကတုံးနှင့် ဆံပင်မှာ လည်း ခါတိုင်းလိုစုတ်ဖွားဖွားမဟုတ်၊ ညှပ်ပြီးစ သပ်ရပ်နေသည်။
    .
    ရုံးခန်းဝတွင် ဝန်ကြီးဦးဗဂျမ်းက အံ့အားတသင့်ဖြင့် တစ်ခွန်းပြောလိုက်သည်။
    .
    ”ဗိုလ်ချုပ်က ဒီလိုတော့လည်း အချောကြီးပဲ”
    .’
    ‘နိုင်ငံရေးသမားတွေဆိုတာ လွတ်လပ်ရေးရပြီးပြီဆိုရင် စစ်သားစိတ်ပျောက်ပြီး အရပ်သားစိတ်မွေးမြူကြဖို့ အရေးကြီး တယ်။ အခုကတည်းက ကြိုတင်လေ့ကျင့်ထားရမယ်” ဟု ပြန်ကြားပြောဆိုပြီး ဗိုလ်ချုပ်တို့နှစ်ဦး အခန်းတွင်းသို့ ဝင်သွား ကြသည်။

    အစည်းအဝေးခန်းအတွင်း နေရာယူကြပုံ
    ——————————————-
    အစည်းအဝေးခန်းမှာ အတော်ကျယ်၍ မျက်နှာစာတွင် ဝင်ပေါက်တံခါးမကြီး သုံးပေါက်ရှိသည်။ အစည်းအဝေး စားပွဲ သည် ထိပ်တွင် ”ဂ” ပုံ ထောင့်ချိုးပိတ်၊ တစ်ဖက်တစ်ချက်ရှိ ခုံရှည်များဖြင့် ဆက်ထားသည်။ ထိုစားပွဲခုံ၏ အလယ်ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်းထိုင်၍ လက်ယာဘက်ခြမ်းတွင် ဝန်ကြီး အဖွဲ့အတွင်းဝန် ဦးရွှေဘော်၊ သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ ထိုင်ကြသည်။ လက်ဝဲဘက်တွင် ဦးဗဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ထိုင်ကြသည်။
    .
    လူသတ်သမားတို့ရောက်လာချိန်
    ———————————–
    အစည်းအဝေး ချိန်းဆိုထားသည့်အတိုင်း ၁ဝ နာရီမှာ စသည်။ စပြီးမကြာမီ ဒုတိယအတွင်းဝန် ဦးအုန်းမောင် ရောက် လာသည်။ အတွင်းဝန် ဦးအုန်းမောင် ရောက်လာပြီး မရှေး မနှောင်းမှာပင် အစည်းအဝေးခန်းမကြီး၏ မျက်နှာစာရှိ တံခါး သုံးပေါက် အနောက်မြောက်ဘက် တံခါးပေါက်ကိုတွန်းဖွင့်၍ စစ်ဝတ်စုံဝတ် လူငယ် ငါးယောက်၊ တော်မီဂန်း၊ စတင်းဂန်း စသည့် သေနတ်များကို ကိုင်ဆောင်လျက် အစည်းအဝေးခန်းမ အတွင်း ဝင်ရောက်လာကြသည်။
    .
    ဗိုလ်ချုပ်ကို မဲပြီး ပစ်ခတ်ခြင်း
    ———————————-
    ထိုလက်နက်ကိုင်လူစုတို့သည် စားပွဲထိပ်သို့ မျက်နှာမူ လျက် တန်းစီရပ်ကာ ရှေ့ဆုံးမှဝင်လာသူက ”ဟိတ်” ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းသည် ရုတ်တရက်မတ်တတ်ရပ်ပြီး လက်ကာပြကာ တစ်စုံတစ်ရာပြောလိုက်စဉ် ရှေ့ဆုံးမှ တော်မီဂန်း ကိုင်ဆောင် ထားသူက စတင်၍ ”ပစ်-ပစ်-ပစ်” ဟု အမိန့်ပေးလျက် ဗိုလ်ချုပ်အောင်ဆန်းကို မဲပြီး ပစ်ခတ်လိုက်လေသည်။
    .
    သေနတ်သံများနှင့်အတူ မီးခိုးများဖုံးလွှမ်းသွားသည်။ ပျော်ဘွယ် ဦးမြနှင့် ဦးရွှေဘော်တို့သည် ထိုင်ခုံကိုအသာ လှဲချလိုက်ပြီးနောက် ဘေးပြတင်းပေါက်မှ ကျော်ထွက်ပြေးကြ သည်။ ဦးဗဂျမ်းမှာ ထိပ်ဆုံးစားပွဲနှင့်ယှဉ်ကာ ကြမ်းပြင်ပေါ် တွင် မှောက်၍ အိပ်ချလိုက်သည်။
    သေနတ်သမားတို့သည် မတ်တတ်ရပ် ပစ်ခတ်နေရာမှ မကျေနပ်နိုင်ကြသေးဘဲ ဒူးထောက်ထိုင်ကာ ပစ်ခတ်ကြသေး သည်။ မီးခိုးများ ဖုံးလွှမ်းလျက်ရှိသောအခန်းထဲမှ သေနတ် သမားတို့ ထွက်သွားကြလေပြီ။ ဦးဗဂျမ်းတို့ ထပြီးကြည့်ရာ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့မှာ အတုံးအရုံး သေဆုံးနေကြလေ ပြီ။ မိုင်းပွန်စော်ဘွားကြီးကား မသေသေး။ ထပြီးလမ်းလျှောက် နိုင်သေးသည်။ ဒဏ်ရာရရှိထားသော မိုင်းပွန်စော်ဘွားကြီး အား အမြန်ဆုံးကုသပြုစုနိုင်ရန် ဦးဗဂျမ်းတို့သည် ရောက်လာ သော ရဲချုပ်ဦးထွန်းလှအောင်တို့နှင့်အတူ ခေါ်ဆောင်ကြလေသည်။ မည်သို့ပင်ကြိုးစားကြပေမယ့် ရရှိထားသော ဒဏ်ရာ ပြင်းထန်လွန်းမှုကြောင့် မိုင်းပွန်စော်ဘွားကြီးမှာ ဆေးရုံတွင် ကွယ်လွန်သွားရရှာသည်။
    .
    အသက်မသေ ကျန်နေကြသူများ
    ——————————–
    ထိုနေ့က လုပ်ကြံသတ်ဖြတ် မှုကြီးတွင် ကံကောင်းထောက်မ အသက်ဘေးမှ သီသီကလေးလွတ်ခဲ့ကြသော ခေါင်းဆောင် ကြီးများမှာ ဝန်ကြီးဦးဗဂျမ်း၊ ဝန်ကြီးပျော်ဘွယ် ဦးမြ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ အတွင်းဝန် ဦးရွှေဘော်တို့ ဖြစ်ကြသည်။
    .
    ထိုဖြစ်ရပ်ဆိုးကြီးမှာ မြန်မာတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေး
    ——————————————————–
    ငိုကြွေးကုန်ကြ သည်။ အသည်းဆတ်ဆတ်နာ လက်စားချေလို နေကြသည်။ ရန်ကုန်တစ်မြို့လုံး ဆူပွက်နေကြလေပြီ။ ဗိုလ်ချုပ်၏ အလောင်း ကို သေသပ်စွာခွဲစိတ်ကုသပြီး သည့်နောက် ဗိုလ်ချုပ်နေအိမ် တာဝါလိန်းအိမ်သို့ ဦးစွာ ပို့ဆောင်ကြလေသည်။ မသမာသူ လူသတ်သမားတစ်စုတို့ ၏ လက်ချက်ဖြင့် ကျဆုံးသွားရရှာခြင်းဖြစ်သော ဗိုလ်ချုပ် အောင်ဆန်း၏အလောင်း တာဝါလိန်းနေအိမ်သို့ အရောက်တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် အလောင်းအနီးတွင် ပုဆစ်ဒူးတုပ်ထိုင်ပြီး ဦးသုံးကြိမ်ချ၍ ကန်တော့လေသည်။
    .
    သောကမီးအထွတ်အထိပ်သို့ တောက်လောင်ဆုံးအချိန် ဖြစ်သော်လည်း ဒေါ်ခင်ကြည်သည် နိုင်ငံတော်မျိုးချစ် ခေါင်းဆောင်ကြီး၏ ဇနီးပီသစွာ စိတ်ကိုတင်းလျက် ကိုယ်ကို လည်း ချုပ်တည်းနိုင်သမျှ ချုပ်တည်းလျက်၊ သွေးဆူနေကြကုန် သော ပြည်သူလူထုကြီးအား အောက်ပါအတိုင်း ပြောဆို နှစ်သိမ့်လိုက်လေသည်။
    .
    သောကမီးတောက်လောင်နေချိန် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၏စကား
    ————————————————-
    ”ကျွန်မ၏ခင်ပွန်း ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းရင်း လမ်းခုလပ်မှာ ကျဆုံးခဲ့ရပါပြီ”
    .
    ”လူထုကို ကျွန်မပြောလိုတာကတော့ မိမိတို့အားကိုး ယုံကြည်လေးစားသော ခေါင်းဆောင်ကြီးကို ရက်ရက်စက်စက် လုပ်ကြံလိုက်ကြတဲ့အတွက်ကြောင့် ဒေါသထွက်ပြီး စိတ်လိုက် မာန်ပါမလုပ်ကြဖို့ ပြောချင်ပါတယ်။ သူချခဲ့တဲ့လမ်းစဉ်အတိုင်း တစ်သဝေမတိမ်းလိုက်နာကျင့်ဆောင်ပြီး သူရည်မှန်းခဲ့တဲ့ လွတ်လပ်ရေးကို မရမနေကြိုးပမ်းကြပါလို့ ကျွန်မပြောလို ပါတယ်”
    .
    ဗိုလ်ချုပ်မိခင်ကြီး ဒေါ်စု၏ပြောစကား
    ————————————
    ထိုစကားများသည် သမိုင်းတင်စကားများဖြစ်၍ တစ်ဆက်တည်း ပြောပြလိုသည်။ ဗိုလ်ချုပ်နှင့်အတူ ဗိုလ်ချုပ်၏ အစ်ကိုအရင်း ဦးဘဝင်းတို့ လုပ်ကြံခံလိုက်ရသဖြင့် သားနှစ်ဦး အဆုံးရှုံးခံလိုက်ရသော မိခင်တစ်ဦးအဖို့ အဘယ်မျှ ရင်ကွဲ ဝမ်းနည်းရမည်ကို စာနာမိခဲ့ပါသည်။
    ထိုနေ့က အမေစုသည် သားနှစ်ယောက်၏အဖြစ်ဆိုး သတင်းကို ကြားလိုက်ရသည်နှင့် အလွန်အမင်း အံ့သြသွား သည်။တစ်နိုင်ငံလုံး တစ်မျိုးသားလုံးက လေးစား ချစ်ခင် မေတ္တာထားကြသော ပုဂ္ဂိုလ်တို့ကို ရက်ရက်စက်စက် လုပ်ရက်ကြလေခြင်းဟုလည်း ရင်ထုမနာဖြစ်သွားရှာသည်။ အမေစုနှုတ်မှ ထွက်ပေါ်လာသော ရင်တွင်းခံစားချက် စကားသံ မှာ ဤသို့ဖြစ်ပါသည်။
    .
    ”ကျုပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုသတ္တိ ကြောင်တဲ့အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ် ကလေးဘဝကစလို့ ရှုတ်ချခဲ့တဲ့လူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင် ကြီး ဦးစောကို မသမာသူတို့ ချောင်းမြောင်းပြီး သေနတ်နဲ့ ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ပြစ်တင်ရှုတ်ချ တဲ့စကားတွေ ပြောခဲ့ပါတယ်”
    .
    ”ဟိုတုန်းက ဗိုလ်ချုပ်က နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီတုန်းက ကျုပ်က စိုးရိမ်လွန်းလို့ သားရယ် လူဆိုတာ အထက်ရောက်နေရင် သူတစ်ပါးက မနာ လိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ်တယ်။ အစစ အရာရာ သတိထားပါကွယ်လို့ ပြောမိတယ်”
    .
    ”ဒီတော့ ကျုပ်သားက ”ဗျာ…. ဒါကတော့ ဘုရားတောင် မှ အတိုက်အခံ ရှိသေးတာပဲ၊ ကိုယ်ကသာ လမ်းမှန်ကနေပြီး၊ မှန်တဲ့အလုပ်ကို လုပ်ကိုင်ထားရင် ဘာမှကြောက်စရာမရှိပါဘူး အမေရယ်။ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့ သေးတာ။ အခု တိုင်းပြည်နဲ့ လူထုဟာ အရင်လိုမဟုတ်တော့ ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီ” လို့ အားရပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်”
    .
    ”အခုတော့ ကျုပ်သားအောင်ဆန်းဟာ သူအလွန်မုန်းတီး ရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွားရရှာပြီ။ ကျုပ် မှာချင်တာကတော့ သူ့ကိုလေးစားကြသလို၊ ခေါင်းဆောင် များရဲ့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့လိုလားတဲ့ ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ ဒီလိုဆောင်ရွက်လို့ ရည်ရွယ်ချက်ကို ရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သား နှစ်ယောက်ဆုံးရတဲ့အပူမီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါ လိမ့်မယ်” ဟူ၍ ဝမ်းနည်းပက်လက် ပြောဆိုခဲ့ပေသည်။
    .
    ”ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်သူ့ပန်းတို့
    သွေးလွှမ်းပေးဆပ်၊ သက်နှင်းအပ်လျက်
    မြေမြတ်မြန်ပြေ၊ လွတ်လပ်စေခဲ့
    ဒို့တွေခံစား၊ ကျေးဇူးတရားကို
    မေ့ငြားမရှိ၊ အစဉ်သိလျက်
    နေ့ရှိသမျှ၊ သတိရသည်
    အာဇာနည်နေ့၊ ဒို့မမေ့….”
    .
    (၆၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိ အာဇာနည်ခေါင်းဆောင်ကြီး များအား ထာဝရ သတိတရ အလေးပြုလျက် . . . .။
    .
    ဟံသာဝတီ – ဦးအုန်းကြိုင်B.A,Dip.in Journalism
    မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဝါရင့်သတင်းစာဆရာကြီး
    .
    MOI မှ ကူးယူဖော်ပြသည်။
    https://www.facebook.com/MOIWebportalMyanmar/posts/923547781106422