News @ M-Media

Blog

  • မက်ဆီကို ရာဇ၀တ်ကောင်အဖြစ် မမှတ်ယူဟု လာလီဂါဥက္ကဌပြော

    မက်ဆီကို ရာဇ၀တ်ကောင်အဖြစ် မမှတ်ယူဟု လာလီဂါဥက္ကဌပြော

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    messi 2

    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ အခွန်လိမ်လည်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသော်လည်း မိမိအနေဖြင့် မက်ဆီအား ရာဇ၀တ်ကောင်တစ်ဦးအဖြစ် မှတ်ယူမည်မဟုတ်ဟု လာလီဂါပြိုင်ပွဲ ကျင်းပရေးဥက္ကဌ ဂျာဗီယာ တီဘက်စ်က ပြောကြားလိုက်သည်။

    မက်ဆီကို အခွန်ငွေ ယူရို ၄.၁ သန်း ရှောင်တိမ်းမှုနှင့်ပတ်သက်၍ စပိန်တရားရုံးက ပြီးခဲ့သည့်တစ်ပတ်တွင် ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို ၂ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း မက်ဆီမှာ ထောင်ဒဏ်ကို ချက်ခြင်းကျခံရမည်မဟုတ်ဘဲ ဆိုင်းငံထားခြင်း ခံရမည်ဖြစ်သည်။

    ထိုကိစ္စကြောင့် မက်ဆီမှာ ဝေဖန်မှုများ ခံနေရပြီး ကလပ်အသင်းကို နာမည်ပျက်စေသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ ဘာစီလိုနာအသင်းကမူ မက်ဆီဖက်မှ ရပ်တည်ကာ ပရိတ်သတ်ထောက်ခံမှုပြန်ရရန် လုပ်ဆောင်နေပြီး၊ လာလီဂါတွင် မက်ဆီဆက်ရှိနေခြင်းမှာ ပြဿနာမဟုတ်ဟု လာလီဂါဥက္ကဌ တီဘက်စ်က ဆိုသည်။

    “ကျွန်တော် မက်ဆီနဲ့ စကားပြောပြီးပါပြီ။ သူ့ကို ရာဇ၀တ်ကောင်တစ်ဦးလို့ ကျွန်တော် မမြင်ပါဘူး။ သူ လာလီဂါမှာ ဆက်ရှိနေတာကို ကျွန်တော် နှစ်သက်ပါတယ်။ သူ့အတွက် ရွေးချယ်စရာတွေအများကြီး ရှိနေတုန်းပါပဲ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ စောင့်ရပါလိ့မ်မယ်” ဟု တီဘက်စ်က ပြောကြားခဲ့သည်။

    Ref: Goal

  • နျူသဘောတူစာချုပ်ကို ဖောက်ဖျက်ပါက နျူအစီအစဉ် ပြန်စသွားမည်ဟု အီရန်ပြော

    နျူသဘောတူစာချုပ်ကို ဖောက်ဖျက်ပါက နျူအစီအစဉ် ပြန်စသွားမည်ဟု အီရန်ပြော

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    iran 3

    – မိမိတို့နိုင်ငံရဲ့ နျူလုပ်ငန်းစဉ်ကို ကန့်သတ်ထားတဲ့ သဘောတူစာချုပ်ကို အင်အားကြီးနိုင်ငံတွေက ဖောက်ဖျက်မယ်ဆိုရင် မိမိတို့အနေနဲ့ နျူအစီအစဉ်ကို ချက်ခြင်းပြန်လည်စတင်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

    JCPOA လို့ခေါ်ပြီး အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီစာချုပ် ချုပ်ဆိုနိုင်မှု တစ်နှစ်ပြည့်အဖြစ် ယမန်နေ့ တီဟီရန်မှာပြုလုပ်တဲ့ အခမ်းအနားမှာ အီရန်သမ္မတက ဒီလိုပြောကြားလိုက်တာဖြစ်ပြီး၊ မိမိတို့အနေနဲ့ စာချုပ်ကို အပြည့်အ၀ လိုက်နာသွားမှာဖြစ်ကြောင်း၊ တစ်ဖက်က ချိုးဖောက်ရင်တော့ နျူအစီအစဉ်ကို လျင်လျင်မြန်မြန်ပဲ ပြန်စသွားမှာဖြစ်ကြောင်း ထည်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ သဘောတူညီချက်အရ အီရန်က ၎င်းရဲ့နျူအစီအစဉ်ကို ကန့်သတ်ပေးဖို့နဲ့ နိုင်ငံတကာ နျူကလီးယားစောင့်ကြည့်သူများ ၀င်ရောက်လေ့လာနိုင်ရေး ခွင့်ပြုပေးဖို့ သဘောတူထားပြီး အပြန်အလှန်အနေနဲ့ အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂတို့က အီရန်အပေါ် ပိတ်ဆို့ထားတဲ့ နျူကလီးယားနဲ့ပက်သက်တဲ့ အရေးယူမှုအားလုံးကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

    “တကယ်လို့ တစ်ချိန်ချိန်မှာ အင်အားကြီး ၆ နိုင်ငံက သူတို့ရဲ့ ကတိက၀တ်ကို မလိုက်နာတော့ဘူးဆိုတဲ့ အခါမျိုးကျရင် နျူကလီးယားအင်အားကို အချိန်တိုတိုအတွင်းမှာ ကျွန်တော်တို့ရောက်ရှိချင်တဲ့ အဆင့်အထိ ရောက်အောင် ဆောင်ရွက်နိုင်တဲ့ အဆင့်မျိုး ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်” လို့ ရူဟာနီက သတိပေးခဲ့ပါတယ်။

    ဒါပေမယ့် ဒီသဘောတူညီချက်ဟာ နိုင်ငံအားလုံး၊ ကမ္ဘာကြီးငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကျိုးရှိမှာဖြစ်ပြီး စာချုပ်ဖောက်ဖျက်ရင်တော့ အားလုံး အကျိုးယုတ်သွားမယ်လို့ သမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • ရန်ကုန်မြို့ရှိ ကျူးကျော်တဲများတွင် နေထိုင်သူများစာရင်း ကောက်ယူမည်

    ရန်ကုန်မြို့ရှိ ကျူးကျော်တဲများတွင် နေထိုင်သူများစာရင်း ကောက်ယူမည်

    ဇူလိုင် ၁၄၊ ၂၀၁၆
    M-Media

    squatters

    – မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် အဆမတန် များပြားလာသည့် ကျူးကျော်နေထိုင်သူပြဿနာ ဖြေရှင်းရေး ကြိုးပမ်းမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှာ ကျူးကျော်တဲများ၌ နေထိုင်သူစာရင်း ကောက်ယူရန် အဖွဲ့များ ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

    ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ မေလက မိမိတို့အစိုးရအနေဖြင့် ကျူးကျော်အိမ်ယာများစာရင်းကို ကောက်ယူကာ အချက်အလက်များကို ကွန်ပျူတာစနစ်အသုံးပြု၍ မှတ်တမ်းတင်သွားမည်ဖြစ်ပြီး နောက်ထပ် ကျူးကျော်အိမ်ယာ တည်ဆောက်မှုများကို လုံးဝ သည်းခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အနေဖြင့် အမှန်တကယ် အိုးအိမ်မရှိသူမျာကိုသာ ကူညီသွားမည်ဖြစ်ကာ အခြား အမြတ်ထုတ်လိုသူများကိုမူ အရေးယူသွားမည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။ ယခုကဲ့သို ကျူးကျော်နေထိုင်သူများစာရင်းအတွက် အပြီးသတ် စာရင်းချုပ်နိုင်မည့်အချိန်ကို မသတ်မှတ်ရသေးပေ။

    “ကျူးကျော်တဲတွေမှာ နေထိုင်သူတွေရဲ့ စာရင်းမျိုး ကျွန်တော်တို့ မစုရသေးပါဘူး။ အခု ကျွန်တော်တို့ လုပ်မှာက အိမ်ထောင်စုစာရင်းကောက်မယ်။ ဘယ်တော့ စာရင်းချုပ်နိုင်မလဲဆိုတာ ပြောလို့မရသေးပါဘူး” ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောကြားခဲ့သည်။

    ကျူးကျော်တဲများတွင် နေထိုင်သူများစာရင်းကို ကောက်ယူမည့်အဖွဲ့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဦးဆောင်မည်ဖြစ်ပြီး အစိုးရ ဌာနပေါင်းစုံမှ တာဝန်ရှိသူများက အဖွဲ့ဝင်အဖြစ် ပါဝင်သွားမည်ဖြစ်သည်။

    ပထမဆုံးဦးအနေဖြင့် ထိုစာရင်းကောက်ယူမှုကို ကျူးကျော်တဲ အများဆုံးရှိသည်ဟု ခန့်မှန်းထားသည့် လှိုင်သာယာမြို့နယ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ခန့်မှန်းတွက်ချက်မှုများအရ ရန်ကုန်မြို့ရှိ နိုင်ငံပိုင်မြေနှင့် ပုဂ္ဂလိကပိုင်မြေများတွင် ကျူးကျော်ဝင်ရောက်နေထိုင်သူ အရေအတွက်မှာ ၄၃၀၀၀၀ ခန့်ရှိမည်ဟု သိရသည်။

    Ref: mmtimes

  • ဦးဝီရသူကို တာမွေရဲစခန်းတွင် အမှုဖွင့်

    ဦးဝီရသူကို တာမွေရဲစခန်းတွင် အမှုဖွင့်

    aw_mabatha3rdanniversity22
    ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် မဘသအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာသည့် ဦးဝီရသူ။ ဓာတ်ပုံ-အန်းဝမ်

    အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဝီရသူကို သာသနာအကြည်ညိုပျက်စေမှုဖြင့် နေပြည်တော်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခု၏ဥက္ကဋ္ဌတစ်ဦးက တာမွေရဲစခန်းတွင် ဇူလိုင် ၁၁ က အမှုဖွင့်တိုင်ကြားလိုက်သည်။
    .
    ၂၀၁၅ ခုနှစ် ဇန်နဝါရီက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုတွင် ဦးဝီရသူက “ကုလသမဂ္ဂထိုင်ခုံပေါ်ကို ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့” ဟု ဟောပြောခဲ့ပြီး ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီလီကို ရုန့်ရင်းကြမ်းတမ်းသည့် ဆဲဆိုချက်များဖြင့် ရည်ညွှန်းပြောဆိုသည့်အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည်။
    .
    နေပြည်တော်အခြေစိုက် ပြည်တွင်းသက်တော်စောင့် လူမှုကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းအောင်က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ပြီး တာမွေရဲစခန်းက အမှုဖွင့်လက်ခံထားပြီးဖြစ်သည်။
    .
    “ရဲစခန်းက သူတို့အနေနဲ့ တိုက်ရိုက် ကိုင်တွယ်လို့မရဘူး။ သံဃာ့မဟာနာယကကို တင်ရဦးမယ်လို့ ပြောတယ်။ အဲ့ဒီကနေ တုန့်ပြန်မှုရမှ ဆက်လက်ဆောင်ရွက်နိုင်မယ် လို့ပြောတယ်” ဟု ဦးဝင်းအောင်က Frontier ကို ပြောသည်။
    .
    ဦးဝီရသူ၏ ဟောပြောချက်မှာ တနှစ်ကျော် ရှိသွားခဲ့ပြီးဖြစ်သော်လည်း “အရင်ကတည်းက စွဲမယ်လို့ လုပ်ထားတာ။ ခုမှ အချိန်ကျလို့စွဲတာပါ” ဟု ဦးဝင်းအောင်က ဆိုသည်။
    .
    သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းရာတွင် ဦးစီးဌာနသို့ အဆိုပါကိစ္စနှင့်ပတ်သက်၍ “မသိရှိကြောင်း” ဖြေကြားခဲ့သည်။
    .
    ထို့ပြင် သံဃမဟာနာယကအဖွဲ့မှ ညွှန်ကြားရေးမှူးဦးထွန်းညွန့်က “ကျနော်တို့ဆီကိုလည်း ခုထိဘာမှ အသိပေးတာမျိုး မရှိသေးပါဘူး” ဟု Frontier ကို ဖြေကြားခဲ့သည်။
    .
    လွန်ခဲ့သည့်ရက်ပိုင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ “မဘသ မလိုအပ်တော့ပါဘူး” ဟူသည့်စကားရပ်နှင့်ပတ်သက်၍ မဘသဖက်မှ ပြန်လည်ဝေဖန်ခဲ့သေးသည်။
    .
    သို့သော် ဇူလိုင် ၁၂ ရက်က ၎င်းတို့၏ထုတ်ပြန်ချက်အရ “ဒီမိုကရေစီမှာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်” ဟု ကြေညာချက်ထုတ် တုန့်ပြန်ခဲ့ကာ ယခင်က တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြမည်ဟူသည့် မဘသ၏ ပြောဆိုချက်မှာ မှေးမှိန်သွားခဲ့သည်။
    .
    နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကမူ အမျိုးဘာသာ၊ သာသနာ၊ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် သံဃအဖွဲ့အစည်း၊ အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ မည်သည့်ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမျှ မဘသအဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည်ပေါက်ပွားစေခဲ့ခြင်းမရှိဟု ထုတ်ပြန်ထားသည်။
    .
    ရေးသားသူ – မြတ်ကျော်သူ
    Frontier Myanmar မှာ ကူးယူဖော်ပြပါသည်။
    http://frontiermyanmar.net/mm/news/2221

  • မလေးရှိ မြန်မာသံရုံးမှ ပတ်စ်ပို့သက်တမ်းတိုး ထုတ်ပေးရာတွင် ကြာမြင့်မှုကြောင့် မြန်မာလုပ်သားများ အခက်တွေ့နေ

    မလေးရှိ မြန်မာသံရုံးမှ ပတ်စ်ပို့သက်တမ်းတိုး ထုတ်ပေးရာတွင် ကြာမြင့်မှုကြောင့် မြန်မာလုပ်သားများ အခက်တွေ့နေ

    ဇူလိုင် ၁၃၊ ၂၀၁၆
    M-Media

    malay 2

    – သက်တမ်းကုန်ဆုံးတော့မည့် နိုင်ငံကူးလက်များ သက်တမ်းတိုးရန် မလေးရှားရှိ မြန်မာသံရုံးက ဆောင်ရွက်ရာတွင် အလွန်အမင်း ကြာမြင့်နေသောကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ တရားမ၀င်နေထိုင်မှု ပုဒ်မဖြင့် ဖမ်းဆီး၊ အကျဉ်းကျခံရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသူများ၏ ပြောကြားမှုအရ သိရသည်။

    လက်ရှိ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ၄ လမှ ၆ လအထိ ကြာမြင့်မှုများ ရှိနေသောကြောင့် မြန်မာလုပ်သားများမှာ တရားမ၀င်နေထိုင်သည့်ဘ၀သို့ ရောက်ရှိနေကြသည်။

    “သံရုံးကနေ နိုင်ငံကူးလက်မှတ်တွေ အချိန်မီ ပြန်မရတာကြောင့် တရားဝင်ဘ၀ကနေ တရားမ၀င်ဘ၀ ရောက်သွားတဲ့ အလုပ်သမားတွေ ဒုနဲ့ဒေး ရှိနေပါတယ်” ဟု မလေးရှားအခြေစိုက် ရတနာ့စက္ကအခမဲ့နာရေးကူညီမှုအသင်းဥက္ကဌ ကိုကျော်ဇေလွင်ကဆိုပြီး ထိုကဲ့သို့ နိုင်ငံကူးလက်မှတ် ပြန်မရသည့် အလုပ်သမားများမှ ၁၅ ရာခိုင်နှုန်းမှာ ဖမ်းဆီးခံရခြင်း၊ အကျဉ်းကျခံရခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လေးနှစ်အတွင်း မလေးရှားအစိုးရမှာ 6P ဟု ခေါ်သည့် အစီအစဉ်ဖြင့် နိုင်ငံအတွင်းရှိ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်သွားသော ရွှေ့ပြောင်းလုပ်သားများ ယာယီနိုင်ငံကူးလက်မှတ်ရရှိစေရန် သက်ဆိုင်ရာသံရုံများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့သည်။

    ထိုကာလအတွင်း မြန်မာသံရုံးမှာ 6P အစီအစဉ်နှင့် အကြုံးဝင်သည့် အထောက်အထားပေါင်း ၆၀၀၀၀ ခန့်ကို ထုတ်ပေးခဲ့သည်။ သို့သော်လည်း လျှောက်ထားသူအချို့မှာ အချက်အလက်များ ရေးသွင်းရာတွင် မမှန်မကန်ရေးသွင်းမှုများ ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သောကြာင့် သံရုံးမှာ လက်ရှိတွင် လျှောက်ထားသူအားလုံးအား ၎င်းတို့၏ မူရင်း အထောက်အထားများ၊ အိမ်ထောင်စုစာရင်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ နှိုင်းယှဉ် စစ်ဆေးနေခြင်းဖြစ်သည်။

    ထိုသို့ စစ်ဆေးမှုများကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရာတွင် ကြန့်ကြာခြင်းဖြစ်သည်ဟု ဆိုသည်။

    “အရင်က နိုင်ငံသားကဒ်အတုနဲ့ အလုပ်သမားတွေလည်း နိုင်ငံကူးလက်မှတ် ရပါတယ်။ ဒါ့ကြောင့် သံရုံးက အခုအချိန်မှာ အားလုံးကို သေသေချာချာ စစ်ဆေးနေပြီး သက်တမ်းကုန်သွားတဲ့ နိုင်ငံကူးလက်မှတ်တွေကို ပြန်ထုတ်ပေးရာမှာ ကြန့်ကြာနေတာပါ” ဟု သီတဂူဆရာတော်အား ကြည်ညိုသူများအဖွဲ့မှ အကြီးအကဲ ဦးသီဟမောင်မောင်က ပြောကြားခဲ့သည်။

    “သံရုံးမှာ ကျွန်တော် နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးလျှောက်ခဲ့တယ်။ ၃ လလောက်ကြာသွားပြီး ပြန်သွားမေးတော့ မရသေးဘူးပြောပါတယ်။ အခု ကျွန်တော်နဲ့ မြန်မာလုပ်သားတော်တော်များများဟာ တာဝန်ခံမှုမရှိတဲ့ သံရုံးဝန်ထမ်းတွေကြောင့် အထောက်အထားမဲ့ဘ၀ကို ရောက်ခဲ့ကြရပါတယ်။ ကျွန်တော် မြန်မာနိုင်ငံသားစစ်စစ်ပါ။ သူတို့ကို အထောက်အထားတွေလည်း ပေးခဲ့ပါတယ်” ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သူ ကိုဝေလင်းက ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံကူးလက်မှတ် မရှိသောကြောင့် မိမိတို့မှာ အပြင်မထွက်ရဲကြောင်း၊ မလေးရဲများက တရားမ၀င်လုပ်သားများကို နှိမ်နင်းသည့် စစ်ဆင်ရေးကိုလည်း ကြောက်ရွံ့နေရကြောင်း၊ သံရုံဝန်ထမ်းများကြောင့် ရွှေ့ပြောင်းလုပ်သားအများစုမှာ အကျဉ်းကျနေရသောကြောင့် ၎င်းတို့အား လူစားထိုးသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာရွှေ့ပြောင်းလုပ်သားများမှာ နိုင်ငံကူးလက်မှတ် အချိန်မီ မရရှိသောကြောင့် မလေးရှားတွင် တရားဝင်နေထိုင်ခွင့်ဖြစ်သည့် အလုပ်လုပ်ခွင့်ပါမစ်ကို လျှောက်ထား၍ မရနိုင်ဘဲ တရားမ၀င်နေထိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။

    မလေးရှားရှိ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း မြန်မာသံရုံးမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိပေ။

    Ref: mmtimes