ဇူလိုင် ၁၄၊ ၂၀၁၆
M-Media
– ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ အခွန်လိမ်လည်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရသော်လည်း မိမိအနေဖြင့် မက်ဆီအား ရာဇ၀တ်ကောင်တစ်ဦးအဖြစ် မှတ်ယူမည်မဟုတ်ဟု လာလီဂါပြိုင်ပွဲ ကျင်းပရေးဥက္ကဌ ဂျာဗီယာ တီဘက်စ်က ပြောကြားလိုက်သည်။
မက်ဆီကို အခွန်ငွေ ယူရို ၄.၁ သန်း ရှောင်တိမ်းမှုနှင့်ပတ်သက်၍ စပိန်တရားရုံးက ပြီးခဲ့သည့်တစ်ပတ်တွင် ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို ၂ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ သို့သော်လည်း မက်ဆီမှာ ထောင်ဒဏ်ကို ချက်ခြင်းကျခံရမည်မဟုတ်ဘဲ ဆိုင်းငံထားခြင်း ခံရမည်ဖြစ်သည်။
ထိုကိစ္စကြောင့် မက်ဆီမှာ ဝေဖန်မှုများ ခံနေရပြီး ကလပ်အသင်းကို နာမည်ပျက်စေသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ ဘာစီလိုနာအသင်းကမူ မက်ဆီဖက်မှ ရပ်တည်ကာ ပရိတ်သတ်ထောက်ခံမှုပြန်ရရန် လုပ်ဆောင်နေပြီး၊ လာလီဂါတွင် မက်ဆီဆက်ရှိနေခြင်းမှာ ပြဿနာမဟုတ်ဟု လာလီဂါဥက္ကဌ တီဘက်စ်က ဆိုသည်။
“ကျွန်တော် မက်ဆီနဲ့ စကားပြောပြီးပါပြီ။ သူ့ကို ရာဇ၀တ်ကောင်တစ်ဦးလို့ ကျွန်တော် မမြင်ပါဘူး။ သူ လာလီဂါမှာ ဆက်ရှိနေတာကို ကျွန်တော် နှစ်သက်ပါတယ်။ သူ့အတွက် ရွေးချယ်စရာတွေအများကြီး ရှိနေတုန်းပါပဲ။ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ စောင့်ရပါလိ့မ်မယ်” ဟု တီဘက်စ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.