News @ M-Media

Blog

  • ဂဠုန် ဦးစော နှင့် အဖွဲ့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲဘော်တင်မြင့် (မော်ကွန်းဝင် – ပထမဆင့် )

    ဂဠုန် ဦးစော နှင့် အဖွဲ့ကို ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲဘော်တင်မြင့် (မော်ကွန်းဝင် – ပထမဆင့် )

    ဇူလိုင် ၁၅ ၊ ၂၀၁၆
    M-Media
    U Tin Myint
    ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် NLD ရုံးချုပ်တွင် NLD နာယကကြီး ဖြစ်သော သူရဦးတင်ဦး ထံသို့ ကွယ်လွန်သူ ဟာဂျီ  ရဲဘော်တင်မြင့် (မော်ကွန်းဝင်- ပထမဆင့်) ၏ ဇနီး ဟာဂျီမဒေါ်ခင်ရီ မိသားစု မှ ဖက်ဆစ်ဂျပန်တော်လှန်းရေး နှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲဝင် စာအုပ် နှင့်အတူ ပိုးထည်ဖြစ် ယက်လုပ်ထားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ ပုံကို မှန်ဘောင် နှင့် တကွ ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊

    13697221_2080267245531764_7972426091022348313_n

    ရဲဘော်တင်မြင့်ရဲ့ အထုပတ္တိအကျဉ်း
    ————————————
    *** ဟာဂျီ – ရဲဘော်တင်မြင့် { ဒဂုံမြင့် }***
    မော်ကွန်းဝင် – ပထမဆင့် ၊ {အငြိမ်းစား၊စစ်မှုထမ်း}
    လွတ်မြောက်ရေးမှတ်တမ်းဝင်

    ရဲဘော်တင်မြင့်ကို ဟသာင်္တခရိုင်၊ ဇလွန်မြို့တွင် အဘဦးနာဝရီ ၊အမိ ဒေါ်ဖါတမာ ၊တို့မှ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် သားအထွေးဆုံး ဖြစ်သည်၊၊

    ရဲဘော်တင်မြင့်၏ ဖခင်ဖြစ်သူ ဦးနာဝရီ့မှာလဲ တောင်သူလယ်သမား အရေးတော်ပုံ ၊ ဆရာစံဖွဲ့စည်းခဲ့သော် ဂဠုန်တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပါသည်၊၊ဟသာင်္ံတခရိုင် ၊ ဇလွနိမြို့နယ် ၊ မရိုးခကျေးရွာတွင် ဆရာစံ၏ ညာလက်ရုံး တစ်ဦးဖြစ်သူ ကျောက်လုံး နှင့် အတူ တောင်သူလယ်သမား အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် အတွက် နယ်ချဲ့ဗြိတိသျှ အစိုးရ ၏ ဖစ်ဆီးအရေးယူပြစ်ဒဏ်ပေးခြင်း ကိုခံခဲ့ရသည်၊၊

    ရဲဘော်တင်မြင့်သည်လည်း ဖခင်- ဦးနာဝရီ ကဲ့သို့ပင် မျိုးချစ် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်လာပြီး ၊ မြန်မာပြည်လွတ်လပ်ရေး အတွက် ကျရာကဏ္ဍများတွင် ပါဝင်လှုပ်ရှားမှုများ မှာ ဗမာ့လက်ရုံး တပ်ဖွဲ့ဝင်အဖြစ်၎င်း ၊ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး ၊ (၁၃၀၀) ပြည့်အရေးတော်ပုံ ၊ အာရှလူငယ် သင်တန်းများ တို့တွင်လည်း ပါဝင်ခဲ့ပါသည်၊၊ရန်ကုန်မြို့ သို့ ဂျပန်များ ဝင်ရောက်လာပြီးနောက် ၊ (B.I.A) အတွက် ရိက္ခာ နှင့် ပစ္စည်းထောက်ပံရေးတာဝန် ၊ (၂) လစစ်သင်တန်းတက်၍ လုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ၊ မြို့စောင့်တပ်တွင် တပ်သားအဖြစ် ထမ်းဆောင်ခဲ့သည်၊၊

    (၁၉၄၄) ခုနှစ် ၊ဖက်ဆစ်တော်လှန်ရေး ကြေငြာစာ ၊ လျှိ့ဝှက်စာကို တိုစဉ်က ခေါင်းဆောင်ကြီးများ ခိုင်းစေသည့်အတိုင်း သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သည်၊၊(၁၉၄၅) ခုနှစ် ၊ ဧပြီလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ကို (မျိုးချစ်ဗမာ့တပ်မတော်မှ) သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ကြေညာချက်ကို ပြည်သူလူထူထံဝေဌခဲ့သည်၊၊မေလ(၁) ရက်နေ့တွင် ရဲဘော်တင်မြင့် နှင့် အခြားရဲဘော်များကို ဂျပန်တပ်မှ လက်ကျန်များဟု စွပ်စွဲကာ အိန္ဒိယတပ်မကြီး ၏ တပ်စိတ်ပိုင်းတခုက ဖမ်းဆီးပြီး မျိုးချစ်တပ်မတော်သားများ နှင့်အတူ ယခင်ကူရှင်ကျောင်း (ယခု အ ထ က (၄) အလုံ )တွင်ချုပ်နှောင်းခြင်းခံခဲ့ရပါသည်၊၊တော်လှန်ရေးပြီးဆုံးသွားသော အခါ ၊ မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းလိုက်သည့် အချိန် ရဲဘော်တင်မြင့်သည် ဗမာ့လွတ်လပ်ရေး အတွက် ဆက်လက်ဆင်နွှဲရန် ပြည်သူ့အရေးတော်ပုံ ပါတီ၏ တာဝန်ပေးချက်အရ ၊ ပြည်သူ့ရဲဘော် အဖွဲ့တွင် ပါဝင်ပြီး ၊ ရန်ကုန်အလယ်ပိုင်းတွင် တာဝန်ယူခဲ့ရပြီး ၊ (၁၉၄၆ – ခုနှစ် ) ရွှေတိဂုံအလယ် ပစ္စယံအထူး အစည်းအဝေးကြီး တွင်လည်း တက်ကြွစွာပါဝင်ခဲ့ပါသည်၊၊

    ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် နိုင်ငံတော် လုပ်ကြံမှုကြီး ပေါ်ပေါက်ခဲ့ပါသည်၊၊၎င်း လုပ်ကြံမှုကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရပြီး ယင်းလုပ်ကြံမှုကြီး ဖော်ထုတ်နိုင်ရေး အတွက် ပြည်ထဲရေး နှင့် တရားရေးဝန်ကြီး ဦးကျော်ငြိမ်း ၏ တာဝန်ပေးညွှန်ကြားချက်အရ ဦးမင်းဒင် (ခ) သခင်ပန်းမြိုင် (ဝန်ကြီးဟောင်း) နှင့် ရဲဘော်တစ်စုကို တာဝန်ပေးအပ်ခဲ့ရာ ရဲဘော်တင်မြင့်သည် (ရဲတပ်ကြီး) တစ်ဦး အနေဖြင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို ဖမ်းဆီးရာ၌၎င်း ၊ လက်နက်များကို သိမ်းဆည်းရာတွင်၎င်း ၊ ထောင်ထဲတွင် ထားရှိစဉ်အတွင်း ညစောင့်အဖြစ်၎င်း ၊ ရုံးတင်စစ်ဆေးနိုင်ရေး အတွက် တာဝန်များ နှင့် ဂဠုန်ဦးစော နှင့် အပေါင်းပါများကို (၁၉၄၈ ခုနှစ် ၊ မေလ (၈) ရက်နေ့) နံနက်ကြိုးပေးပြီးသည့်အထိ နိုင်ငံတော် မှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်၊၊

    မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် (၁၉၄၉ – ခုနှစ် မှ ၁၉၆၂ -ခုနှစ် ) ထိ ရဲဘော်တင်မြင့်သည် (ဖဆပလ) အဖွဲ့ကြီး နှင့် ( ပထစ ) အဖွဲ့ကြီးတို့၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး ၊ စီးပွားရေး ၊ မြို့ပြစည်ပင်သာယာရေး နှင့် ကျန်းမာရေး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်၊၊မြန်မာပြည်လွတ်လပ်ရေး အတွက် နယ်ချဲ့ဆန့်ကျင်ရေး နှင့် ပြည်သူလွတ်လပ်ရေး တိုက်ပွဲများကို ကျရာကဏ္ဍများ၌ ပေးအပ်သောတာဝန် နှင့် ဝတ္တရားများကို ဦးလည်မသုန် သက်စွန့်ဆံဖျား အသက်ကို ပဓါနမထားဘဲ
    ဆောင်ရွက်ခဲ့သောကြောင့် ၊ နိုင်ငံတော်မှာ ( ၁၉၇၅ ခုနှစ် ၊ မတ်လ (၂၅) ရက် နေ့စွဲ) ဖြင့် နိုင်ငံတော် ကောင်စီအမိန့် ကြော်ငြာစာပြန်တမ်း အမှတ် (၆) အမှတ်စဉ် ( ၁၆ / ၇၅ ) ဖြင့် လွတ်လပ်ရေး မော်ကွန်းဝင် – ပထမဆင့် ကိုချီးမြှင့်ခဲ့ပြီးနောက် ၊ ၁၉၇၈ ခုနှစ် ၊ ဇူလိုင်လ (၁၇) ရက် နေ့စွဲပါ ( ၄ / ၄၃၄ ) အရ လွတ်မြောက်ရေးဖဲပြား ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းခံရသော ရဲဘော်တစ်ဦးဖြစ်သည်၊၊

    ရဲဘော်တင်မြင့်သည် ယခုအချိန်အထိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၊ အားလပ်သည့်အချိန်များတွင် ( ဒဂုံမြင့်) အမည်ဖြင့် စာပေများရေးသားခဲ့ပြီး ၊ စာပေ နှင့် စာနယ်ဇင်း အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်၊၊

    အသက်အရွယ်ကြီးပြင်းလာသောအခါ ဘာသာရေး ၊ လူမှုရေး ကိစ္စများတွင်ပါဝင် ဆောင်ရွက်ခဲ့သည်၊၊(ဘီအမ်အို)ဌာနချုပ်တွင် ရာသက်ပန်အဖွဲ့ဝင်အမှတ် ( ၇၄ ) ဖြင့် တက်စွမ်းသမျှ ကူညီပေးခဲ့သူတစ်ဦးလည်းဖြစ်သည်၊၊

    မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန် မှ စ၍ပါဝင်ခဲ့ပြီး ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ပြီး ရန်ကုန်တိုင်း ဟာဂ်ျ ကိုယ်စားလှယ်အဖြစ် ဆောက်ရွက်ခဲ့ပြီး ၊ ( မ. အ . ဖ ) ရန်ကုန်တိုင်း ၊ နာယက အဖြစ် ထမ်းဆောင်ခဲ့သည်။

    (၁၉၉၆ – ခုနှစ် ) နောက်ပိုင်း ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ကျိုလီယာဂျာမေဗလီကြီးတွင် ဂေါပက အဖွဲ့တွင် ပါဝင်ဆောက်ရွက်ခဲ့ပြီး ၊ ၁၉၉၈ ခုနှစ် ၊ မေလ ( ၁၁ ) ရက်နေ့တွင် အလ္လာဟ်အသျှင်မြတ်၏ အမိန့်ခံယူ (ကွယ်လွန်)သွားခဲ့ပါသည်၊၊

    ** အချက်အလက်မှတ်တမ်းများပေးပို့သူ ရဲဘော်တင်မြင့် ၏ သား အငယ်ဆုံး ဖြစ်သူအား M-Media မှ အထူးကျေးဇူးတင်ရှိပါသည်။

  • အ၀လွန်သူများတွင် နှလုံးနှင့် ဆီးချိုရောဂါအန္တရာယ် ပိုများ

    အ၀လွန်သူများတွင် နှလုံးနှင့် ဆီးချိုရောဂါအန္တရာယ် ပိုများ

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    blood

    – အ၀လွန်တဲ့သူတွေမှာ သွေးအတွင်း သကြားဓာတ်ထိန်းချုပ်မှုဟာ ဆိုးဝါးလာလေ့ရှိတာကြောင့် ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို တိုးလာစေတယ်လို့ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ခဲ့ရပါတယ်။

    တက္ကဆက်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်မှာ အ၀လွန်သူတွေအကြား သွေးဖိအားနဲ့ ကိုလက်စထရောအဆင့်တွေဟာ အများအားဖြင့် တည်ငြိမ်နေလေ့ရှိပြီး သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှု ဆိုးရွားမှုကြောင့် ၁၉၈၈ နဲ့ ၂၀၁၄ ကြားမှာ နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၃၇ ရာခိုင်နှုန်း မြင့်တက်လာကို တွေ့ခဲ့ရပါတယ်။

    “နှလုံးရောဂါလက္ခဏာတွေရှိတဲ့ အ၀လွန်သူတွေဟာ ပိုပြီး တင်းကျပ်တဲ့ နေထိုင်စားသောက်မှုတွေ လိုအပ်ပါတယ်၊ ဥပမာ ခန္ဓာကိုယ်အလေးချိန်ကျဆင်းစေဖို့နဲ့ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်ဖို့ ကျန်းမာတဲ့အစာအာဟာရနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပါ” လို့ တက္ကဆက်တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာ ဖန်ဂျီယန် ဂူအိုက ပြောကြားခဲ့ပါတယ်။

    အ၀လွန်ခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အချိန်ကြာလာတဲ့အခါ သွေးတွင်းသကြားဓာတ်တွေ စုပုံလာပြီး အမျိုအစား ၂ ဆီးချိုကို ဖြစ်စေနိုင်တယ်လို့ သုတေသီများက ဆိုပါတယ်။

    ဆီးချိုကနေ တစ်ဖန် နှလုံးရောဂါနဲ့ အမြင်အာရုံဆုံးရှုံးခြင်း၊ ခြေလက်ဖြတ်တောက်ရခြင်းအထိ ဖြစ်စေနိုင်ပြီး၊ ကိုယ်အလေးချိန်ထိန်းချုပ်ခြင်းအားဖြင့် ဒီဖြစ်စဉ်တွေကို ပြောင်းပြန်ဖြစ်စေနိုင်တယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    Ref : IINA

  • ဘာကာ၏ မက်ဆီပရိုမိုးရှင်းကို စပိန်တရားရေးဝန်ကြီး ဝေဖန်

    ဘာကာ၏ မက်ဆီပရိုမိုးရှင်းကို စပိန်တရားရေးဝန်ကြီး ဝေဖန်

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    messi 3

    – အခွန်ရှောင်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တိုက်စစ်မှူး မက်ဆီအတွက် ဘာစီလိုနာအသင်းက ပြုလုပ်နေသည့် ဆိုရှယ်မီဒီယာ လှုပ်ရှားမှုကို စပိန် တရားရေးဝန်ကြီး ရာဖေးလ် ကာတာလာက ဝေဖန်ပြောကြားလိုက်သည်။

    မက်ဆီမှာ အခွန်ရှောင်မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၂၁ လနှင့် ဒဏ်ငွေ ယူရို သန်းချီ ချမှတ်ခံထားရပြီး ဝေဖန်မှုများ ခံနေရချိန်တွင် ဘာစီလိုနာအသင်းက #WeAreAllLionelMessi ဟူသည့် ခေါင်းစဉ်ဖြင့် မက်ဆီအား ထောက်ခံရေး ဆိုရှယ်မီဒီယာလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

    ထိုလှုပ်ရှားမှုအတွက် ဘာစီလိုနာအသင်းမှာ ဝေဖန်ခံနေရပြီး စပိန်တရားရေးဝန်ကြီးကလည်း ထိုအထဲတွင် ပါဝင်လာကာ အသင်းအနေဖြင့် ကစားသမားတစ်ဦးအား စာနာဖေးမရမည် ဖြစ်သော်လည်း ဘာကာ၏ လုပ်ရပ်မှာ တရားရုံးက သတ်မှတ်ထားသည့် မက်ဆီ၏ ဥပဒေချိုးဖောက်မှုကို မှေးမှိန်အောင် ပြုလုပ်နေသကဲ့သို့ဖြစ်သည်ဟု ဆိုသည်။

    “ကျွန်တော်က မက်ဆီလည်းမဟုတ်ပါဘူး။ အခွန်လည်းမရှောင်ခဲ့ပါဘူး။ ဒါ့ကြောင့် ဘယ်သူ့အတွက် ဘာမှ မခံစားပေးပါဘူး။ ဘာစီလိုနာရဲ့လုပ်ရပ်ကို ကာ့တ်လန်နယ်သားတွေ၊ ဘာစီလိုနာပရိတ်သတ်တော်တော်များများကလည်း နှစ်သက်ကြမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကာတာလာက ပြောကြားခဲ့သည်။

    Ref: Goal

  • ဟန်ဂေရီက ဒုက္ခသည်များအပေါ် ဆက်ဆံမှု HRW ရှုတ်ချ

    ဟန်ဂေရီက ဒုက္ခသည်များအပေါ် ဆက်ဆံမှု HRW ရှုတ်ချ

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    – ဟန်ဂေရီမှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကြမ်းကြုတ်ရက်စက်စွာ ဆက်ဆံခဲ့တဲ့အပေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဝေဖန်ရှုတ်ချလိုက်ပြီး ဒုက္ခသည်တွေကို ဆားဘီးယားသို့ အတင်းအကြပ်ပြန်လည်မောင်းမထုတ်ခင် ရဲနဲ့စစ်သားတွေက ရိုတ်နှက်ခဲ့ကြတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    “ဟန်ဂေရီနယ်စပ်က ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဆားဘီးယားကို အတင်းအကြပ် ပြန်ပို့ခံခဲ့ရပြီး၊ တစ်ချို့ကိစ္စတွေမှာဆိုရင် သူတို့ကို ကာကွယ်ပေးဖို့ တောင်းဆိုတာကို စဉ်းစားမပေးဘဲ ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးတွေ ရှိခဲ့ပါတယ်” လို့ Human Rights Watch က သူ့ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    နယူးယောက်အခြေစိုက် အဲဒီအဖွဲ့ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ အစီအရင်ခံမှာ ဧပြီနဲ့မေလအတွင်း ရွှေ့ပြောင်းဒုက္ခသည် ၁၂ ယောက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလည်း ပါဝင်ခဲ့ပြီး၊ အာဏာပိုင်တွေနဲ့ ကင်းလှည့်စစ်သားတွေဟာ သူတို့ကို ပြန်မောင်းမထုတ်ခင် ရက်ရက်စက်စက် ရိုက်နှက်ပြီး မတရားလုပ်ခဲ့တယ်လို့ ဖြေကြားထားပါတယ်။

    HRW သုတေသီတစ်ဦးဖြစ်သူ လီဒီယာ ဂေါလ်က ဟန်ဂေရီဟာ စည်းမျဉ်းအားလုံးကို ချိုးဖောက်နေပြီး ဆားဘီးယားက ဖြတ်လာတဲ့ ဒုက္ခသည်သည်တွေရဲ့ ခိုလှုံခွင့်တောင်းမှုကို မျက်နှာလွှဲခဲပစ်လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဟန်ဂေရီပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုနှစ်အတွင်းမှာ ဒီလိုတိုင်ကြားမှုပေါင်း ၈ ခုသာ ရှိသေးပြီး၊ စုံစမ်းစစ်ဆေးသူတွေက ဒီကိစ္စတွေဟာ အထောက်အထားမခိုင်မာဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး HRW အနေနဲ့ အခြေအနေအချိန်အခါကို နားမလည်ဘဲ ခိုလှုံသူတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို တလွဲ အဓိပ္ပါယ်ကောက်နေတယ်လို့လည်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : IINA

  • အမေရိကန်အစိုးရအနေဖြင့် မိုက်ခရိုဆော့ဖ်ဆာဗာများကို ၀င်မကြည့်ရန် တရားရုံး ဆုံးဖြတ်

    အမေရိကန်အစိုးရအနေဖြင့် မိုက်ခရိုဆော့ဖ်ဆာဗာများကို ၀င်မကြည့်ရန် တရားရုံး ဆုံးဖြတ်

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    micro

    – ကမ္ဘာကျော် ကွန်ပျူတာဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ်၏ အမေရိကန်ပြင်ပ အခြားနိုင်ငံများရှိ ဆာဗာများသို့ ၀င်ရောက်အသုံးပြုခွင့်ရရန် အမေရိကန်အစိုးရအနေဖြင့် ဖိအားပေး တောင်းဆိုခွင့်မရှိဟု အမေရိကန်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

    အမေရိကန် တရားရေးဝန်ကြီးဌာနမှာ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အိုင်ယာလန်ရှိ မိုက်ခရိုဆော့ဖ်ဆာဗာကို ၀င်ရောက်စစ်ဆေးခွင့်ရရန် တောင်းဆိုရာမှ အမှုဖြစ်ခဲ့ပြီး ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ်က ထိုအမှုနှင့်ပတ်သက်၍ မက်ဟန်တန်ရှိ တရားရုံးတစ်ခုက တရားရေးဝန်ကြီးဌာနကို အနိုင်ပေးခဲ့သော်လည်း အယူခံဝင်ခဲ့ပြီးနောက် အယူခံခုံရုံးက ယခုကဲ့သို့ မိုက်ခရိုဆော့ဖ်ကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

    cloud စနစ်သုံး ကွန်ပျူတာဝန်ဆောင်မှုများအား ကာကွယ်နိုင်ရေး ရှေ့ပြေးဖြစ်သည့် ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ စိတ်ပျက်မိသည်ဟု အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစိုးရဘက်မှ ထိုဆုံးဖြတ်မှုအတွက် အယူခံဝင်လိုပါက ပြဿနာမှာ တရားရုံးချုပ်အထိ ရောက်ရှိမည်ဖြစ်သည်။

    မိုက်ခရိုဆော့ဖ်ကမူ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

    “အမေရိကန်အစိုးရအနေနဲ့ အခြားတိုင်းပြည်တွေမှာ သူ့သဘောနဲ့သူ ရှာဖွေဝရမ်းတွေ သုံးလို့မရတော့ဘူးဆိုတာ၊ တိုင်းတပါးသားတွေနဲ့ သက်ဆိုင်တဲ့ အီးမေးလ်တွေကို ရယူလို့မရတော့ဘူးဆိုတာ ဒါက ရှင်းရှင်းလင်း ဖြစ်သွားစေပါတယ်။ ပြီးတော့ အချက်အလက်တွေကို cloud မှာ သိမ်းဆည်းထားတဲ့ နည်းပညာမျိုးဟာ တကယ့်ကို လုံခြုံစိတ်ချရတယ်ဆိုတာကိုလည်း ဒီဆုံးဖြတ်ချက်က ပြောပြလိုက်တာပါပဲ” ဟု မိုက်ခရိုဆော့ဖ်၏ ဥက္ကဌဖြစ်ပြီး ဥပဒေရေးရာ တာဝန်ရှိသူလည်းဖြစ်သူ ဘရဒ် စမစ်က ပြောကြားခဲ့သည်။

    ထို့ပြင် ထိုအမှုတွင် မိမိတို့အား ကူညီခဲ့သော Amazon၊ Apple နှင့် Cisco တို့ကဲ့သို့ ကုမ္ပဏီများကိုလည်း ကျေးဇူးတင်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: BBC