News @ M-Media

Blog

  • မွတ်စလင်မ် လူနည်းစုတွေရဲ့ ကိုယ်စား ရှေ့နေကြီး ဦးကိုနီ ပေးခဲ့တဲ့ ကတိ ၂ ခုက ဘာတွေလဲ ?

    မွတ်စလင်မ် လူနည်းစုတွေရဲ့ ကိုယ်စား ရှေ့နေကြီး ဦးကိုနီ ပေးခဲ့တဲ့ ကတိ ၂ ခုက ဘာတွေလဲ ?

    ဇူလိုင် ၁၁၊ ၂၀၁၆
    U Ko Ni
    နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများတွင် လူနည်းစု အစ္စလာမ်ဘာသာဝင်များ ပါဝင်ဖို့ ရှိမှာ မဟုတ်ကြောင်း ၊ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ရှေးမြန်မာ မွတ်စလင်မ်များ နည်းတူ ကျရာ အခန်းကဏ္ဍကနေ ပါမယ့်အကြောင်းကို လူနည်းစု အစ္စလာမ်ဘာသာဝင်များ ကိုယ်စား ရှေနေကြိး ဦးကိုနီမှ ကတိပြုပြောကြားခဲ့ပါတယ်။

    လူနည်းစုဘာသာဝင်တွေလုံ ခြုံဖို့အတွက် အစိုးရနဲ့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေက ကူညီစောင့်ရှောက်ပေးဖို့ မြန်မာနိုင်ငံမွတ်စလင်စီးပွားရေး လုပ်ငန်းရှင်များအသင်း ဥပဒေအကြံပေး ရှေ့နေဦးကိုနီက မေတ္တာရပ်ခံခဲ့ပါတယ်။
    .
    ဇူလိုင်လ ၉ ရက်နေ့ည ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ မြန်မာနိုင်ငံမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များ အသင်းက ဦးဆောင် ကျင်းပတဲ့ အီးဒ်နေ့ အထိမ်းအမှတ် ဘာသာပေါင်းစုံ ညစာစားပွဲ အခမ်းနားမှာ ရှေ့နေကြီး ဦးကိုနီက ပြောခဲ့တာဖြစ်ပါတယ်။

    မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်း(ယာယီ)မှ ဦးစီးကျင်းပသည့် သတ္တအကြိမ်မြောက် အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲကို ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ဇူလိုင်လ (၉) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာ ကျင်းပခဲ့ ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ၊ သာသနာရေး နှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သံတမန်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

    ရုပ်သံ-မိုးစက်(M-Media)

  • ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း လာမည့်နှစ်တွင်မှ စတင်နိုင်မည်

    ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း လာမည့်နှစ်တွင်မှ စတင်နိုင်မည်

    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media

    dala

    – ရန်ုကုန်မြို့လည်ကောင်မှ တစ်ဖက်ကမ်း ဒလဘက်သို့ တံတားထိုးရန် စီမံကိန်းမှာ အနည်းငယ်ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ စတင်နိုင်မည်ဟု သိရသည်။

    အဆိုပါ စီမံကိန်းကို ယခုနှစ်တွင် စတင်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြနှင့် တံထားဌာနမှ အထွေထွေမန်နေဂျာဖြစ်သူ ကျော်ကောင်းချိုက လာမည့်နှစ်တွင်မှ လုပ်ငန်းစနိုင်မည်ဟု ဆိုသည်။

    “တံတားဆောက်လုပ်ရေးအတွက် အကြံပေးကော်မတီကို ဒီလအတွင်းမှာ ရွေးချယ်ဖွဲ့စည်းသွားမှာပါ။ တံတားဒီဇိုင်းရွေးချယ်ဖို့ ၆ လကနေ ၈ လအထိ ကြာမြင့်မှာဖြစ်ပါတယ်။ အခုအချိန်မှာ တံတားစီမံကိန်းအတွက် အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့ နစ်နာကြေးတွေအားလုံး ပေးပြီးပါပြီ” ဟု ကျော်ကောင်းချိုက ပြောကြားခဲ့သည်။

    ဘုန်းကြီးလမ်းမှ ဒလက်ဘက်သို့ မြစ်ကူးတံတားတည်ဆောက်ရန် ၂၀၁၂ ခုနှစ်ကတည်းက သဘောတူညီခဲ့ခြင်းဖြစ်သော်လည်း တံတားလမ်းကြောင်းတွင် ထိခိုက်နစ်နာသူများအတွက် နစ်နာကြေးပေးအပ်မှုကိုမှု မကြာသေးမီကမှ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါမြစ်ကူးတံတားကို တောင်ကိုရီးယားထံမှ ချေးငွေဖြင့် ဆောက်လုပ်သွားမည်ဖြစ်သည်။

    Ref: Yangon.coconuts

  • မဘသသည် တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ် မဟန က  ရက်ပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်မည်ဟုဆို

    မဘသသည် တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ် မဟန က ရက်ပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်မည်ဟုဆို

    မဘသသည် တရားဝင် အဖွဲ့အစည်း ဟုတ်မဟုတ် နိုင်ငံတော် သံဃာ့မဟာနာယက(မဟန) က  ရက်ပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်မည်။  မဟန ဦးဆောင်ဆရာတော်တစ်ပါးက သံဃာ အဖွဲ့အစည်း အခြေခံ စည်းမျဉ်းအရ မဘသ ဖွဲ့စည်းခွင့် မရှိဟု မြွက်ကြား
    ==============================
    မြန်မာပို့စ် မှ ကူုးယူဖော်ပြပါသည်။
    .13615446_1087293834658320_339617917211023748_n
    အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) နှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက(မ.ဟ.န) က တရားဝင် အဖွဲ့အစည်း ဟုတ်/မဟုတ် ရက်ပိုင်းအတွင်း ကြေညာချက် ထုတ်ပြန်သွားရန် ရှိကြောင်း ၄၇ ပါး စုံညီ အစည်းအဝေးတွင် ပါဝင်တေသာ ဦးဆောင် ဆရာတော်တစ်ပါးထံ မြန်မာပိုစ်သတင်းဂျာနယ်က ဇူလိုင် ၁၀ ရက်နေ့ ည ၇ နာရိအချိန် တွေ့ဆုံမေးမြန်း လျောက်ထားစဉ် မိန့်ကြားလိုက်သည်။
    .
    မဟန ဆရာတော်များ ၄၇ပါး စုံညီအစည်းအဝေး ဆုံးဖြတ်ချက် တွင်တစ်ခု အပါအဝင်ဖြစ်သည့် မ.ဘ.သ နှင့် ပတ်သက်သော ယနေ့ ဆွေးနွေးချက်အပေါ်မူတည်၍ မြန်မာပိုစ်နှင့် တွေ့ဆုံစဉ် ဆရာတော်ကြီးက ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းလည်းဖြစ်သည်။
    .
    “မနက်ဖြန် (ဇူလိုင် ၁၇ ) မှာ ၄၇ ပါး စုံညီ ဆုံးဖြတ်ချက်အရ ကြေညာချက် ထုတ်ပြန် မှာပါ။ တရားဝင် အဖွဲ့အစည်း ဟုတ် မဟုတ် ကို ကြေညာပေးမှာပါ ” ဟု ဆရာတော်ကြီးက မြွက်ကြားသည်။
    .
    ဆက်လက်ပြီး ဆရာတော်ကြီးက မ.ဘ.သ အဖွဲ့သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအရ ဖွဲ့စည်းခွင့်မရှိကြောင်း၊ သံဃာ့အဖွဲ့စည်းမျဉ်းအရ ရပ်ကွက် သံဃာ့နာယက၊ မြို့နယ် သံဃာ့နာယက ၊ တိုင်းသံဃာ့နာယက ၊ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့သာဖွဲ့ခွင့်ရှိကြောင်း မြန်မာပိုစ့်သို့ မိန့်ကြားခဲ့သည်။
    .
    လက်ရှိအခြေအနေတွင် မဘသ အဖွဲ့အစည်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အများအကြား ပြောဆိုမှု အများဆုံး အကြောင်းအရာ တခု ဖြစ်လျက်ရှိပြီး ပြည်ပရောက် မြန်မာနိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသားအများစုမှာ မဘသ အဖွဲ့အစည်း ရှိသင့် မရှိသင့် အပေါ် အငြင်းပွားမှု ဖြစ်ပေါ်ရခြင်း မှာ ပြီးခဲ့သည့် ဇူလိုင် ၃ ၇က်က စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် မဘသ အဖွဲ့ မလိုအပ်ဟုဆိုခဲ့ရာမှ စတင်ခဲ့ခြင်းလည်းဖြစ်သည်။

    ဦးဖြိုးမင်းသိန်းက “၂၀၁၃ မှာ မဘသ အဖွဲ့ပေါ်ပေါက်လာတယ်။ ဒီအခြေအနေမှာ အမှန်တကယ်တော့ မလိုအပ်တော့ပါဘူး။ နိုင်ငံတော်က တရားဝင် ဖွဲ့စည်းထားတဲ့ သံဃာ့မဟာနာယတွေ့ ဖွဲ့စည်းထားပြီး အဆင့်ဆင့်သော သံဃာ့အဖွဲ့အစည်းတွေ ရှိပါတယ်” ဟု ပြောကြားခဲ့ရာမှ စတင်ခဲ့ခြင်းလည်း ဖြစ်သည်။
    .
    အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး ငြင်းခုန်ဆွေးနွေးမှု အများအပြား နိုင်ငံသားတို့ အကြား ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးနှင့် အဖွဲ့ထံ ဇူလိုင် ၇ ရက်က သွားရောက်လျောက်ထားခဲ့ရာတွင် လည်း ဆရာတော်ကြီးက “ဆရာတော်ကြီးများက ဗုဒ္ဒသာသနာတော် သန့်ရှင် တည်တံ့ပြန့်ပွာေးရးအတွက် ဆရာ၊ ဒကာ ညီညွတ်စွာ ဆောင်ရွက်ရန် လမ်းညွှန်သြဝါဒ မိန့်ကြားခဲ့ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖော်ပြခဲ့သည်။
    .
    နိုင်ငံတော်သံဃာ့မဟာနာယက (မဟန) ၄၇ ပါး စုံညီ အစည်းအဝေးတွင် ပါဝင်သော ဆရာတော်ကြီးအား မြန်မာပို့စ်က မ.ဘ.သ အဖွဲ့အစည်းအား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန် ရှိ မရှိ လျောက်ထားမေးမြန်းရာ “ အခုချိန်က အရေးယူတဲ့ကဏ္ဍ ပါဦးမှာ မဟုတ်ဘူး၊ နောက်ဆက်လက်ပြီး လှုပ်ရှားရင်တော့ အရေးယူမှာပေါ့ “ ဟု မြွက်ကြားသည်။
    .
    ၁၉၉၀ ပြည်နှစ် အောက်တိုဘာ ၃၁ ၇က်က ထုတ်ပြန်ခဲ့သော သံဃာအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ အခန်း(၂) တွင်” ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ အခြေခံစည်းမျဉ်းအရ သတ်မှတ်ထားသော ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုသ ရှိရမည်။
    ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း ရှိ ထေရဝါဒ သံဃာ့ဂိုဏ်း အသီးသိမှ သံဃာဟူသမျှ ပြည်ထောင်စု မြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းတွင် အဖွဲ့ဝင်များဖြစ်သည်။
    .
    သံဃာ့အဖွဲ့အစည်းအတွင်း၌ အခြေခံစည်းမျဉ်းအရ အတည်ပြုထားသော အောက်ပါ သံဃာ့ဂိုဏ်း ကိုးဂိုဏ်းတို့သည် မိမိတို့ ဂိုဏ်း စည်းကမ်းအတိုင်း လိုက်တာ ကျင့်သုံးခွင့် ရှိသည်။ (သုဓမ္မာဂိုဏ်:၊ ရွှေကျင်ဂိုဏ်း ဓမ္မနုဓမ္မမဟာဒွရန် ကာယဂိုဏ်း၊ ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၊    အနောက်ချောင်းဒွါရဂိုဏ်း၊     ဝေဠုဝန်နိကာယဂိုဏ်း၊ စတုဘုမ္မိကသတိပဌာန်ငှက်တွင်းဂိုဏ်း၊     ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း၊)
    .
    ဒေသအလျောက် တည်ရှိသော သံဃာ ပယါရဏာဂိုဏ်းများသည် ပုဒ်မ(၅) ပါ သံဃာဂိုဏ်းများတွင် အကျုံးဝင်သည်” ဟူ၍ ဖော်ပြထားသည်။
    .
    ယခု မဟန ထံမှ ရရှိသည့် မဘသနှင့် ပတ်သက်သည့် သတင်းမရရှိမီ ဖြစ်ပေါ်နေသော အငြင်းပွားမှုများနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အတွင်းရေးမှုး ပွင့်လင်းဆရာတော် ဦးပညိန္ဒထံ လျောက်ထားမေးမြန်းရာ သူတို့ရဲ့ အယူအဆကတော့ ဖျက်သိမ်းတဲ့ အထိ၊ ပျက်သုဉ်းတဲ့အထိ ရည်ရွယ်ကြံစည်ထားတာ လည်း ရှိချင်ရှိမယ်။ ဒါကတော့ သူတို့ကိုယ်တိုင်ပဲ သိမယ်။ ဒါပေမယ့် မ.ဘသ အဖွဲ့ကြီးကတော့ လွယ်လွယ်နဲ့ ပျက်ဆီးသွားမှာ မဟုတ်ဘူး။ ဖျက်ဆီးလို့လဲ ရမှာ မဟုတ်ဘူး။ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ အင်မတန်ကြိးမားတဲ့ ပရဟိတ အဖွဲ့ကြီးပါ။
    .
    မဘသ သာသနာပြု အဖွဲ့ကြီးကို လွယ်လွယ်နဲ့တော့ ဖျက်ဆီးလို့မရဘူး။ ခလုတ်တိုက်ချင် တိုက်လို့ ရချင်ရမယ်။ အပြုတ်တိုက်လို့တော့ ရမှာ မဟုတ်ဘူးလို့ ဒီနေရာက ပြောချင်တယ်။ မလိုတဲ့ ပုဂိုလ်တွေ ဖျက်လို့ ဖျက်ဆီးလုပ်ချင်တဲ့ ပုဂိုလ်တွေ မဘသ အပေါ်အမြင်မကြည်တဲ့ ပုဂိုလ်တွေကို ပြောချင်ပါတယ်။
    .
    ခလုတ်တိုက်လို့ တော့ ရချင်ရမယ်။ အပြုတ်တိုက်လို့ တော့ ရမှာ မဟုတ်ဘူးလို့ ဒီကနေ မက်ဆေခ်ျပေးလိုက်ချင်တယ် “ ဟုတ် မိန့်ဆိုသည်။
    .
    ဟိန်းထက်
    မြန်မာပို့စ် မှ ကူုးယူဖော်ပြပါသည်။

  • လူမည်းများအသတ်ခံရမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု အမေရိကန်တစ်ဝှမ်း ပြုလုပ်

    လူမည်းများအသတ်ခံရမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု အမေရိကန်တစ်ဝှမ်း ပြုလုပ်

    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media

    us 2

    – လူမည်းတွေကို ရဲတပ်ဖွဲ့က တရားလက်လွတ်ပစ်သတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဟာ ၅ ရက်မြောက်လာခဲ့ပြီး၊ ရဲတပ်ဖွဲ့ကတော့ အကြမ်းဖက်မှုနဲ့ ဖျက်လိုဖျက်ဆီး ပြုလုပ်မှုတွေအတွက် ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးအပါအ၀င် လူတော်တော်များများကို ဖမ်းဆီးခဲ့ပါတယ်။

    Black Lives Matter ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အဲဒီဆန္ဒပြမှုတွေဟာ လွန်ခဲ့တဲ့ ၅ ရက်က လူဝီစီးယားနားပြည်နယ် ဘာတန် ရက်ဂ်မြို့မှာ ကလေး ၅ ယောက်ဖခင် အသက် ၃၇ နှစ် အရွယ် အလ်တန် စတာလင်လို့ခေါ်တဲ့ လူမည်းတစ်ဦးကို လူဖြူရဲတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

    စတာလင်အသတ်ခံရမှု မတိုင်ခင် မင်နီဆိုတာပြည်နယ် စာသင်ကျောင်းတစ်ခုမှာ မုန့်ရောင်းတဲ့ ဖီလန်ဒို ကက်စ်တီလီဆိုတဲ့ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒီအဖြစ်အပျက်ကို ကက်စ်တီလီရဲ့ ချစ်သူက ဗီဒီယိုရိုက်ကာ Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။

    ဒီကိစ္စတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း ကြာသာပတေးနေ့က ဒါးလက်စ်မြို့မှာ အမေရိကန်စစ်သားဟောင်းတစ်ဦးဖြစ်သူ မီကာ ဂျွန်ဆင်က လူဖြူ ရဲအရာရှိ ၅ ဦးကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့ပြီး သူက မိမိအနေနဲ့ လူဖြူတွေကို သတ်ပစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားကတော့ ဒီသီတင်းပတ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ သီတင်းပတ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရဲတွေကို ပစ်သတ်မှုကို အမေရိကန်က လူမျိုးပေါင်းစုံကနေ ဒေါသထွက်တာ မှန်ကန်ကြောင်း၊ စတာလင်နဲ့ ကက်စ်တီလီတို့ ရက်ရက်စက်စက် အသက်ခံရမှုအတွက် ၀မ်းနည်းပြီး ဒေါသဖြစ်တာကလည်း မှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ တူရကီသံအမတ်ကြီးတို့ နှင့် လျှပ်တပြက် အင်တာဗျူး

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ တူရကီသံအမတ်ကြီးတို့ နှင့် လျှပ်တပြက် အင်တာဗျူး

    ဇူလိုင် ၁၀ ၊ ၂၀၁၆
    M-Media

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် တူရကီသံအမတ်ကြီးတို့ကို ဇူလိုင်လ ၉ ရက်နေ့က အခမ်းအနားတခုမှာ အမ်မီဒီယာမှ ခဏတာ အင်တာဗျူးခွင့်ရရှိရှိခဲ့ပါတယ်။

    အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် မှ နိုင်ငံသားများအကြား သာတူညီမျှ အခွင့်အရေးရရှိရန် အကူအညီပေးရာတွင် မိမိတို့ကိုယ်တိုင် ရုန်းကန်နေရဆဲဖြစ် ပြောကြားခဲ့ပြီး ။ တူရကီသံအမတ်ကြီးကတော့ ကမ္ဘာပေါ်၌ တူရကီသည် နိုင်ငံ့ဝင်ငွေ အလိုက် လူသားချင်းစာနာရေးအထောက်အပံ့ အများဆုံးပေးနေသည့် နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    .
    အမေရိကန် သံအမတ် စကော့မာစီရယ်
    —————————————-

    Ambassador Acot Marciel
    M-Media: မတူကွဲပြားတဲ့ လူနည်းစုတွေ၊ ဘာသာ မတူသူ လူနည်းစု အုပ်စုတွေ အကြား သာတူညီမျှ အခွင့်အရေးရစေနိုင်ဖို့နဲ့ စပ်လျဉ်းပြီး (မေးခွန်းတစ်ခု မေးလိုပါတယ်။) အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ် လက်ရှိကျင့်သုံးနေတဲ့ wait-and-see approach ခေါ် စိတ်ရှည်လက်ရှည် စောင့်ကြည့် လေ့လာရေး နည်းလမ်းက ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိပါသလဲ။
    .
    အမေရိကန် သံအမတ် စကော့မာစီရယ်: ကျနော်တို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံသား အားလုံးကို အောင်မြင်စေလိုတယ်၊ နိုင်ငံသား အားလုံး အခွင့်အရေးကိုယ်စီရကြဖို့ ဆန္ဒထားပါတယ်။ အခု လက်ရှိမြန်မာအစိုးရနဲ့ တခြားအဖွဲ့တွေကလည်း သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီးတော့ လူတိုင်းကိုယ်စီ အခွင့်အရေး ညီတူညီမျှရရှဖို့ ကြိုးစားနေကြတယ်၊ ကျွန်တော်တို့ အမေရိကန် အစိုးရကလည်း အဲဒီကြိုးစားမှုကို ကူညီနေပါတယ်။ ဒီလို သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့က အချိန်ယူရမယ်ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ အမေရိကန်နိုင်ငံ ကိုယ်တိုင်ကလည်း (သာတူညီမျှရှိတဲ့ ပတ်ဝန်းကျင်ဖြစ်လာဖို့ ကူညီရာမှာ) ရုန်းကန်နေရပါသေးတယ်။ ကျွန်တော် တို့ကတော့ မြန်မာပြည်က လူတိုင်းကို ကူညီထောက်ပံ့နိုင်ဖို့ မျှော်လင့်ပါတယ်။
    .
    M-Media : ခင်ဗျားက အင်ဒိုနီးရှား ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်အဖြစ်လည်း တာဝန်ထမ်းခဲ့ဖူးတယ်နော်။ အင်ဒိုနဲ့ မြန်မာနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ လူနည်းစုတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေက တူညီတာတွေရှိနေတယ်ဆိုပြီး တချို့က ထင်နေကြပါတယ်။ အကယ်၍ ခင်ဗျားကလည်း အဲဒီနိုင်ငံ နှစ်နိုင်ငံအကြားမှာ လူနည်းစုတွေကို ဖိနှိပ်တဲ့နေရာမှာ တူညီတာတွေရှိနေတယ်လို့ ထင်ပါသလား။ ထင်တယ်ဆိုရင် ကျွန်တော်တို့ကို နည်းနည်းပြောပြနိုင်ပါသလား။
    .
    အမေရိကန် သံအမတ် စကော့မာစီရယ်: အင်ဒိုရော မြန်မာကပါ အမေရိကန်နိုင်ငံလိုပဲ အသွင်ကွဲပြားတဲ့ လူမျိုးများစွာရှိနေသလို၊ ဒီမိုကရေစီစတင်ကျင့်သုံးတာကလည်း မကြာသေးဘူး။ လူအားလုံးနဲ့ လက်တွဲညီညီလုပ်ကိုင်နိုင်တဲ့ လူကောင်းတွေရှိသလို ပြဿနာ အနည်းအကျဉ်းကလည်း အမြဲတစေရှိနေတတ်စမြဲပါပဲ။ ပြဿနာဆိုရာမှာ လည်း မြန်မာနဲ့ အင်ဒိုက ခြားနားမှုတွေ ရှိပါတယ်၊ ပြဿနာရဲ့ အသေးစိတ်အချက်အလက်တွေမှာလည်း ကွဲပြားနေပါတယ်။ ဒါပေမယ့် ပြဿနာရှိနေတတ်တာက မထူးဆန်းပါဘူး၊ ဒီပြဿနာကို အချိန်ယူကျော်ဖြတ်ကြရမှာပါပဲ။

    တူရကီသံအမတ်ကြီး H.E Murat Yavuz Ates
    ————————————————–

    Murat Yavuz Ates, Ambassador
    M-Media : တူရကီအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အထောက်အပံ့တွေဟာ မြန်မာလူထုအကြား သိပ်ပြီး မထင်ပေါ်လှဘူး။ ခင်ဗျားတို့ရဲ့ အထောက်အပံ့ နဲ့ပတ်သတ်တဲ့ သတင်းတွေဟာ သတင်းမှားတွေ၊ ဒါမှမဟုတ် အိုအိုင်စီရဲ့ အစ္စလာမ်မိုင်ဇေးရှင်း စီမံကိန်းကလာတဲ့ အကူအညီတွေဆိုတဲ့ပုံစံမျိုး ပုံဖျက်ပြီးမှ ပြည်သူလူထုအကြားကို ရောက်ရှိလာတတ်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ မြန်မာအစိုးရနဲ့ ရှင်းလင်းတဲ့ အဆက်အဆံထားရမယ်၊ ပိုမိုထိရောက်တဲ့နည်းကိုသုံးပြီး ပူပေါင်းဆောင်ရွက်စရာလည်းလိုတယ်၊ အဲဒါတွေလုပ်ဖို့ တူရကီအစိုးရက ဘယ်လိုများ စီစဉ်ထားပါသလဲ။

    တူရကီသံအမတ် Mr H.E Murat Yavuz Ates: ကျွန်တော်တို့ တူရကီအစိုးရက မြန်မာအစိုးရနဲ့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို ပြည်နယ် အစိုးရအဖွဲ့တွေနဲ့သော် လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နဲ့သော် လည်းကောင်း ပူးပေါင်းပြီးတော့ လူမျိုးဘာသာ ဒါမဟုတ် အခြားသော အကြောင်းပြချက်တစ်စုံတစ်ရာအားဖြင့် ခွဲခြားတာမျိုး မရှိဘဲ ဆက်လက်ထောက်ပံ့နေပါတယ်။ ခင်ဗျားသိတဲ့အတိုင်းပဲ၊ တူရကီနိုင်ငံက ကမ္ဘာပေါ်မှာ လူသားချင်းစာနာထောက်ထားပြီး အကူအညီ အထောက်အပံ့ပေးတဲ့နေရာ မှာ ထိပ်တန်းနိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝင်ငွေနဲ့ ယှဉ်ပြီး လူသားချင်းစာနာထောက်ထားရေး အတွက် သုံးစွဲကြတဲ့ နိုင်ငံတွေထဲမှာတော့ တူရကီက နံပါတ် ၁ နေရာက ရပ်တည်နေပါတယ်။ ကျွန်တော်တို့က ကမ္ဘာနေရာအနှံ့အပြားမှာ လူသားချင်းစာနာထောက်ပံ့ပေးလုပ်ငန်းတွေကို တက်ကြွစွာ ဆောင်ရွက်နေပါတယ်။ လက်တင်အမေရိက၊ အာဖရိက နဲ့ အရှေ့တောင်အာရှတွေမှာလည်း တက်ကြွစွာဆောင်ရွက်နေပါတယ်။ မြန်မာပြည်သူလူထု တူရကီနဲ့ပတ်သတ်ပြီး ပိုပြီးသိလာအောင် ကျွန်တော်တို့ အခုထက်ပိုပြီး ကြိုးစားလုပ်ဆောင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။