News @ M-Media
Blog
  • ရက် ၁၀၀ အတွင်း လူ့အခွင့်အရေးကိစ္စ မဖြေရှင်းနိုင်မှု မြန်မာအစိုးရကို နိုင်ငံတကာအဖွဲ့ ၂ ခု ဝေဖန်
    ရက် ၁၀၀ အတွင်း လူ့အခွင့်အရေးကိစ္စ မဖြေရှင်းနိုင်မှု မြန်မာအစိုးရကို နိုင်ငံတကာအဖွဲ့ ၂ ခု ဝေဖန်
    ဇူလိုင် ၁၃၊ ၂၀၁၆
    M-Media
    human rights
    – အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဦးဆောင်သည့် မြန်မာအစိုးရ၏ ရက် ၁၀၀ ကြာ တာဝန်ယူမှုအတွင်း အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ချို့ယွင်းချက်များကို မဖြေရှင်းနိုင်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းနှစ်ခုက ဝေဖန်ပြောဆိုလိုက်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ အားမရမှုကို နက်ရှိုင်းစေခြင်းလည်း ဖြစ်သည်။
    International Federation for Human Rights (FIDH) နှင့် the Alternative ASEAN Network of Burma (ALTSEAN- Burma) အဖွဲ့တို့ဖြစ်ပြီး ၎င်းတို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်ကာ၊ စိုးရိမ်စရာကောင်းပြီး ဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍ ၁၀ ခုစာရင်းလည်း ကြေငြာချက်တွင် ပါဝင်ခဲ့သည်။
    ထိုကဏ္ဍများတွင် ဖွဲ့စည်းပုံနှင့်၊ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ၊ ရိုဟင်ဂျာဆန့်ကျင်ရေး ပေါ်လစီများ၊ စစ်ဖက်တွင် အရေးယူမှု ကင်းလွတ်နေမှုများနှင့် အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးရန် လုံလောက်သည့် ဆောင်ရွက်မှုများကို မလုပ်ဆောင်နိုင်မှု စသည်တို့ ပါဝင်သည်။ ထို့ပြင် NLD အစိုးရအနေဖြင့် နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး လုပ်ငန်းစဉ်တစ်ခု ချက်ခြင်း ဖန်တီးဖော်ဆောင်ရေးအတွက်လည်း ထိုကြေငြာချက်တွင် တိုက်တွန်းခဲ့သည်။
    “အချို့လူ့အခွင့်အရေးကိစ္စတွေမှာ တိုးတက်မှုနှေးကွေးတာကို တွေ့ရပြီး၊ တစ်ချို့ကိစ္စတွေမှာတော့ ပြဿနာတွေကို မဖြေရှင်းရသေးတာ၊ ဦးစားပေးအဆင့်ကနေ နောက်ရောက်သွားတာတွေ ရှိနေပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ ကြန့်ကြာမှုက အထူးသဖြင့် တိုင်းရင်သားဒေသတွေမှာ ချိုးဖောက်မှုတွေ ထပ်ဖြစ်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်နေပြီး စစ်သားတွေအကြားမှာ အရေးယူမှု ကင်းလွတ်တာတွေဖြစ်စေတဲ့ အခြေအနေကို ဆက်လက်အားပေးသလို ဖြစ်နေပါလိမ့်မယ်” ဟု FIDH အဖွဲ့ ဥက္ကဌ ကာရင်မ် လာဟစ်ဂျီက ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က အဓိကထားပြောကြားခဲ့သည့် အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆိုင်းငံ့ထားသည့်အတွက်လည်း ထိုအဖွဲ့နှစ်ခုက မေးခွန်းထုတ်ခဲ့သည်။
    “ဒီမိုကရေစီနည်းကျပြီး၊ ပွင့်လင်းမြင်သာမှုရှိကာ၊ တာဝန်ခံနိုင်တဲ့ အစိုးရတစ်ရပ် ဖန်တီးဖို့အတွက် အခု ဖွဲ့စည်းပုံ အခြေခံဥပဒေက ကြီးမားတဲ့ အတားအဆီး ဖြစ်နေပါတယ်” ဟု FIDH အာရှဆိုင်ရာ ဒါရိုက်တာဖြစ်သူ အန်ဒရီယာ ဂျီအောဂတ္တာက ပြောကြားခဲ့သည်။
    Ref: mmtimes
  • မန်ယူနှင့် ပွဲဦးထွက်ရန် မစောင့်နိုင်ဟု မော်ရင်ဟိုပြော
    မန်ယူနှင့် ပွဲဦးထွက်ရန် မစောင့်နိုင်ဟု မော်ရင်ဟိုပြော
    ဇူလိုင် ၁၃၊ ၂၀၁၆
    M-Media
    mour
    – မန်ယူအသင်းနှင့် ပထမဆုံးပွဲအတွက် အ၀တ်လဲခန်းဥမင်မှ နည်းပြထိုင်ခုံသို့ သွားရောက်ရန် မစောင့်နိုင်တော့ဟု နည်းပြသစ် ဂျိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမှာ သြဂုတ်လ ၃ ရက်နေ့တွင် အိုးထရက်ဖို့ဒ်၌ အဲဗာတန်အသင်းနှင့်ကစားမည့် ၀ိန်းရူနီ၏ အမှတ်တရပွဲတွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။ မော်ရင်ဟိုကမူ ၎င်း၏ ပထမဆုံးပွဲတွင် ပရိတ်သတ်များ၏ တုန့်ပြန်မှုကို တွေ့မြင်ရန် စိတ်အားထက်သန်နေသည်။
    “မနက်ဖြန်မှာ ဒီလိုအခြေအနေမျိုး မဖြစ်လာနိုင်တာ စိတ်မကောင်းစရာပါပဲ။ ကျွန်တော်က ဒီအချိန်တစ်ခဏကို မျှော်လင့် စောင့်စားနေတာပါ။ ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ ကျွန်တော် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးပါတယ်။ အရမ်း စိတ်လှုပ်ရှာတာမျိုး သိပ်မရှိခဲ့ပါဘူး။ အမြဲတမ်း စိတ်ကိုတည်ငြိမ်အောင်ထားသလို ကျွန်တော်လုပ်မယ့်အလုပ်အတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတာကိုလည်း ကျွန်တော် သိခဲ့ပါတယ်။ ဒါပေမယ့် မန်ယူနည်းပြအဖြစ်နဲ့ ကွင်းထဲကို ၀င်ရမယ်ဆိုတာက တကယ့်ကို စပါယ်ရှယ်ဖြစ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
    Ref: Goal
  • တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တောင်းဆိုမှု တရားမ၀င်ဟု နိုင်ငံတကာခုံရုံး ဆုံးဖြတ်
    တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တောင်းဆိုမှု တရားမ၀င်ဟု နိုင်ငံတကာခုံရုံး ဆုံးဖြတ်
    ဇူလိုင် ၁၃၊ ၂၀၁၆
    M-Media
    china 4
    – တောင်တရုတ်ပင်လယ် ဧရိယာအများအပြားတွင် စီးပွားရေးအရ အခွင့်အရေးရှိသည်ဆိုသော တရုတ်နိုင်ငံ၏ တောင်းဆိုမှုများကို နယ်သာလန်နိုင်ငံThe Hague ရှိ နိုင်ငံတကာတရားရုံးက ပယ်ချလိုက်ပြီး ထိုဆုံးဖြတ်ချက်မှာ ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ တိုင်ကြားမှု၏ အောင်ပွဲလည်း ဖြစ်သည်။
    “သတ်မှတ်နယ်နမိတ် ၉ ခုမှာ ကျရောက်နေတဲ့ ပင်လယ်ပြင်ဧရိယာတွေအတွင်းမှာ သမိုင်းကြောင်းအရ သယံဇာတဆိုင်ရာ ခံစားပိုင်ခွင့်ဆိုတဲ့ တရုတ်တဲ့တောင်းဆိုမှုဟာ ဥပဒေနဲ့ မညီပါဘူး” ဟု ၁၉၄၇ ခုနှစ်က သတ်မှတ်ထားသည့် ပင်လယ်ပြင် နယ်နမိတ်သတ်မှတ်မျဉ်းကို ရည်ညွှန်း၍ ယမန်နေ့က ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
    တောင်တရုတ်ပင်လယ်မှာ သယံဇာတပေါကြွယ်ဝပြီး မဟာဗျူဟာကျသည့် ရေလမ်းကြောင်းတစ်ခုဖြစ်ကာ နှစ်စဉ် ကန်ဒေါ်လာ ၅ ထရီလီယံဖိုး ကုန်စည်ကူးသန်းမှုများ ဖြတ်သန်းရာနေရာလည်း ဖြစ်သည်။
    စာမျက်နှာပေါင်း ၄၉၇ မျက်နှာပါဝင်သည့် အဆိုပါဆုံးဖြတ်ချက်တွင် တောင်တရုတ်ပင်လယ် ဧရိယာအများအပြား၌ တရုတ်ဥပဒေစိုးမိုးရေးအဖွဲ့များ၏ ကင်းလှည့်မှုမှာ ဖိလစ်ပိုင် တံငါလှေများအား တိုက်မိနိုင်သည့် အန္တရာယ်ရှိသည်ကို တွေ့ရှိရပြီး၊ တရုတ်၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း သန္တာကျောက်တန်းများကို ပြန်ပြင်၍ မရနိုင်သည့် ထိခိုက်မှုမျိုး ဖြစ်စေသည်ဟု ဖော်ပြထားသည်။
    ထိုဆုံးဖြတ်ချက်မှာ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများနှင့်ပတ်သက်၍ ဖိလစ်ပိုင်၏ တိုင်ကြားမှုမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး တရုတ်ကမူ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကာ ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် ကျွန်းစုများတွင် စီးပွားရေးဇုန်များရှိနေပြီး၊ မိမိတို့လူမျိုးများက ထိုနေရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်အရင်ကတည်းက စီးပွားရေးလုပ်ဆောင်မှုသမိုင်း ရှိခဲ့သည်ဟု တုန့်ပြန်ခဲ့သည်။
    တရုတ်သမ္မတ ဇီကျင်ပင်းကလည်း မိမိတို့တိုင်းပြည်မှာ နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံမည်မဟုတ်ဘဲ မည်သည့် အခြေအနေမျိုးတွင်မှလည်း ထိုသတ်မှတ်ချက်က သက်ရောက်မှုရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ကမ္ဘောဒီးယားတွင် အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး လုပ်ကြံခံရ
    ကမ္ဘောဒီးယားတွင် အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး လုပ်ကြံခံရ
    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media
    cam
    – ကမ္ဘောဒီးယားအစိုးရကို ဝေဖန်မှုတွေကြောင့် လူသိများထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေးလေ့လာသုံးသပ်သူ ကင်မ်လေးဟာ ဖနွမ်းဖင်မြို့က ကဖေးတစ်ခုမှာ ယမန်နေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
    ကင်မ်လေးဟာ လူကြိုက်များတဲ့ ဝေဖန်သုံးသပ်သူတစ်ဦးနဲ့ အခြေခံလူတန်းစားအရေး လှုပ်ရှားသူတစ်ယောက်လည်းဖြစ်ပြီး ဓာတ်ဆီဆိုင်နဲ့ ကပ်လျပ်မှာရှိတဲ့ ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေတုန်း ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သေနတ်သမားကိုတော့ အခင်းဖြစ်ရာနေရာအနီးမှာပဲ ဖမ်းမိခဲ့ပြီး အကြွေးမပေးနိုင်လို့ သတ်ပစ်တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
    “ဒါ့ပေမယ့် ကျွန်တော်တို့သူ့ကို မယုံသေးပါဘူး၊ ဒီအမှုကို ကျွန်တော်တို့ ဆက်လက်ကိုင်တွယ်သွားမှာပါ” လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကီရ် ချန်သာရစ်သ်က ပြောကြားခဲ့ပါတယ်။
    ကင်မ်လေးဟာ အစိုးရနဲ့ အတိုက်အခံ ၂ ဖက်စလုံးကို ဝေဖန်သူဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘောဒီးယားမှာ သန့်ရှင်းတဲ့ နိုင်ငံရေးခေတ်သစ်ရောက်ဖို့ လှုံ့ဆော်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကင်မ်လေး အသတ်ခံရမှုအတွက် ကမ္ဘောဒီးယားပြည်သူတွေက ဆိုရှယ်မီဒီယာတွေကနေ ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။
    Ref: Aljazeera
  • ရှမ်းပြည်တိုက်ပွဲများကြောင့် ပြည်သူ ၃၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရ
    ရှမ်းပြည်တိုက်ပွဲများကြောင့် ပြည်သူ ၃၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရ
    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media
    TNLA
    – ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၂၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။
    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ မောင်းမောကျေးရွာအုပ်စုမှ ရွာသားများဖြစ်ကြပြီး နမ္မတူမြို့ရှိ ရွှေမြင်သာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။
    “တအန်းလက်နက်ကိုင်တပ်ဖွဲ့တွေက ရွာထဲကိုလာတယ်။ ရွာထဲမှာလည်း မြေမြှုပ်မိုင်းတွေက ဟိုနေရာတစ်ခု၊ ဒီနေရာတစ်ခု ပေါက်ကွဲနေတယ်။ ရွာသားတွေက ကြောက်ရွံ့တာကြောင့် ကျေးရွာကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် (Tai Youth Network) မှ စိုင်းထွန်းက ပြောကြားခဲ့သည်။
    ရွာပေါင်း ၄ ရွာဖြင့် ဖွဲ့စည်းထားသည့် မောင်းမော ကျေးရွာအုပ်စုမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း ထိုဒေသတွင် နေထိုင်သူအများစုမှာ ရှမ်းလူမျိုးများဖြစ်သည်။ ဒေသခံများကမူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအန်းလွတ်မြောက်ရေး တပ်မတော် (TNLA) အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ၎င်းတို့ဒေသက မြေစာပင်ဖြစ်မည်ကို ကြောက်ရွံ့နေကြသည်။
    တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော အဆိုပါ ၂ ဖွဲ့မှာ ပြီးခဲ့သည့် လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဒဏ်ခံရသည့်ရွာများတွင် မောင်းမော ကျေးရွာအုပ်စုမှာ အဆိုးဆုံးဖြစ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုသားတစ်ဦးနှင့် နွား ၅ ကောင် သေဆုံးခဲ့သည်။
    စိုင်းထွန်းကမူ အိုးအိမ်စွန့်ခွာထွက်ပြေးကာ ဘုန်းကြီးကျောင်း၌ ခိုလှုံနေရသူများမှ တစ်ဝက်ခန့်မှာ ကျောင်းနေအရွယ် ကလေးများဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပြဿနာများကို ပြေလည်စေရန်တွက် သမ္မတက ဖြေရှင်းပေးစေချင်ကြောင်းထပ်လောင်းပြောကြားခဲ့သည်။
    Ref: mmtimes