News @ M-Media

Blog

  • အင်္ဂလန်ကို မည်သည့်အခါမှ ကိုင်တွယ်မည်မဟုတ်ဟု ဝေလ်းနည်းပြပြော

    အင်္ဂလန်ကို မည်သည့်အခါမှ ကိုင်တွယ်မည်မဟုတ်ဟု ဝေလ်းနည်းပြပြော

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    coleman

    – အင်္ဂလန်အသင်း၏ နည်းပြဖြစ်မည်ဟု သတင်းများထွက်ပေါ်နေမှုကို ဝေးလ်နည်းပြ ခရစ် ကိုလ်းမန်းက ငြင်းဆိုလိုက်ပြီး မိမိအနေဖြင့် အခြား မည်သည့် နိုင်ငံအသင်းကိုမှ ကိုင်တွယ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ယူရို ၁၆ သင်းအဆင့်တွင် အိုက်စလန်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အသင်းမှထွက်ခွာသွားသည့် အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်၏ နေရာတွင် အစားထိုးရန် ဆက်သွယ်နေသူများတွင် ကိုးလ်မန်းလည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    သို့သော်လည်း အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဖူလ်ဟမ်းနှင့် ကိုဗင်ထရီအသင်းစီးတီးအသင်းတို့၏ နည်းပြအဖြစ် ဆောင်ရွက်ဖူးသူ ကိုလ်းမန်းကမူ မိမိ၏ နောက်ထပ်ခရီးမှာ နိုင်ငံရပ်ခြားဖြစ်မည်ဟု ဆိုသည်။

    “အင်္ဂလန်နည်းပြလုပ်ဖို့ စဉ်းတောင် မစဉ်းစားခဲ့ပါဘူး။ ကျွန်တော်က တစ်သက်လုံး ဝေးလ်လူမျိုးပဲဖြစ်သွားမှာဖြစ်ပြီး၊ ဝေးလ်အသင်းအတွက်ပါပဲ။ ဝေးလ်နည်းပြအလုပ်အပြီး နောက်ထပ်ဆောင်ရွက်မယ်ဆိုရင်တော့ နိုင်ငံရပ်ခြားပဲ ဖြစ်မှာပါ။ နိုင်ငံရပ်ခြားကိုသွားခွင့်ရဖို့ ကျွန်တော် နှစ်သက်ပါတယ်” ဟု ကိုးလ်မန်းက ပြောကြားခဲ့သည်။

    ကိုးလ်မန်း၏ ဝေးလ်အသင်းမှာ ယူရိုဆီးမီးဖိုင်နယ်တွင် ပေါ်တူဂီအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref : Goal

  • အမေရိကန်က ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် အာဖဂန်တွင် အရပ်သားများ သေဆုံး

    အမေရိကန်က ဒရုန်းလေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် အာဖဂန်တွင် အရပ်သားများ သေဆုံး

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    afg

    – အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာဒေသမှာ အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားအပါအ၀င် လူ ၁၄ ဦး အနည်းဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးသူတွေထဲမှာ တာလီဘန်စစ်သွေးကြွသုံးဦး ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ အရပ်သားတွေဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။

    ၂၀၀၁ ခုနှစ်မှာ အမေရိကန်က အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ CIA က မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်မှုပေါင်း ရာနဲ့ချီ ပြုလုပ်ခဲ့ပါတယ်။

    အမေရိကန်ကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ အလ်ကိုင်ဒါအဖွဲ့ဝင်တွေနဲ့ တခြား စစ်သွေးကြွတွေကို ပစ်မှတ်ထားတာဖြစ်တယ်လို့ဆိုပေမယ့် ဒေသတာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေက သေဆုံးသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ဒရုန်းလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကို အမေရိကန်က ပါကစ္စတန်မှာလည်း ပြုလုပ်လေ့ရှိပါတယ်။

    အမေရိကန်က ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အခုအချိန်အထိ အာဖဂန်နစ္စတန်မှာ တည်ငြိမ်မှုမရသေးဘဲ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ နေ့စဉ်လိုလို ဖြစ်ပျက်နေပါတယ်။

    Ref: Presstv

  • ကမ္ဘာ့ဖလားရှုံးကြွေးအတွက် ဂျာမနီကို လက်စားချေမည်ဟု ဂျရူးပြော

    ကမ္ဘာ့ဖလားရှုံးကြွေးအတွက် ဂျာမနီကို လက်စားချေမည်ဟု ဂျရူးပြော

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    giroud

    – ယူရိုဆီးမီးဖိုင်နယ်တွင် တွေ့ဆုံမည့် ဂျာမနီအသင်းအား ၂၀၁၄ ကမ္ဘာ့ဖလားအရှုံးအတွက် လက်စားချေရန် မိမိတို့အသင်းက ဆန္ဒပြင်းပြနေသည်ဟု ပြင်သစ်တိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်သည်။

    ယနေ့မနက်က အိုက်စလန်အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ပြင်သစ်မှာ ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂျရူးက ၂ ဂိုး၊ ပေါ့ဘာ၊ ပါယတ်နှင့် ဂရစ်ဇ်မန်းတို့က ၁ ဂိုးစီ အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်မှာ ၂၀၁၄ ခုနှစ် ဘရာဇီးလ်ကမ္ဘာဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဂျာမနီအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရသည်။

    ဂျရူးကမူ ယနေ့မနက်အနိုင်အတွက် ပျော်ရွှင်မိပြီး ဆီးမီးဖိုင်နယ်တွင် ဂျာမနီအား လက်စားချေမည်ဟု ဆိုသည်။

    “၂၀၁၄ မှာ ဖြစ်ခဲ့တာကို အဖတ်ပြန်ဆယ်ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်။ နိုဝင်ဘာ ခြေစမ်းပွဲတုန်းက ဒီမှာ ကျွန်တော်တို့ သူတို့ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားဖူးပါတယ်။ ဒါပေမယ့် အခုတွေ့ဆုံမှုကတော့ တူမှာမဟုတ်ပါဘူး။ အိုက်စလန်နဲ့ပွဲမှာ တက်ကြွခဲ့ကြတဲ့ ပြင်သစ်ပရိသတ်တွေဟာ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ဆက်လက်အားပေးကြမှာပါ။ အိမ်ကွင်းပရိတ်သတ်ရှေ့မှာ ဆီးမီးဖိုင်နယ် ကစားခွင့်ရခဲ့တာ ကျွန်တော်တို့အတွက် ကံကောင်းမှုတစ်ခုပါပဲ” ဟု ဂျရူးက ပြောကြားခဲ့သည်။

    Ref : Goal

  • အကြမ်းဖက်မှုများကို အရေးယူရန် အာဆီယံလွှတ်တော်အမတ်များအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်း

    အကြမ်းဖက်မှုများကို အရေးယူရန် အာဆီယံလွှတ်တော်အမတ်များအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်း

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    bago 1

    – မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗလီဝတ်ကျောင်းတော်များ တိုက်ခိုက်ခံရမှု နှစ်ခုက မြင့်တက်လာသော မွတ်စလင်ဆန့်ကျင်ရေး သဘောထားနှင့် မီးထိုးပေးနေသည့် အမုန်းတရားများကို ကိုင်တွယ်ရေး မြန်မာအစိုးရ၏ ကတိက၀တ်ကို မေးခွန်းထုတ်စရာ ဖြစ်လာစေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ယနေ့တွင် ပြောကြားလိုက်သည်။

    ထို့ပြင် ထိုအဖြစ်အပျက်များအတွက် ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် နောက်ကွယ်မှ ကြိုးကိုင်သူများကို အရေးယူရန်လည်း အဆိုပါအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

    “မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှု၊ အာမနာပ ပြောဆိုမှုတွေကို သည်းခံမှာမဟုတ်ဘူးဆိုတာ အစိုးရက ရှင်ရှင်းလင်းလင်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒီတိုက်ခိုက်မှုတွေကို အပြည့်အ၀ စုံစမ်စစ်ဆေးဖို့နဲ့ ပါဝင်သူတွေကို အရေးယူဖို့ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ ဒါမျိုး မဟုတ်ဘူးဆိုရင်တော့ ဒါဟာ ထိခိုက်ခံစားလွယ်တဲ့ လူနည်းစု လူ့အဖွဲ့အစည်းအပေါ် ကာကွယ်မပေးနိုင်တာလို့ အဓိပ္ပါယ်သက်ရောက်နေပါတယ်” ဟု APHR ၏ ဥက္ကဌဖြစ်ပြီး မလေးရှားလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ချားလ်စ် ဆန်တီယာဂိုက ပြောကြားခဲ့သည်။

    ဇူလိုင်လ ၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့ရှိ မွတ်စလင်ဝတ်ပြုဆောင်တစ်ခုကို တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားသည့် ရာနှင့်ချီသော လူအုပ်ကြီးက ဖျက်ဆီးမီးရှို့ခဲ့ပြီ ဒေသခံမွတ်စလင်များမှာလည်း အကြမ်းဖက်တိုက်ခိုက်မှုထပ်ဖြစ်မည်စိုး၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုတိုက်ခိုက်မှုမှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့ရှိ ရွာတစ်ရွာတွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖျက်ဆီးခံရပြီးနောက် တစ်ပတ်အတွင်း ဒုတိယမြောက် အကြမ်းဖက်တိုက်ခိုက်မှုလည်း ဖြစ်သည်။

    ထိုအဖြစ်အပျက် နှစ်ခုစလုံးအတွက် အစိုးရမှာ မည်သည့် ဖမ်းဆီးအရေးယူမှုမှ မပြုလုပ်သေးပေ။

    “ပဲခူးက အကြမ်းဖက်မှုကို ကျူးလွန်သူတွေအပေါ် သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုမျိုး မလုပ်တာဟာ အစိုးရတစ်ရပ်မှာ ရှိနေတဲ့ တရားဥပဒေစိုးမိုးမှု ကတိက၀တ်ကို ပျက်ဆီးစေတာမျိုးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ရမယ့် အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အပြစ်ရှိသူတွေလွတ်မြောက်နေမှု သံသရာကို ရှည်စေပါတယ်” ဟု ဆန်တီယာဂိုက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုတိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးမှု မပြုခြင်းက၊ အစိုးရအနေဖြင့် အကြမ်းဖက်မှုကို ထောက်ခံအားပးသကဲ့သို့ ဖြစ်နေပြီး နောက်ထပ် အကြမ်းဖက်မှုများအတွက် မီးထိုးပေးသကဲ့သို့ ဖြစ်နိုင်သည်ဟုလည်း APHR ၏ ဒုတိယဥက္ကဌဖြစ်ပြီး အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်ဖြစ်သူ အီဗာ ကူဆူမာ ဆွန်ဒါရီက ပြောကြားခဲ့သည်။

    မကြာသေးမီက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုများအပေါ် အစိုးရက လုံလောက်သည့် တုန့်ပြန်မှုမျိုး မရှိခြင်းက နိုင်ငံတကာအသိုင်းအ၀ိုင်းအား လှုပ်နှိုးမှုတစ်ခု ဖြစ်သင့်သည်ဟု APHR အဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

    “နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရဟာ ရခိုင်ပြည်နယ်က အခြေအနေကို ကိုင်တွယ်ဖို့၊ ရိုဟင်ဂျာနဲ့ အခြားမွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ခွဲခြားဆက်ဆံမှုကို ဖြေရှင်းဖို့ကိစ္စမှာ သူတို့ကို ယုံကြည်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ပြောထားတာ ပါးစပ်တောင် မပိတ်သေးပါဘူး။ အခုဖြစ်သွားတဲ့ကိစ္စတွေက သူတို့ဟာ အဲဒီလောက် ယုံကြည်မှုနဲ့ မထိုက်တန်ဘူးဆိုတာကို သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်” ဟု ချားလ်စ် ဆန်တီယာဂိုက ထည့်သွင်းပြောဆိုခဲ့သည်။

    မြန်မာအစိုးရအနေဖြင့် အမုန်းစကားဖြန့်ဖြူးမှုများ၊ လှုံ့ဆော်မှုများနှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရေး ခိုင်မာသော ဆောင်ရွက်မှုများ ပြလုပ်ရန် ထိုအဖွဲ့က တိုက်တွန်းခဲ့ပြီး အမျိုးသားရေးအစွန်းရောက်များက မီးထိုးပေးနေသည့် မွတ်စလင်ဆန့်ကျင်ရေး သဘောထားများက နောက်ပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ပုံမှန်မြင်လာရနိုင်သော အခြေအနေ ဖြစ်လာနိုင်သည်ဟု သတိပေးခဲ့သည်။

    Ref: ASEANMP.org

  • ဒါကာအကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံ၏ ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဒါကာအကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံ၏ ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    bang 2

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအတွက် နိုင်ငံ၏ ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့က ရှုတ်ချလိုက်ပြီး အပြစ်မဲ့သူများအား သတ်ဖြတ်ခြင်းမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်မှုနှင့် ဆန့်ကျင်နေသည်ဟု ပြောကြားလိုက်သည်။

    စစ်သွေးကြွအုပ်စုတစ်ခုမှာ သောကြာနေ့ညနေပိုင်းက ဒါကာမြို့ သံတမန်ရပ်ကွက်အတွင်းရှိ နိုင်ငံခြားသားအများစု လာရောက်လေ့ရှိရာ စားသောက်ဆိုင်သို့ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူ ၂၀ ကျော် သေဆုံးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များ၏ ရှင်းလင်းမှုအတွင်း တိုက်ခိုက်ရေးသမား ၆ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့ကမူ ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဟု ပြောကြားခဲ့သည်။

    နိုင်ငံ၏ ထိပ်တန်းအစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့ BJU ၏ ဥက္ကဌဖြစ်သူ ဖာရီဒွတ်ဒင်း မက်စ်အွဒ်ကမူ ထိုကဲ့သို့ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်းမှာ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်ဖြစ်ပြီး၊ မွတ်စလင်မဟုတ်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာလည်း အစ္စလာမ်သာသနာ၏ သွန်သင်မှုများနှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    “မွတ်စလင်အများစုရှိရာဒေသတွေမှာ မှီတင်းနေထိုင်ကြတဲ့ မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်သတ်ဖြတ်သူတွေဟာ ဂျန္နသ်နိဗ္ဗာန်ရဲ့ အနံ့ကိုတောင် ရှုရှိုက်ခွင့်ရမှာ မဟုတ်ပါဘူး။ နိဗ္ဗာန်ကိုလည်း ၀င်ရောက်ခွင့်ရမှာမဟုတ်ပါဘူး။ မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်သတ်ဖြတ်ခြင်းဟာ ဟရမ် (တာမြစ်ထားသည့်ကိစ္စ) ဖြစ်ပြီး၊ အစ္စလာမ်သာသနာက လက်မခံတဲ့လုပ်ရပ်ပါ” ဟု မက်စ်အွဒ်က ဆိုသည်။

    “မွတ်စလင်မဟုတ်သူတွေရဲ့ အသွေးအသား၊ ဂုဏ်သိက္ခာ၊ ချမ်းသာကြွယ်ဝမှု အားလုံးဟာ မွတ်လင်တွေနဲ့တန်းတူ တန်းဖိုးရှိပါတယ်”

    ဘင်္ဂလားဒေ့ရှ် အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့မှာ အကြမ်းဖက်တိုက်ခိုက်မှုများကို အစဉ်တစ်စိုက် ရှုတ်ချခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ကလည်း အကြမ်းဖက်ဝါဒနှင့် စစ်သွေးကြွဝါဒ၊ မွတ်စလင်မဟုတ်သူများအား အကြမ်းဖက်တိုက်ခိုက်မှု စသည်တို့မှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်များနှင့် ဆန့်ကျင်ကြောင်း ဖသ်ဝါဓမ္မသတ် ထုတ်ပြန်ခဲ့သည်။ ထိုဓမ္မသတ်တွင် နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ့်ပညာရှင်၊ ဥပဒေပညာရှင် စုစုပေါင်း တစ်သိန်းကျော် လက်မှတ်ရေးထိုးခဲ့ကြသည်။

    “တမန်တော်မုဟမ္မဒ်ရဲ့ သြ၀ါဒတော်အရ ပြောရရင် ဒီလိုလုပ်ရပ်တွေဟာ ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့သာ ထိုက်တန်ပါတယ်” ဟု မက်စ်အွဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကလည်း ထိုအကြမ်းဖက်တိုက်ခိုက်မှုမှာ အစ္စလာမ်သာသနာ၏ ပုံရိပ်ကို ညစ်နွမ်းစေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး ထိုအဖြစ်အပျက်အတွက် နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့သည်။

    Ref: VOA