By Artist Lagoon Eain
Blog
-
သူရဲသူမိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှု အတွက် တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်သွား မည်မဟုတ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ပြောကြား
ရဲမွန်
မြန်မာတိုင်းမ် မှ ကူးယူဖော်ပြသည်။
.
ပဲခူးတိုင်းဒေသကြီး၊ သူရဲသမိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဗလီအဆောက်အအုံအား လူစုလူဝေးဖြင့် ဖျက်ဆီးမှုအား အစိုးရက အရေးယူဆောင်ရွက်ရန် တောင်းဆိုနေကြသော်လည်း တရားဥပဒေအရ တစ်စုံတစ်ရာအရေးယူသွားမည် မဟုတ်ကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
.
ပဲခူးတိုင်းဒေသကြီးဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသူမိန် ကျေးရွာတွင် ဗလီအဆောက်အအုံအား လူပေါင်း နှစ်ရာခန့်က လူစုလူဝေးဖြင့် ဖျက်ဆီးခဲ့ပြီး မွတ်ဆလင် ဘာသာဝင်အမျိုးသားတစ်ဦးကိုလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ၄င်းအမျိုးသား၏ နေအိမ်ကိုမွှေနှောက်ရှာဖွေခဲ့ပြီး မွတ်ဆလင်သချိုင်းနှင့် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုကိုလည်း ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ သူရဲသမိန်ကျေးရွာရှိ မွတ်ဆလင်ဘာသာဝင် ၂၆၈ ဦးအနက် ၂၀၀ ကျော်မှာ နောက်ထပ် တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြပြီး တိုက်ခိုက်ခံခဲ့ ရသော အဗ္ဗဒူလ်ရာရှစ်အား နယ်မြေရဲစခန်းက ဇွန်လ ၂၈ ရက်နေ့ ညနေအထိ ထိန်းသိမ်းစောင့်ရှောက်ထား ခဲ့သည်ဟု သိရသည်။
.
သူရဲသမိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဆူပူသောင်းကျန်းမှု တွင် ပါဝင်ခဲ့သူများကို ဖမ်းဆီး ထိန်းသိမ်းပါက ထိုသို့သော ဖြစ်ရပ်များ ပိုမိုဖြစ်ပွားကာ အခြေအနေပိုမိုဆိုးရွားလာနိုင် ကြောင်း၊ သူရဲသမိန် ကျေးရွာနေ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် သာသာဝင်များအကြား ဆက်ဆံရေးကို တည်ငြိမ်စေရန် အတွက် ပြေလည်အောင် စေ့စပ်ပေးခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုတွင် ထိခိုက်နစ်နာခဲ့သော မွတ်ဆလင်ဘာသာဝင်များကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း
ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာတိုင်းမ်သို့ ပြောကြားခဲ့သည်။
.
လက်ရှိအချိန်တွင် ကျေးရွာပတ်ဝန်းကျင်ရှိ လုံခြုံရေးအင်အားကို တိုင်းဒေသကြီး ၀န်ကြီးချုပ်က တိုးမြှင့်ထားကြောင်းနှင့် နောက်ထပ် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကို ထပ်မံတာဝန်ပေးထားကြောင်း ဝေါမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးအုန်းလွင်က ပြောကြားခဲ့သည်။https://www.facebook.com/themyanmartimes/posts/10153620154665976
-
ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး လန်ဒန်မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြ
ဇွန် ၃၀ ၊ ၂၀၁၆
M-Media
သော်တာလွင်- သတင်းပေးပို့သည်။
.
ယနေ့ ၃၀-၆-၂၀၁၆ လန်ဒန်မြန်မာ သံရုံးရှေ့တွင် မြန်မာမွတ်စလင် အစည်းအရုံး (B.M.A) မှ ဦးဆောင်ပြီး ဘာသာရေး ဖိနှိပ်မှုများ ချုပ်ငြိမ်းရေး၊ သာသနိက အဆောက်အအုံများ ဖျက်ဆီးမှုရပ်တန့်ရေး အတွက် ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ဆန္ဒပြပွဲသို့ လန်ဒန်မှ မြန်မာ့မိတ်ဆွေများအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၊မြန်မာ့ရိုဟင်ဂျာအစည်းအရုံး တို့မှ တက်ရောက်ပြီး NLD အစိုးရလက်ထက် ဘာသာရေးပဋိပက္ခများ ဆက်လက်ဖန်တီးပြီး ဗလီများဖျက်ဆီးခြင်း အခြားဘာသာဝင်များအား ဖိနှိပ်ခြင်းကို
ရပ်တန့်ရန်တောင်းဆိုသည့်အပြင် အရှင်ဂမ္ဘီရ၊ ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်တို့နှင့် အခြားလူမျိုးရေး၊နိုင်ငံရေး၊ ဘာသာရေး ပုဒ်မများဖြင့် မတရား အကျဉ်းချခံထားရသော အကျဉ်းသားများ လွတ်မြောက်ရေး အတွက်လည်း တောင်းဆိုခဲ့ကြပါသည်။ -
ကာဂျစ္စတန်နှင့် ယီမင်သို့ ဆော်ဒီက အကူအညီများ ပေးပို့
ဇွန် ၃၀၊ ၂၀၁၆
M-Media– ကာဂျက်ကစ္စတန်နိုင်ငံက ငလျင်ဒဏ်ခံစားခဲ့ရသူတွေနဲ့ ယီမင်က စစ်ဘေးသင့်ပြည်သူတွေအတွက် ဆော်ဒီက ဘုရင်ဆလ်မန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး စင်တာ (KSRELIEF) က ကူညီထောက်ပံ့မှုတွေ ပြု လုပ်ခဲ့တယ်လို့ သိရပါတယ်။
ကာဂျစ်စ္စတန်နိုင်ငံကို ထောက်ပံ့ရေးလေယာဉ် ၃ စီး ပေးပို့ခဲ့တာဖြစ်ပြီး ယီမင်ကိုတော့ စားနပ်ရိက္ခာခြင်းပေါင်း ၅၀၀၀ နဲ့ စွန်ပလွန်သီး ၈.၅ တန် ပေးပို့ခဲ့တာပါ။ အဲဒီအကူအညီတွေဟာ လိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့ဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးဝေသွားမှာ ဖြစ်တယ်လို့ ၎င်းစင်တာကနေ ပြောကြားခဲ့ပါတယ်။
“အို့ရှ်ဒေသက ငလျင်ဒဏ်ခံစားရသူတွေအတွက် လူသားချင်းစာနာမှုအကူအညီ တန် ၁၀၀ ကို ဆော်ဒီက ပေးပို့ကူညီခဲ့ပါတယ်” လို့ ကာဂျစ္စတန် စီးပွားရေးဝန်ကြီးဌာန က အတည်ပြုခဲ့ပါတယ်။
ယီမင်ကို ပေးပို့တဲ့ အကူအညီတွေကတော့ တာအစ်ဇ်မြို့ကို ရောက်ရှိတာဖြစ်ပြီး ဒေသတွင်းက ဒုက္ခရောက်နေသူတွေကို ပေးဝေသွားမှာဖြစ်ပါတယ်။ နောက်ထပ် စားနပ်ရိက္ခာခြင်းပေါင်း ၅၀၀၀ နဲ့ စွန်ပလွံသီး တန် ၁၉၀ ကျော်ကိုလည်း ဆော်ဒီက ထပ်မံပေးပို့သွားဖို့ ရှိနေပါတယ်။
ယီမင်က ပညာရေးစနစ်ကို အထောက်အပံ့ဖြစ်စေဖို့အတွက် အသံလွှင့်ခြင်းနဲ့ လေ့ကျင့်သင်ကြားပေးခြင်းအပါအ၀င် ဆော့ဖ်ဝဲ စီမံကိန်းတစ်ခုကို အဲဒီစင်တာက ဆောင်ရွက်ခဲ့ပါသေးတယ်။ လာမယ့်နှစ် ပညာသင်နှစ်မှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ယီမင်ကျောင်းသားတွေကို အွန်လိုင်းကနေတစ်ဆင့် ပညာသင်ကြားရေး အစီအစဉ်ကိုလည်း ဆော်ဒီက ဆောင်ရွက်ဖို့ ရှိနေပါတယ်။
Ref : IINA
-
သူရဲသမိန်ကျေးရွာ မှ ပျက်ဆီးသွားသော ဗလီ သန့်ရှင်းရေးလုပ်ခွင့်ရ၊ ဝေါမြို့ရောက် မွတ်စလင်မ် ကျောင်းသား/ကျောင်းသူ တချို့ ပြန်လာမည်။
ဇွန် ၃၀ ၊ ၂၀၁၆
M-Media
သီဟ
.
(၂၉-၆-၂၀၁၆)ရက်နေ့တွင် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာ ကျေးရွာ တည်ငြိမ်မှု ထိန်းသိမ်းရေးပူးပေါင်းအဖွဲ့အား အလွှာပေါင်းစုံမှ ရွာသူရွာသားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ ပါဝင်သော (၄၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါအဖွဲ့တွင် ဒေသခံ အစ္စလာမ်ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင် များပါဝင်ဖွဲ့စည်းခဲ့ခြင်းကြောင်းသိရပါတယ်။
.
ယနေ့ ၃၀-၆-၂၀၁၆ ခုနှစ် မနက် ၁၀ နာရီခွဲတွင် အဆိုပါ ကျေးရွာတည်ငြိမ်မှုထိန်းသိမ်းရေးပူးပေါင်းအဖွဲ့မှ သူရဲသမိန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ကာ ဝေါမြို့မှာ ပြန်လာမည့် အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူ များအား သွားရောက် ကြိုဆိုခေါ်ဆောင်လာရန်နှင့် ပျက်စီးသွားခဲ့သော အစ္စလာမ်ဘာသာရေးအဆောက်အဦအား သန့်ရှင်းပြုလုပ်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့၏ FB စာမျက်နှာမှ သတင်းထုတ်ပြန်ထားပါတယ်။
.
Info and Photo-Bago Regional Police Force